စာမျက်နာ

Sunday, August 7, 2011

SGI အထည်ချုပ်စက်ရုံ ၀န်ထမ်းများ လုပ်ခလ​စာတိုးပေးရေး ဆန္ဒပြ

Published on August 6, 2011 by ရွှေအောင်   ·  
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုံ ၁ မှာ ရှိတဲ့ SGI အထည်ချုပ် စက်ရုံက အင်အား ၆၀၀၀ ကျော် ၇၀၀၀ နီးပါးရှိတဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတခု ဒီကနေ့ မနက်က ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြ အလုပ်သမားတွေဟာ သူတို့ရဲ့ လစာတွေ တိုးမြင့်ပေးဖို့၊ အများသူငါ ရုံးပိတ်ရက်တွေကို ပိတ်ပေးဖို့၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ စတဲ့ အချက် ၇ ချက်ကို တောင်းဆိုကြပါတယ်။ လုပ်ခလစာ ၆ သောင်းသာ ရရှိတဲ့အတွက် ကျပ်တသောင်း ထပ်မံတိုးပေးဖို့ကို အဓိက တောင်းဆိုခဲ့ကြပေမယ့်
စက်ရုံပိုင်ရှင် အနေနဲ့ လစာတိုးမြင့်ပေးရမယ့် အချက်ကို လုံးဝ မလိုက်လျောခဲ့ဘူးလို့ စက်မှုဇုံက ဆန္ဒပြပွဲ မျက်မြင်တဦးက ပြောပါတယ်။
“တောင်းဆိုတဲ့ အချက် ၇ ချက် ရှိတယ်ခင်ဗျ။ အဲဒီထဲက ၆ ချက်လောက်ကို လိုက်လျောတယ်။ လိုက်လျောတယ် ဆိုတာကလည်း အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အပြည့်အ၀ ခွင့်ပြုတာတော့ မဟုတ်ဘူး။ သူတို့ရဲ့ ရက်ပျက်ကြေးတွေကို တ၀က်လျော့ချပေးတယ်။ နောက်တခါ bonus ကြေးတွေ မြှင့်ပေးဖို့၊ OT ကြေးတွေ မြှင့်ပေးဖို့၊ ရုံးပိတ်ရက်တွေကို ပိတ်ပေးဖို့ တောင်းဆိုကြတာပါ။”
အလုပ်သမားတွေအနေနဲ့ လုပ်ခလစာကျပ်တသောင်း ထပ်မံတိုးပေးဖို့ကို ညှိနှိုင်းလို့ မရပါက နောက်ရက်တွေမှာပါ ဆက်လက် ဆန္ဒပြသွားမယ်လို့လည်း ဆိုပါတယ်။
SGI စက်ရုံဟာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ဒါဟာ ပထမဆုံး အကြိမ်ဆန္ဒပြတာ ဖြစ်တယ်လို့ အဲဒီ မျက်မြင်ကပဲ ပြောပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ လာရောက် ဖြေရှင်းပေးတာမျိုး ရှိပေမယ့် ညနေ လေးနာရီအထိ မပြေလည်သေးဘူးလို့ သိရပါတယ်။ လမ်းကြားတွေကအစ လုံခြုံရေး အပြည့်ယူထားပြီး အဖမ်းအဆီးတော့ မရှိဘူးလို့ မျက်မြင်က ပြောဆိုသွားပါတယ်။

No comments:

Post a Comment