မဇ္ဈိမသတင်းဌာန
|
တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၀၉ နာရီ ၃၉ မိနစ်
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံမြို့ဟောင်း ခရီးစဉ်နှင့် ပတ်သက်ပြီး မဇ္ဈိမက အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။
ဒေါ်စုကို ပန်းစည်းမကမ်းရန် ညွှန်ကြား
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ပုဂံနှင့် ညောင်ဦး ဘုရား၊ စေတီပုထိုးများသို့ ဒေါ်အောင်ဆန်းစုကြည်
လာရောက်ဖူးမျှော်လျှင် ဘုရားဂေါပက အဖွဲ့ဝင်များ ကြိုဆိုခြင်း၊
ပန်းစည်းကမ်းခြင်း မပြုရန် ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက
ညွှန်ကြားထားသည်။
“ဘုရားလူကြီးတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဘုရားဖူး တက်လာရင် ပန်းစည်းပေးတာတို့၊ ကြိုဆိုတာတို့ မလုပ်ရဘူးလို့
ပြောတယ်။ ကျနော်တို့ ဈေးသည်တွေတော့ မပေးနဲ့ ဘာညာ ပြောမထားဘူး” ဟု
ညောင်ဦးရှိ
ရွှေစည်းခုံ စေတီမုခ်ဦးတွင် ပုဂံအမှတ်တရ လက်ဆောင်များ ရောင်းနေသည့် ဈေးသည်တဦးက မဇ္ဈိမကို ပြောသည်။
ညောင်ဦးဈေးသည်များ ပန်းစည်းဖြင့် ကြို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာမနက်ပိုင်းတွင် ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးခရီးစဉ် ရှိကြောင်း ပြည်ပအခြေစိုက်
ရေဒီယို
သတင်းဌာနများမှတဆင့်သာ ညောင်ဦးမှ ဈေးသည်များ ကြားသိရပြီး၊ ယနေ့မနက်တွင်
ပုဂံရှိ မနူဟာ ဘုရားပေါ်၌ ပန်းစည်းများနှင့် သွားရောက်
စောင့်ဆိုင်းခဲ့ကြသည်။
“ဒီနေ့ နေ့လည် ၂ နာရီလောက်ထိ သွားစောင့်သေးတယ်။ မလာတာနဲ့ ပြန်လာတာ။ မနက်ဖြန် သွားပြီး
ပြန်စောင့်ကြမယ်။
ပန်းစီးတွေ ပေးကြမယ် ပြောတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေက ကြည့်ရတာ
လွယ်တယ်။ ကျမတို့ ဗိုလ်ချုပ်သမီးက တသက်မှာ တခါကြည့်ရဖို့ မလွယ်ဘူး။
မြင်ဘူးချင်လွန်းလို့” ဟု အင်္ဂါနေ့တွင် ဘုရားဖူးလာမည့်
ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းဖြင့် ကြိုဆိုမည့် ညောင်ဦးဈေးသည် တဦးက
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား တွေ့လိုကြသည့် ပခုက္ကူ၊ ပွင့်ဖြူ၊
ချောက်၊ ကမ္မ၊ ကျောက်ပန်းတောင်း စသည့် မြို့နယ်များမှ NLD
အဖွဲ့ဝင်အချို့လည်း ပုဂံနှင့် ညောင်ဦးသို့ လာရောက် စောင့်ဆိုင်းနေကြသည်။
“
ဒီနေ့ ချောက်ကလာတဲ့ လူငယ်အဖွဲ့ဝင် ၃ ဦးကို ဒေါ်စုတည်းတဲ့ ဟော်တယ်နဲ့
သိပ်မဝေးတဲ့ ပုဂံ ဝါးကျောင်းမှာ ဆရာတော်ကို သွားလျှောက်တော့ ဆရာတော်က
အာဏာပိုင်တွေ လာရစ်မှာကို မခံနိုင်လို့ လက်မခံရဲဘူး ပြောလို့ အခု
တည်းခိုခန်းမှာ ငှားပေးလိုက်ရတယ်” ဟု ညောင်ဦးမြို့ နိုင်ငံရေး အကျဉ်းသား
မိသားစုဝင် တဦးက ဆိုသည်။
ပုဂံရောက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရှိရန် အားခဲနေကြသည်ဟု မြို့ခံများက ပြောသည်။
ဟိုတယ်တွင် အနားယူ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၃၃ မိနစ်
ပုဂံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဘုရားဖူးထွက်မည်
မဟုတ်ဘဲ ဟိုတယ်တွင်ပင် အနားယူမှာဖြစ်ကြောင်း ခရီးစဉ်တွင် ကြိုဆိုရေး
လုပ်ဆောင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက
ပြောသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ ဒေါ်စုနှင့်တွေ့မည့် အစီအစဉ်ဖျက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်
ဘုရားဖူးလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ်အား
ပုဂံအနီးတဝိုက်ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက
ဖျက်သိမ်းလိုက်သည်။
“အန်တီစု အနားယူနေတဲ့အချိန်ကို
အနှောင့်အယှက်ပေးရာ မကျအောင် မတွေ့တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ အစက
တွေ့ဖို့ ရည်ရွယ်ပြီး လာခဲ့ကြတာ” ဟု ညောင်ဦးမြို့နယ်မှ ထောင်ဒဏ် ၅ နှစ်
ကျခံနေရသည့် ဦးဇော်ဇော်၏ ဇနီး ဒေါ်ဋ္ဌေးက မဇ္ဈိမကို ပြောသည်။
တွေ့ဆုံလိုသူများမှာ ၂ဝဝ၉ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း မန္တလေးတိုင်း ကျောက်ပန်းတောင်း၊ မြင်းခြံနှင့်
ညောင်ဦးမြို့များတွင်
နိုင်ငံရေး တက်ကြွလှုပ်ရှားသဖြင့် ထောင်ဒဏ် ၂ နှစ်မှ ၇၁ နှစ်ထိ
ချမှတ်ခံထားရသူ ၁၅ ဦး၏ မိသားစုဝင် ၂၀ ခန့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ဟောင်းသို့ ခရီးစဉ် ဗီဒီယိုသတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၅၉ မိနစ်
ငြိမ်းငြိမ်းချမ်းချမ်း
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၅၉ မိနစ်
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ကြိုဆိုခြင်း မပြုရန်
ကြိုတင် မှာကြားထားမှု ရှိသည်ဟု ပါတီ သတင်းရပ်ကွက်များက ပြောသည်။
ခရီးစဉ်နှင့် လိုက်ပါသွားသူ သတင်းထောက် တယောက်က “ ပတ်ဝန်းကျင်က အေးဆေးပဲ၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ” ဟု ပြောသည်။
“လုံခြုံရေးကတော့
အရပ်ဝတ်တွေနဲ့ ၃ဝ လောက်ရှိတယ်၊ ဟိုတယ် ပရဝဏ် အပြင်မှာပေါ့။ တနေရာမှာ ၄၊ ၅
ယောက်လောက် စုစုပြီး နေကြတယ်။ အတွင်းပိုင်းမှာရော၊ အပြင်ဘက်မှာ သူ့ဘာသာသူ
လာပြီး လုံခြုံရေး ယူပေးတာ အများကြီး ရှိတယ်။ အရပ်ဝတ်တွေနဲ့ရော အက်စ်ဘီ၊
စရဖရော ၃ဝ လောက်ရှိတယ်။ ဟိုတယ်ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ အဝင်အထွက်ကို
ကြည့်ပြီးတော့ စောင့်ကြည့်နေတယ်”
ဒေါ်စု ခရီးစဉ်အတွင်း လိုက်ပါသွားသည့် သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။
သတင်းစာဆရာများမှာ ဟိုတယ်ရှေ့တွင် စောင့်ဆိုင်း
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၃ မိနစ်
ဒေါ်အောင်ဆန်းစုကြည်မှာ ဟိုတယ်ထဲမှာပင် ရှိနေသေးပြီး ခရီးစဉ်ကို ကြိုမသိသေးသော သတင်းစာဆရာများမှာ ဟိုတယ်ရှေ့တွင် စောင့်ဆိုင်းနေကြသည်။
ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၂ မိနစ်
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ရှိ Bagan Hotel River View သို့
ရောက်ရှိလာချိန်တွင် ဟိုတယ် ဝန်ထမ်းတဦးက ပန်းစီးကမ်း
ကြိုဆိုနှုတ်ဆက်နေသည်ကို တနင်္လာနေ့ ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။
ဓာတ်ပုံ- မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည်အား NLD အဖွဲ့ဝင်များ လာရောက်ကြိုဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ်
လာရောက်ကြိုဆိုကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို တနင်္လာနေ့
ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါး
ပုဂံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသောအားဖြင့်
သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါးကို တွေ့ရစဉ်။
ဓာတ်ပုံ- မဇ္ဈိမ

ဒေါ်စု ပုဂံရောက်ပြီ
အဲမန္တလေးလေကြောင်းဖြင့် လိုက်ပါလာသော ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာနေ့ နံနက်
၈ နာရီ ၂ဝ မိနစ်တွင် ညောင်ဦးလေဆိပ်သို့ ရောက်ရှိပြီး
ယခုသတင်းပေးပို့ချိန်တွင် Bagan Hotel River View တွင် ရောက်ရှိနေပြီဟု
မဇ္ဈိမသတင်းထောက်က ပေးပို့သည်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏
သမီးက ညောင်ဦးလေဆိပ်မှ ပုဂံရှိဟိုတယ်သို့ ကားဖြင့်သွားသည့် ၁၂ မိနစ်ကြာ
ခရီးတွင် ဒေသခံ ပြည်သူများမှ ၇ ယောက်တဖွဲ့၊ ၅ ယောက်တဖွဲ့ တို့မှ လက်ပြ
နှုတ်ဆက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ထွက်ခွာ
ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာ အပြီး ပထမဆုံး
နယ်ဘက်ခရီးစဉ် ဖြစ်သော ပုဂံရှေးဟောင်းမြို့တော်သို့ အဲမန္တလေး လေကြောင်း
ဖြင့် တနင်္လာနေ့နံနက်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးအဖြစ် ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဦးကျော်စိုးနိုင်တို့လည်း လေယာဉ်
တွင် တပါတည်း လိုက်ပါသွားသည်။
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်သည် ပုဂံရှိ Bagan Hotel River View
ဟိုတယ်တွင် ၄ ရက်ကြာ တည်းခိုမည်ဖြစ်ပြီး လာမည့် သောကြာနေ့တွင် ရန်ကုန်သို့
ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
ခရီးစဉ်သည် နိုဝင်ဘာ ၁၃ ရက်၊ ၂ဝ၁ဝ
ပြည့်နှစ် နေအိမ်အချုပ်မှ သူ လွတ်မြောက်လာပြီးနောက် ရန်ကုန်မြို့
အပြင်ဘက်သို့ ပထမဆုံး ထွက်ခွာခြင်း ဖြစ်သည်။ မန္တလေးတိုင်းမှ NLD အဖွဲ့ဝင်
အယောက် ၂၀ ခန့် တနင်္ဂနွေနေ့ ကတည်းက ပုဂံသို့ သွားရောက်ကာ စောင့်ကြိုနေကြပြီ
ဖြစ်သည်။
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော
ဒေါ်အေင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းက တနင်္ဂနွေနေ့ နံနက်ကတည်းက ကားဖြင့်
ပုဂံသို့ သွားရောက်ခဲ့သည်။ ကိုထိန်လင်းနှင့် အတူ NLD လူငယ် ၁၄ ယောက်လည်း
လိုက်ပါသွားခဲ့သည်။
မိသားစု ခရီးစဉ် ဖြစ်နေခြင်းနှင့် လူထု
ထောက်ခံမှုများပြားပြီး ရှုပ်ထွေးမှုများ ဖြစ်မည်စိုးသောကြောင့် ပုံမှန်
လုံခြုံရေးအဖြစ် NLD အဖွဲ့ဝင် အနည်းငယ်သာ လိုက်ပါသွားခြင်း ဖြစ်သည်ဟုလည်း
အန်အယ်ဒီ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဆိုသည်။
“လုံခြုံရေးကတော့
ကျနော်တို့ ပုံမှန်လောက်ပါပဲ။ လေကြောင်းလိုင်းတွေမှာလည်း လုံခြုံရေး
ရှိတယ်လေ ။ ကျနော်တို့က ထွေထွေထူးထူးတော့ သိပ်မလိုဘူး ဘာ့ကြောင့်လဲဆိုတော့
လူကြားထဲမှာ ထင်ယောင်ထင်မှား ဖြစ်မှာလည်း စိုးတယ် အဲဒီတော့ ကျနော်တို့
ပုံမှန် လှုပ်ရှားမှုနဲ့ပဲ လှုပ်ရှားကြတာပါ” ဟု ဦးဝင်းထိန်က ပြောသည်။