ထိုင်းနိုင်ငံမှ
ထုတ်ပေးထားသည့် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်တွင် ပါရှိသော
နေရပ်လိပ်စာနှင့် အလုပ်အကိုင် အမျိုးအစား မတူညီခြင်းကြောင့် ဖမ်းဆီး
ချုပ်နှောင် ခံထားရသည့် ရေညှိမုန့် အလုပ်ရုံမှ မြန်မာအလုပ်သမား
(၇၆)ယောက်မှာ နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခံရမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ဘူထောင်မြို့ ဘတ်လပ်ယိုင်ကျေးရွှာ
ဘန်ကွေစိုင်နွိုင် ခြံအမှတ် ၄၈/၁၂၄-၁၃၁ရှိ ထောက်ကယ်နွိုင် (Tao Kae Noi)
ရေညှိမုန့် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် နေထိုင် အလုပ်လုပ်ကိုင်ခွင့်
လက်မှတ် အပြည့်အစုံရှိသော မြန်မာအလုပ်သမား (၁၀၆)ဦးမှာ လက်မှတ်တွင်
ပါရှိသည့် နေရပ်နှင့် အလုပ်အမျိုးအစား ကိုက်ညီမှု မရှိဟု ဆိုကာ ပြီးခဲ့သည့်
မတ်လ (၉)ရက်နေ့က ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထိုအထဲမှ အလုပ်သမားအချို့မှာ နည်အမျိုးမျိုးဖြင့်
လွတ်မြောက်သွားခဲ့ကြပြီး ယာယီပတ်စ်ပို့ ရှိသည့် အလုပ်သမား (၆)ဦး အပါအ၀င်
အမျိုးသမီး (၂၈)ဦးနှင့် အမျိုးသား (၄၈)ဦးမှာ မလွတ်မြောက်နိုင်ပဲ နွန်ထဘူရီ
အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရဆဲ ဖြစ်သည်။
အကျဉ်းကျ ခံနေရသည့် အလုပ်သမားများ၏ မိသားစုဝင် တချို့က
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့
(BAT)နှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့်
ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) အဖွဲ့များသို့ အကူအညီ တောင်းခံခဲ့သည်။
FED၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ဒီလိုအဖြစ်မျိုးက
ထိုင်းတစ်နိုင်ငံလုံးမှာ ဖြစ်နေတာ။ ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးပေါင်း
ဆောင်ရွက်မှု အားနည်းတယ်လို့ မြင်တယ်။ ထိုင်းအလုပ်သမား ဥပဒေဟာ အလုပ်သမားကို
အကာအကွယ် ပေးခြင်းထက် လုပ်ငန်းရှင်ကို အကာအကွယ် ပေးထားတာပဲ ဖြစ်တယ်။
ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ်မှာ ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ ပေါ်လစီတွေကို
ပြောင်းလဲဖို့ လိုတယ်။ ပြောင်းလဲသွားအောင် မြန်မာ အစိုးရအနေနဲ့
ဖိအားပေးဖို့ လိုပါတယ်”ဟု ပြောသည်။
မြန်မာအလုပ်သမားများ အနေဖြင့် အလုပ်သမားရေးရာ လုပ်ကိုင်နေကြသည့်
နိုင်ငံတကာနှင့် မြန်မာအဖွဲ့အစည်းများဖြင့် နီးနီးစပ်စပ်
နေထိုင်သင့်ကြောင်း၊ မိမိကိုင်ဆောင်ထားသည့် နေထိုင်ခွင့် စာရွက်စာတမ်း၏
အချက်အလက်များနှင့် ထိုင်းတွင် ပြဌာန်းထားသည့် ရွှေ့ပြောင်း
အလုပ်သမားဆိုင်ရာ ဥပဒေများအား လေ့လာထားသင့်ကြောင်း အဖွဲ့အစည်းများမှ
ထုတ်ဝေသည့် စာရွက်စာတမ်းမျာအား လေ့လားသင့်ကြောင်း ဦးထူးချစ်က အကြံပြု
ပြောဆိုသည်။
ကိုယ်တိုင်သွားရောက် ကူညီပေးသည့် BATအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက
“အလုပ်သမားတွေကို အလုပ်ခိုင်းတဲ့ လုပ်ငန်းရှင်ကတော့ ဘာမှမဖြစ်ဘူး။
အလုပ်ရှင် ပြောင်းမထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျနော်တို့ မြန်မာ
အလုပ်သမားတွေကို ထောင်ချတယ်။ ပြီးတော့ နယ်စပ်ကို ပြန်ပို့မယ်။
အလုပ်သမားတွေမှာ အကုန်ုအကျခံပြီး လုပ်ထားတဲ့ နေထိုင်ခွင့်
စာရွက်စာတမ်းတွေကို ရုပ်သိမ်းခံရမယ်။ ဆိုတော့ ထိုင်းအလုပ်သမား ဥပဒေက
ကျနော်တို့ မြန်မာအလုပ်သမားတွေကို နည်းလမ်းပေါင်းစုံနဲ့ ချုပ်ကိုင်ထားတာ
ဖြစ်တယ်”ဟု ပြောသည်။
စာရွက်စာတမ်းများ တရားဝင် ပြောင်းရွှေ့ခြင်းမှာ အလုပ်သမားများ
ကိုယ်တိုင်လုပ်၍ ရသည့် ကိစ္စ မဟုတ်ကြောင်း၊ တရားဝင် စာရွက်စာတမ်းများ
ရုတ်သိမ်းခံပြီးနောက် အလုပ်သမားများမှာ လူပွဲစားများနှင့်
နိုင်ငံအတွင်းသို့ ထပ်မံ ၀င်ရောက်လာမည် ဖြစ်သဖြင့် လူကုန်ကူးမှုကို အားပေးရာ
ရောက်ကြောင်း၊ ဤအဖြစ်အပျက်များအာ မြန်မာသံရုံး အလုပ်သမား ကူညီ
စောင့်ရှောက်ရေး အဖွဲ့သို့လည်း အကူအညီ တောင်းခံသွားမည် ဖြစ်ကြောင်း
ဦးကျော်သောင်းက ဆက်လက် ပြောဆိုသည်။ |
No comments:
Post a Comment