စာမျက်နာ

Sunday, July 17, 2011

အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

Published on July 17, 2011 by ဒီဗွီဘီ   ·   No Comments
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်မှာ လာမယ့် ၁၉ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော် အာဇာနည်နေ့ အခမ်းအနားမှာ  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါရ၀ပြုမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
၂၀၁၁ ဇူလိုင် ၁၂ ရက်နေ့က အာဇာနည်ကုန်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် (ဓာတ်ပုံ- ရိုက်တာ)
အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးက “အရင်တုန်းက အချုပ်အနှောင်ခံရတော့ သူဟာ သွားပြီးတော့ ဖခင်အတွက် ပြန်လာလည်း အချုပ်ထဲနေရမယ်ဆိုတော့ မလွတ်လပ်တဲ့ လူတယောက်အနေနဲ့ မတက်ဘူးပေါ့ အခုတော့ လွတ်လပ်တဲ့ လူတယောက်အနေနဲ့ ကတော့ သူ့ရဲ့ဖခင် အာဇာနည်နေ့မှာတော့ တက်ရောက်ပြီးတော့ ဂါရ၀ပြုမယ်. ကန်တော့မယ်ပေါ့ဗျာ။ နောက် သူ့မိခင်ရှိတဲ့ ဂူလည်း သွားကန်တော့တတ်တယ်။ အဲဒါတော့ လုပ်မှာပါ အဲဒီနေ့ကျတော့၊”လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာတော့ သံဃာတော်တွေကို ဆွမ်းဆက်ကပ်ပြီး
အာဇာနည်နေ့အခမ်းအနားမှာ အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပွဲတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက အာဇာနည်ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြုဖို့ ပြင်ဆင်နေကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီးလည်းဖြစ် တပ်မတော်ဖခင်ကြီးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ  လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

No comments:

Post a Comment