by Zay Yar on Thursday, July 7, 2011 at 2:21pm(ဆောင်းပါးရှင် ကိုဇေယျာ)
“စွယ်တော်ကဖေး”ရဲ့ သွက်လက်ချက်ချာတဲ့ စားပွဲထိုးလေးရဲ့ စူးရှရှမှာကြားသံက.. ဆိုင်ကောင်တာထောင့် ဆောင်း ဘောက်စ်(sound box) လေးဆီက မတိုးမကျယ် ထွက်ပေါ်နေတဲ့ တေးသံရှင် စိုင်းဆိုင်မော့ဝ်ရဲ့ “တောင်ပြာတန်းကသိပါတယ်” သီချင်းကို ထွင်းဖောက်သွားစေခဲ့၏။
တောက်ပခဲ့တဲ့နေ၀န်းက တစ်နေ့တာထွန်းလင်းပြီးတာမို့ ငါ့တာဝန်ပြီးပြီဆိုတဲ့ ခပ်ပြုံးပြုံးအမူအရာနဲ့ အနောက်ဂေါ်ရာကျွန်းဆီ ငုပ်လျှိုးမကွယ်ပျောက်မီအထိ ပီတိဖြစ်စရာ ကြည်နူးစရာ ဆည်းဆာညနေခင်းကို ဖန်ဆင်းပေးခဲ့လေရဲ့….။
“စွယ်တော်”ဆိုတာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)၊ အမှတ်(၅၁၅)ဆက်သွယ်ရေးတပ်ရင်း(ဆသရ-၅၁၅)၊ အမှတ်(၉၀၄)စစ်မြေပြင်အင်ဂျင်နီယာတပ်(၉၀၄ ဘီအီး)နဲ့ အမှတ်(၉၅၇)ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ဆိုတဲ့ တပ် ၄ တပ် ရဲ့အလယ် မုဒုံ-မော်လမြိုင်ကားလမ်းရဲ့တစ်ဖက်မှာရှိတဲ့ဆိုင်။
ထိုင်နေကျလူအတော်များများကလည်း စစ်သားနဲ့ အနီးနားက လူငယ်လူရွယ်တွေ..။ အစားအသောက်ကလည်း စိတ်တိုင်းကျ.. ဆက်ဆံရေးကလည်းပြေပြစ်တဲ့အပြင် အထာညက်တဲ့ဆိုင်ရှင်က စားသုံးသူပမာဏကို ချိန်ဆပြီး စစ်သားများရင် စစ်သားတွေအကြိုက် သီချင်းလေးတွေ… ကျောင်းသားနဲ့ အခြားလူငယ်လူရွယ်လေးတွေများရင် လူငယ်ကြိုက် ကိုထီးတို့ ကိုတိုးကြီးတို့ ခိုင်ထူးတို့ အစရှိတဲ့တေးသံရှင်တွေရဲ့ သံစဉ်လေးတွေကို ဖွင့်ပေးတတ်၏။ ဘယ်သံစဉ်ပဲဖြစ်ဖြစ် နှစ်ဘက်စလုံးက နှစ်သက်လက်ခံနိုင်တဲ့ သံစဉ်လေးတွေမို့ ပဋိပက္ခဆိုတာ တစ်ခါမှ မရှိဘူးပေ…။
စားပွဲထိုးလေး အရင်ဆုံးချပေးတဲ့ ဆေးလိပ်ကို ဆွဲယူဖွာရှိုက်ရင်း “ငါ မင်းတို့ကိုပြောစရာရှိတယ် သူငယ်ချင်း” ဆိုပြီး ဖိုးတေက အစပျိုးလာတော့… လှမျိုးက “မင်းကလဲကွာ အထာကိုင်ပြန်ပြီ စကားပလ္လင်တွေ ဘာတွေခံနေ ရသေးတယ် ပြောမှာဖြင့်ပြောပေါ့ကွ” လို့တုန့်ပြန်တော့ ကျော်သင်းကလည်း “အေးလေ ဟုတ်သားပဲ” လို့ဝင်ထောက်လေ၏။
“ဒီလိုကွ ငါမနက်ဖြန် မော်လမြိုင်စစ်သားစုဆောင်းရေးကိုသွားတော့မလို့
အိမ်ကိုလည်းခွင့်တောင်းပြီးပြီ၊ နောက် နောင်ကို ခုလိုလွတ်လွတ်လပ်လပ်နဲ့ တို့တတွေဆုံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးထင်ပါတယ်ကွာ.. ဒါကြောင့် ငါစိတ်မကောင်းလို့ပါ” လို့တစ်ဆက်တည်း ပြောလာ၏။
“ဟာကွာ… တိုက်ဆိုင်လိုက်တာ ငါလည်းအဲဒါပြောဖို့ကွ၊ ငါ့ဦးလေးက ငါ့ကိုရေတပ်ထဲဝင်ဖို့ လျှောက်လွှာ တင်ပေးထားတာ လက်ခံကြောင်း အကြောင်းပြန်လာတယ်။ မောရ၀တီရေတပ်စခန်းကို မနက်ဖြန်သတင်းပို့ရ မယ်တဲ့.. ငါလည်းပြောမထွက်လို့ မပြောသေးတာလို့ ကျော်သင်းက ရင်ဖွင့်လာ၏။
“ဟင်… တို့က တိုင်ပင်ပြီးလုပ်ထားတာကျနေပါလား ငါလည်းဘာထူးလို့လည်းကွာ အဖေကငါ့ကို လေတပ်ထဲ ၀င်ဖို့ စီစဉ်ထားပြီးပြီ။ မကြာခင်သွားရတော့မယ်ကွ။” လို့ ပြောလာတော့ တစ်ယောက်ကိုတစ်ယောက် ကြေကွဲတဲ့ အကြည့်လေးတွေနဲ့ နှုတ်ဆိတ်ပြီး ကြည့်နေကြလေရဲ့..။
အိမ်က လစ်ရင်… မ၊ ရရင်..တို၊ နေညိုရင် ဒေါင်ဆိုင်ပြေး… ဆေးလိပ်လေးဖွာ လေကန် လက်ဖက်ရည်သောက် ဆိုင်ရှေ့ကဖြတ်လျှောက်တဲ့ မိန်းကလေးတွေကို မလွတ်တမ်းငေး… ဆိုတဲ့ ကိုယ်စီလုပ်ပိုင်ခွင့်ရသလေးတွေ အဲဒီညမှာ အဆုံးသတ် သွားတော့၏။
တလှုပ်လှုပ် တရွရွနဲ့ ဘ၀ခရီးကို တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် ဆိုင်ရာဝန်းကျင်မှာ ဖြတ်သန်းနေရတာ မို့ အချိန်ဆိုတာ တစ်ခါတစ်လေ ကုန်ခဲလေစွ လို့ထင်တတ်ကြသလို တစ်ခါတစ်ခါတော့လည်း ကုန်မြန်လေခြင်း လို့ ယူဆတတ်ကြ၏။ လုံ့လ၀ိရိယကောင်းတဲ့ ရာသီစက်ဝန်းက တစ်ပတ်ပြီးတစ်ပတ်လည်ပတ်မှုကြောင့် နွေပြီးရင်မိုး၊ မိုးပြီးရင်ဆောင်း၊ ဆောင်းပြီးရင်နွေ ဆိုပြီး အကြိမ်တွေ မရေတွက်နိုင်အောင် ပြောင်းခဲ့ပါရော့လား… ထို့အတူ ကံကြမ္မာရဟတ်၏ လှည့်ပတ်တုန်ခါမှုကြောင့် လွင့်စင်ထွက်သွားတဲ့အစက်ကလေး ၃ စက်ဟာ ဆုံမှတ် တစ်ခုပေါ်မှာ ပြန်ကြုံကြ၏။ ရှေးရေစက်မကုန်ဘူးဆိုတာ ဒါမျိုးထင်ပါရဲ့။
နိုင်ငံတော်ကာကွယ်ရန်ဆိုတဲ့ ဘုံရည်မှန်းချက်က တူပင်တူသော်ငြားလည်း နေရာဌာနကွဲ၏။ အရောင်ကွဲ၏။ ထို့အပြင် ထမ်းဆောင်ရတဲ့တာဝန်တွေကလည်း အဘယ်မှာတူညီနိုင်ပါမည်နည်း။ တစ်ဦးက ကြည်းတပ် စစ်သည် ၊ တစ်ဦးကရေတပ်စစ်သည်နဲ့ ကျန်တစ်ဦးက လေတပ်စစ်သား အတူနေအတူစား အတူသွားပေမယ့် မတူတဲ့လမ်းတွေ ကိုယ်စီဖြတ်လျှောက်ရလေ၏။
အမှတ် ၃ ခုကို ကံဇာတ်ဆရာရဲ့ ထူးဆန်းတဲ့ပြကွက်ကြောင့် တစ်ကျော့ပြန်ဆုံစည်းစေတာက( ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး တစ်ခုမှာပေါ့။ ကြည်းတပ်စစ်သားလေးက အပြာရောင်နဲ့ ကာကီရောင်တွေကြားမှာ “ငါ့ ငယ်သူငယ်ချင်းများ ပါလေမလား” ၊ ရေတပ်စစ်သားကလည်း အစိမ်းရောင်နဲ့ကာကီရောင်တွေကြားမှာ “ငါ့ငယ်သူငယ်ချင်းများ ပါလေမလား” ၊ လေတပ်စစ်သည်လေးကလည်း အစိမ်းရောင်နဲ့ အပြာရောင်တွေကြား မှာ “ငါ့သူငယ်ချင်းများ ပါလေမလား” ဆိုပြီး စူးစမ်းကြ၊ရှာဖွေကြ၊ မေးမြန်းကြရတာ တစ်မျိုးတော့ ကြည်နူးစရာ ပင်။ ရှာဖွေမှုရလဒ်အဆုံးက “ဟာ… ဟေ့ကောင်တွေ” လို့ အားပါးတရ အော်ဟစ်ပြေးပြီး ထွေးပွေ့ခွင့်ကို သူတို့ ပိုင်ဆိုင်ရ၏။
ဆိုင်ရာဆိုင်ရာတာဝန်တွေ လေ့ကျင့်မှုတွေ ပြုပြီးသကာလ အနားရမယ့် စနေ၊တနင်္ဂနွေ ဆိုတဲ့ ချိုမြိန်တဲ့ရက်က တံခါးဖွင့်လျက် ကြိုဆိုနေ၏။ ဧရိယာလေးက ကျဉ်းတယ်ထင်ရတဲ့ မြန်မာပြည်လေးဟာ ပြန်ဆုံခွင့်မရအောင် ဝေးကွာခြင်းကံရဲ့ လှည့်စားမှုဒဏ်ကိုခံရပြီးနောက် အတွေးအခေါ်အယူအဆနဲ့ ဘ၀တွေဟာ ရင့်ကျက် ပြောင်းလဲ ကုန်ကြ၏။ ရင့်ကျက်မှုနဲ့အတူ စုံလင်တဲ့အတတ်ပညာတွေကိုလည်း တတ်မြောက်ခဲ့၏။ ထိုများမြောင်လှတဲ့ အတတ်တွေထဲမှာ စစ်သည်အတော်များများ ကျွမ်းကျင်စွာတတ်မြောက်ခဲ့တာက ယမကာ မှီဝဲခြင်း ဆိုတဲ့ ဘာသာရပ်ပေါ့။
ဟော… အခုလည်း အနေဝေးခဲ့တဲ့ သံယောဇဉ်ကြိုးလေးသုံးပင် ယှက်လိမ်ပြီးတော့ မတိုင်ပင်ဘဲဦးတည်လိုက် တာက “ခရေရိပ်” လို့ခေါ်တဲ့ မူးယစ်ရီဝေစေတတ်သော စားသောက်ဖွယ်ရာတွေကို စုံလင်စွာ သိုမှီးထားရာ အရပ်ပေါ့….။
“နံပါတ်တူးက ၀ီတစ်တောင့် ဆော်ဒါပါတွဲဖောက်မယ် ကုန်းဘောင်နဲ့ ပလိန်းကဇွန်း အစွန်းထွက်ရေခဲ ပါမယ် export တသေတ္တာ တွန်းချပေးဆရာရေ…”
အကယ်၍များ မြန်မာစကားရေရေလည်လည်တတ်တဲ့ နိုင်ငံခြားသားတစ်ယောက်တလေများ ခရေရိပ် ရှေ့လမ်းပေါ်က ဖြတ်လျှောက်သွားခဲ့ရင် “ဘယ်လောက်အနုပညာဆန်လိုက်သလဲ.. အရက်နဲ့အမြည်းမှာတာ ဘယ်တက္ကသိုလ်မှာများ သင်ထားကြပါလိမ့်” ဆိုပြီး တွေးကောင်းတွေးမိမယ်ထင်ပါရဲ့။ ငါ့နိုင်ငံမှာထက်စာရင် အများကြီး သာတာပေါ့ ဆိုပြီး ချီးကျူးမှာ ကြိမ်းသေပေါ့…။
အတွေ့အကြုံနဲ့ အသက်အရွယ်တွေရလာပေမယ့် ပယင်းရောင်ထနေတဲ့ ယမကာရဲ့ အရောင်ချယ်မှု ကြောင့် သူတို့ရဲ့မျက်နှာလေး ပန်းရောင်သမ်းပြီး နီမြန်းလာလေ၏။ ငယ်မူငယ်သွေးကြွပြီး ဇာတိတွေပြ လာတော့၏
အတိတ်တွေကိုလွမ်းကြ၏
ဖြတ်သန်းမှုအတွေ့အကြုံတွေကို ရှယ်ကြ၏
မထိတထိကလိကြ၏
စကားနာထိုးကြ၏
“ဟေ့ရောင်…ကျော်ကြီး ငလှ ငါတော့ဝေဟင်စစ်သည်ဖြစ်ရတာ ဂုဏ်ယူတယ်ကွ…ခေတ်မီတိုးတက်တဲ့ ငါတို့ လေတပ်မတော်ကြီးမှာ သုံးတဲ့အကောင်းစားလေယာဉ်တွေ ရေရေလည်လည် မိုက်တယ်ကွာ…တစ်စီး တစ်စီးကို ဒေါ်လာ သန်းချီပြီးပေးရတာကွ…အဆင့်မြင့်တဲ့တပ်ကဆိုတော့ ငါကမင်းတို့ထက် သာတယ်ကွ တန်ဖိုးရှိတယ်ကွ…ဟဲ..ဟဲ ဝေါ့….အေ့” ပျို့ထွက်လာတဲ့လေသံအဆုံး ကဇွန်းပလိန်းကို ၀ါးပြီး ကြွားတာကို-
အဏ္ဏ၀ါစစ်သည်က “ဟေ့ကောင်…ဟေ့ကောင် အပိုတွေပြောမနေနဲ့ ငါတို့ရဲ့ခေတ်မီ (ရေ) တပ်မတော် မှာသုံးတဲ့ စစ်သင်္ဘောတွေပေါ် မင်းလိုက်ဖူးရင် လှိုင်းမူးတာနဲ့ ရူးသွားမယ်ကိုယ့်လူ.. စစ်သင်္ဘောတစ်စီးရဲ့တန်ဖိုး ဟာ မင်းတို့ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စုတာတောင်မရဘူး ကိုယ့်လူ..မလုံလောက်ဘူးကွ.. ဒါကိုနားလည် ထားစမ်းပါ။ မင်းကတန်ဖိုးရှိသလို ငါလည်းတန်ဖိုးရှိတာပဲကွ..ဘိန်းစားချင်းတူ တစ်လုံးပိုမရှုနဲ့ကွ…ဟား.ဟား…
ဟား…တစ်ပြိုင်တည်း (ကြည်း)တပ် စစ်သည်တော်ကြီးက--
“ဟေ့ ဟေ့ ဟေ့ လေသရဲနဲ့ ရေဘ၀ဲ မင်းတို့ကိုယ် မင်းတို့ တန်ဖိုးရှိတယ်ဆိုပြီး အကြွား မထူနဲ့ အရောင်တွေစွတ်တင်မနေနဲ့ ဟိုးခပ်လှမ်းလှမ်းမှာရှိတဲ့ ဈေးထဲကိုသွားကြည့်လိုက်ဦး” လို့ပြောလိုက်တော့ ဝေဟင်စစ်သည်တော်နှင့် အဏ္ဏ၀ါစစ်သားကြီးက “ဘာဆိုလို့တုန်းကွ” လို့ ပြိုင်တူမေးလေ၏။
ဟား..ဟား.. ဟား… ဆိုင်တာပေါ့ကွာ ဆိုင်တာပေါ့ ဈေးထဲမှာလေတစ်ခါထိုးမှ တစ်မတ် (၂၅ပြား)၊ ရေ တစ်ခွက်မှ တစ်ကျပ် ကြေး တစ်ပိဿာ ၁၈၀ တောင် မောင်ရေ ဒါကြောင့် မင်းတို့တန်ဖိုးက ငါ့အစွန်းအထွက် တောင်မရှိဘူးကွ.. ငါပြောချင်တာ ပြောင်းပြန်ကြည့်လိုက် ကိုယ့်လူ… ပြောင်းပြန်ကြည့်လိုက်..ပြောင်းပြန်ကြည့် မှမြင့်တဲ့ တန်ဖိုးဆိုတာ ငါကွ..ငါ..ဆိုပြီး ကြွားလုံးထုတ် ကျသင့်ငွေရှင်းပြီး ပုခုံးဖက်ကာ ထွက်သွားကြလေသည်။
သူတို့စကားကို စုံလင်တဲ့သံစဉ်တွေကြားက ထင်ထင်ရှားရှားကြားမိတာကတော့-
ပြောင်းပြန်ကြည့်မှ မြင့်တဲ့တန်ဖိုး..
ပြောင်းပြန်ကြည့်မှ မြင့်တဲ့တန်ဖိုး..
ပြောင်းပြန်ကြည့်မှ မြင့်တဲ့တန်ဖိုး....။
ဇေယျာ (တပ်ပြေး)
မှတ်ချက် ။ ။ စစ်သည်တော်များ လမ်းလွဲနေသော အတွေးအခေါ်နင့် မှားယွင်းနေသော တန်ဖိုးထားမှုများ ကင်းဝေးနိုင်ကြပါစေ မှန်ကန်သော အတွေးအခေါ်ကောင်းများပေါ်ထွက်လာပြီး ချစ်စရာကောင်းသော ဓလေ့စရိုက်များနှင့်အတူ ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်တည်နိုင်ကြစေရန် ရည်ရွယ်ပါသည်။
No comments:
Post a Comment