by Qing Minya ·
ကောင်းကင်ကား
ရဲရဲနီလေ၏။ ဖိနပ်မပါလေသော ဖဝါးပြောင်ပြောင်အောက်ဝယ် မီးကျီမီးခဲတို့ ကား
တမြည့်မြည့် လောင်ကျွမ်းနေ၏။ အသက်မဲ့ လူတိရိစ္ဆာန်တို့ ကား ဟိုဟိုသည်သည်
သွားလာကြကုန်၏။ မီးခိုးများ ဝေနေသော ဤလွင်တီးခေါင်အရပ်၏ အလယ်တွင်
တစ်ခုသော ဆိုင်းဘုတ်ကြီးသည် မားမားမတ်မတ် ကြိုဆိုနေလေ၏။
.
'ယမပြည်'
.
'ဟယ်....ငါ ငရဲပြည် ရောက်နေပါပကော။'
.
တစ်ခုသော ခန်းမကြီး၏ အလယ်တွင် စားပွဲ၊ ကုလားထိုင်နှင့် လူတစ်ယောက် ရှိလေ၏။ ထိုစားပွဲပေါ်တွင် 'ယမမင်း' ဟူသော စာတန်းလည်း ရှိ၏။ ထိုလူသည်ကား အသားညိုညို၊ ပုပု၊ ပြတ်ပြတ်၊ ရွှေမျက်မှန်ကြီး တဝင်းဝင်းနှင့် အမျိုးသားကြီး တစ်ဦးပင်တည်း။ ထိုလူသည် ယင်း၏ လက်ထဲမှ တက်ဘလက်ကို လက်ချောင်းတုတ်တုတ်ကြီးများဖြင့် တို့ ထိရင်း အသံသြကြီးဖြင့်
.
'ရှင်မင်းယာ .... ညည်းဘာကြောင့် ဒီကိုရောက်လာလဲ သိသလား'
.
'မသိပါဘူး။'
.
'ညည်းက တနေ့  တနေ့  ဖွဘုတ်ပေါ်မှာ မတာမ၊ မတာမ လို့ ဖရုဿဝါစာတွေ နင်းရေးတယ်။ ခုနစ်ရက် သားသမီး နားငြီးရလောက်အောင် အသဲဂျီးရေ၊ အသဲကွဲတယ်၊ ဘာညာနဲ့ တဗြဲဗြဲ ကုန်းအော်တယ်။ ညည်းကို ငါတို့  ယမပြည်ရဲ့ အီကြာကွေးရေနစ် ပုဒ်မနဲ့ နှစ်တစ်ရာ ဆီပူနဲ့ ကြော်မယ်။ စအိုဝကို ဆီအုန်းသားနဲ့ ထိုးပြီး တံသျှင်လျှိုသတ်မယ်။'
.
'အွင် .... အသဲကွဲတယ် အော်တာနဲ့ပဲ အကြော်ခံရမှာလား ယမမင်းရယ်။ ဒါဆိုရင် ပြည်သူတွေကို ကုတ်သွေးစုပ် တဲ့ ဟိုခရိုနီတွေကိုရော ဘယ်လိုအပြစ်ပေးသတုန်း။'
.
ယမမင်းမှ မျက်ခုံးလေး ဝင့်လျက်
.
'ခရိုနီတွေက ညည်းလို ငမွဲမဟုတ်ဘူးအေ့။ ပေးနိုင် ကမ်းနိုင်တယ်။ သူတို့ ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီမှာ စီးပွားရေး ဆက်လုပ်ခိုင်းထားတယ်။ အခု ညည်းကို ကြော်မယ့် စားအုန်းဆီနဲ့ ဆီအုန်းသားဆိုတာ သူတို့  သွင်းလာပေးတာအေ့။'
.
'တိန် .. ဒါဘာငရဲပြည်လဲ။ မတရားဘူး။ ဘုရားဟောထဲက ငရဲပြည်က ဒီလို မဟုတ်ပါဘူး။'
.
'ငရဲပြည် ခေတ်ပြောင်းသွားပြီလေ။ ညည်းမသိဘူးလား။ ဘုရားရှင် လက်ထက်တော်က ငရဲပြည် မဟုတ်တော့ဘူး။ အာဏာရှင် လက်ထက်ရောက်နေပြီ။ ငရဲပြည်ကို ငါအာဏာသိမ်းထားပြီ။'
.
'ရှင်ကြီးက ဘယ်လိုအာဏာသိမ်းသတုန်း။'
.
'အလွယ်လေးပါဟယ်။ ယမပြည် တစ်ခုလုံး ငါ့လူတွေ ပြည့်နေတဲ့ဥစ္စာ၊ သူ့ အလိုလို ငါ့ဟာဖြစ်တာပေါ့။'
.
'အမ် .. ဒါဆိုရင် ယမမင်းကြီးကရော ဘာမကောင်းမှုတွေလုပ်လို့  ဒီကို ရောက်လာတာတုန်း။'
.
'ညံ့ပ ရှင်မင်းယာရယ်။ တပြည်တည်းသားချင်းတောင် ညည်းက ငါ့ကို မသိဘူးလား။ အေးလေ။ ပြောပြရတာပေါ့။ ငါက မွေးကတည်းက ကောင်းမှုဆိုလို့ မယ်မယ်ရရကို မလုပ်ခဲ့ဘူး။ ငါ့သမီး၊ ငါ့မြေးတွေအတွက် သူများမျက်ရည်စက်နဲ့ အသက်ဆက်တယ်ဆိုပါတော့။ အဲ ... တစ်ခုပဲ၊ သေခါနီးကျမှ ခဏတဖြုတ် သေနတ်ကလေး ဘေးချပြီး စာလေး တစ်လုံး နှစ်လုံး ကောက်ပြီး ဖတ်လိုက်တယ်။'
.
ယမမင်းက ထိုသို့ ဆိုပါလေမှ ရှင်မင်းယာခမျာ သွေးရူးသွေးတန်း မျက်လုံးအစုံကို လက်ခုံဖြင့်ပွတ်လျက်
.
'အင် ... ဒီရုပ်ကြီး ... ညိုပုပ်ပုပ် ဆူတူတူကြီး ... မြင်ဖူးတယ် ... သတင်းစာထဲမှာလား။'
.
'တိန်! လက်စသတ်တော့ ယမမင်း ... ခင်ညားဂျီးဟာ ... ခင်ညားဂျီးဟာ... အမယ်လေး!!!'
.
(အညတရ ရသစာစုလေးဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။)
ရှင်မင်းယာ

No comments:
Post a Comment