ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်သွားမည့် မြန်မာ့
ကျောက်မျက်ရတနာ အရောင်းပြပွဲတွင် ယခင်အကြိမ်များထက် ကျောက်စိမ်းကျောက်မျက်
အတွဲများ ပိုမိုတိုးမြှင့် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်၌ ယခုနှစ်အတွင်း နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ၄၈
ကြိမ်မြောက် မြန်မာ့ကျောက်မျက်
ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၆၀၀၀
ဝန်းကျင်၊ ကျောက်မျက်တွဲပေါင်း ၂၀၆ တွဲ နှင့် ပုလဲအလုံးရေ စုစုပေါင်း ၂၉၀၀၀
ကျော်ကို ပြသရောင်းချခဲ့ရာ ယခုအကြိမ်တွင် ကျောက်စိမ်းတွဲပေါင်း
ငါးထောင်ကျော်ကို ပိုမိုပြသရောင်းချနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း
သိရှိရသည်။
“နေပြည်တော်မှာ ကျင်းပမယ့် ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းတွဲပေါင်း
ခန့်မှန်းခြေ နှစ်သောင်းဝန်းကျင်အပြင် တခြားကျောက်မျက် ရတနာပေါင်းစုံကို
ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပြပွဲကာလမှာ
လာရောက်ဝယ်ယူကြမယ့် ပြည်ပကုန်သည်တွေ အတွက် ဆက်သွယ်ရေး၊
သယ်ယူပို့ဆောင်ရေးတွေကို စနစ်တကျစီစဉ်မှုတွေ ပြုလုပ်ထားပေးမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီတစ်ကြိမ်မှာ လုံခြုံရေးပိုင်းကို စနစ်တကျ ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်” သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ
ရောင်းဝယ်ရေးလုပ်ငန်း မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက်ရတနာ ရောင်းရငွေ၏ ၁၀
ရာခိုင်နှုန်းကိုသာ ၀င်ငွေခွန်အဖြစ် ကောက်ခံသွားမည်ဖြစ်ကြောင်း သတ္တုတွင်း
ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“သက်ဆိုင်ရာကပြုလုပ်ပေးတဲ့ ကျောက်ပွဲတွေမှာ ပါဝင်ပြသ ရောင်းချနေတဲ့
ပြည်တွင်း ရတနာကုန်သည် တွေကို အခွန်ပိုင်းဆိုင်ရာ သက်သာမှုရှိအောင်
နိုင်ငံတော်က သတ်မှတ်ပေး ထားပါတယ်။ ဒီပွဲမှာ အရင်ပွဲတွေကထက်
ကျောက်မျက်ရတနာတွေ ပိုမို ရောင်းချနိုင်ဖို့ စီစဉ်ထားပါတယ်။ ကျောက်မျက်
ရတနာရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ၀င်ငွေခွန်အဖြစ် သတ်မှတ်
ကောက်ခံသွားမှာဖြစ်ပါတယ်” သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာ
ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါပြပွဲတွင် ပြည်တွင်း ကျောက်မျက်ရတနာဆိုင်များ၊ ကုမ္ပဏီများအပြင်
နိုင်ငံပိုင် ကျောက်မျက် ရတနာလုပ်ငန်းမှ ပါဝင်ရောင်းချသွားမည် ဖြစ်ပြီး
ဝယ်ယူသူများအတွက် ငွေပေးချေမှုကိုလည်း ကွန်ပျူတာစနစ် ဖြင့်
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှိရသည်။
ပြည်တွင်း ကျောက်စိမ်း ထုတ်လုပ်မှုပိုင်းတွင် ကျောက်စိမ်းထုတ်လုပ်နိုင်မှု
ပမာဏမှာ နှစ်စဉ်တိုးတက်လာပြီး ၂၀၀၅ ခုနှစ်တွင် ကျောက်စိမ်း ရောင်းရငွေမှာ
အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၈ သန်း ကျော်သာ ရှိခဲ့ရာမှ၂၀၁၀ ပြည့်နှစ်တွင်
အမေရိကန် ဒေါ်လာသန်းပေါင်း ၁၇၀၀ ကျော်အထိ ရရှိလာသည်။
ပြပွဲသို့ လာရောက်ဝယ်ယူသူများတွင် ပြည်တွင်းဝယ်လက်များ ထက် ပြည်ပမှ
ဝယ်ယူသူ အများစုလာရောက် ၀ယ်ယူမှုများရှိခဲ့ကြောင်း လာရောက်ဝယ်ယူခဲ့သည့်
ပြည်ပလူမျိုးများတွင် ကျောက်စိမ်းကို အသုံးအဆောင် ပစ္စည်းအဖြစ်
အသုံးပြုလေ့ရှိသည့် တရုတ်လူမျိုး အများဆုံးဖြစ်ကြောင်း ကျောက်စိမ်းဝယ်ယူမှု၏
ရာခိုင်နှုန်း အများအပြားသည် တရုတ် လူမျိုးများဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာ နယ်မြေများမှ ကျောက်မျက်ရတနာ ထွက်ရှိမှု
နှစ်စဉ်လျော့နည်း လာသော်လည်း ကျောက်စိမ်းထုတ်လုပ် ရောင်းချနိုင်မှုမှာ
နှစ်စဉ် တိုးတက်လာကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များထံမှ သိရှိရသည်။
ယခုအကြိမ် ကျောက်စိမ်း၊ ကျောက်မျက်၊ပုလဲအထူး ရောင်းချပွဲ နှင့်အတူ
မြန်မာ့ခရီးသွား မြှင့်တင်မှု အစီအစဉ်အဖြစ် မြန်မာ့ခရီးသွား ပြပွဲနှင့်
အစားအစာပြပွဲကိုလည်း နေပြည်တော်ရှိ သပြေကုန်းဈေးတွင် ကျင်းပသွားရန်လည်း
ရှိကြောင်း သိရှိရသည်။ |
No comments:
Post a Comment