( ရှင်မင်းယာ)
.
ရှင်မင်းယာ ကြုံတွေ့ ခဲ့ရသော အကျိုးဆောင်သည်ကား နိုင်ငံရပ်ခြားသို့  သွားရောက် အလုပ်လုပ်ကိုင်သူများကို အခကြေးငွေယူ၍ ဝန်ဆောင်မှုပေးသော အလုပ်ပွဲစားတပိုင်း လူပွဲစားတပိုင်းများ ဖြစ်ပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ပါသည်။ ထိုစဉ်က ရှင်မင်းယာသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ပါသည်။ မတွေ့တာ ကြာပြီဖြစ်သော မိခင်ကြီးအား ခဏတာ ရန်ကုန်ပြန်၍ တွေ့ဆုံပြီးနောက် အပြန်ခရီးကို MAS (Malaysia Lines) ဖြင့် စီးနင်းလိုက်ပါ လာပါသည်။ စပ်စပ်စုစုနိုင်လှသော ရှင်မင်းယာသည် ဟိုဟိုသည်သည် တောင်ကြည့်မြောက်ကြည့် ငေးမောရင်း ဘေးခုံမှ မြန်မာတိုင်းရင်းသားဖြစ်ဟန်တူသော ခရီးသည်များကို သတိထားမိသွားပါသည်။ ပျင်းပျင်းရှိသည်နှင့် သူတို့ နှင့် စကားစမြည် ပြောဆိုပါသည်။
.
အဆိုပါ တိုင်းရင်းသားကလေးများကား မြန်မာပြည်အနောက်ပိုင်းရှိ တောင်ထူထပ်သော ပြည်နယ်တစ်ခုမှ ဖြစ်ပါသည်။ စုစုပေါင်း ကျားမ လူငယ် လေးငါးခြောက်ဦးခန့်  စုစည်း၍ ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာပါသည်။ အသက် ၁၉ နှစ်သာသာ ကလေးများ ဖြစ်ကြပါသည်။မိန်းကလေး နှစ်ဦးပါပါသည်။ သူတို့ ၏
အကျိုးဆောင်မှာ တာမွေဘက်မှ ဝက်သားရှောင်ကြဉ်သော အမျိုးသားတစ်ဦး ဖြစ်ပါသည်။ သူတို့ အားလုံးသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် ဂဏန်း (၇)လုံးရှိသော အကျိုးဆောင်ခအတွက် အိမ်ပေါင်၊ ယာပေါင်ကာ စွန့် စားလာသူများပင် ဖြစ်သည်။ ထုံးစံအတိုင်းပေါ့ ... ရှင်မင်းယာ လျှာတော်ရှည်ပြန်ပါပြီ။
.
'ငါ့မောင်လေး၊ ညီမလေးတွေက မလေးရှားနိုင်ငံ ဘယ်မြို့ ၊ ဘယ်စက်ရုံမှာ အလုပ် လုပ်မှာလဲ။'
.
'မသိဘူးအစ်မ။ ပွဲစားအစ်ကိုကြီးက ဖီးကောလင်းတဲ့။ အလုပ်ကို ဟိုရောက်မှ ရှာမယ်တဲ့။'
.
'အင် .. အလုပ်ကို ဘယ်သူရှာပေးမှာလဲ။ ပိုက်ဆံဘယ်လောက် ယူလာလဲ။'
.
'ဟိုမှာ အလုပ်တွေက အရမ်းပေါတယ်တဲ့။ အရမ်းရှာရ လွယ်တယ်တဲ့။ ကျွန်မ ၁၀ ဒေါ်လာ ယူလာခဲ့တယ်။'
.
ရှင်မင်းယာသည် ရုတ်ချည်း လေသင်တုန်းဖြတ်သလို ဖြန်းခနဲ ဖြစ်သွားရသည်။ မလေးရှားတွင် အနေကြာသူပီပီ မလေးရှားအကြောင်းကို အသင့်အတင့် အထာနပ်နေပါပြီ။ ဤငွေသည် ထိုစဉ်က မလေးရှားရင်းဂစ် ၃၀ ခန့်နှင့် ညီမျှပါသည်။ ထမင်းတစ်နပ် ရင်းဂစ်သုံးကျပ်ရှိသော ကာလဒေသတွင် ငွေသုံးဆယ်ကို ဘယ်နှစ်ရက် သုံးရမည်နည်း။
.
'ညီမရဲ့ .. နေဖို့ ထိုင်ဖို့ ကော ပွဲစားက စီစဉ်ပေးမယ်တဲ့လား။'
.
'ဟိုမှာ ပွဲစားအစ်ကိုကြီးအသိ မြန်မာတွေ ရှိတယ်။ သူတို့ ဆီမှာ ခဏပေါင်းနေရမယ် ပြောတယ်။ ပိုက်ဆံမပေးရဘူးတဲ့။'
.
ရှင်မင်းယာရင်ထဲမယ် တရုတ် အသုဘချသလို ဘင်ခရာစုံ မြည်ဟည်းနေပါသည်။
.
'ခဏပေါင်းနေတာတင် မဟုတ်ဘူး။ ညည်းတို့ ကို ခဏ လူချင်းပေါင်းမှာအေ့... ' ဟု စိတ်တွင် အခါခါ ရေရွတ်မိသည်။
.
'ဟုတ်ပါပြီ။ ဒီ ၁၀ ဒေါ်လာနဲ့ကော လောက်ပါ့မလား ညီမရယ်။'
.
'လောက်ပါတယ် အစ်မရဲ့။ ပွဲစားအစ်ကိုကြီးက ဒီပိုက်ဆံက တစ်လလောက် ကောင်းကောင်း လောက်တယ်လို့  ပြောတယ်။'
.
ဤသို့ ဖြင့်ပေါ့လေ ... စကားရောဖောရောဖြင့် နောက်ဆုံးသိရသည်ကား ထိုကလေးတစ်သိုက်သည် တစ်ဦးလျှင် ဆယ်ဒေါ်လာစီဖြင့် ရေခြားမြေခြားသို့  အလုပ်ရှာ ထွက်လာကြသည်။ သူတို့ ၏ အလုပ်ဟူသည်ကား ကောက်ရိုးပုံထဲ ကျသောအပ်ဖြစ်ကြောင်း သူတို့ နားမလည်ရှာပေ။ အကျိုးတော်ဆောင်ကိုကို၏ ပျားရည်ဝမ်းချ အိပ်မက်ရွှေပြည်ကြီး ကိုသာ အဟုတ်မှတ်နေကြလေ၏။ မနေနိုင်သည့်အဆုံး ရှင်မင်းယာတစ်ယောက် လက်ထဲပါသမျှ ပိုက်ဆံကလေးအား သူတို့ အား မျှဝေပေးလိုက်ပါ၏။ ဖုန်းနံပါတ်လည်း ပေးလိုက်ပါ၏။
.
ကွာလာလမ်ပူ လေဆိပ်သို့  ဆိုက်ရောက်သောအခါတွင်ကား စိတ်မဖြောင့်ခြင်းကြီးစွာဖြင့် သူတို့ နောက်မှ တကောက်ကောက် လိုက်ကာ ပွဲစားဆိုသူကို စကားစမြည်ပြောရန် စောင့်နေမိပါသည်။ မကြာပါချေ။ လက်သန်းလုံး ခန့်  ရွှေဆွဲကြိုးကြီး တဝင်းဝင်းဖြင့် ကိုရွှေပွဲစားကား သွားအဖြီးသားဖြင့် ရောက်လာချေသည်။
.
ရှင်မင်းယာသည်ကား ရှိသမျှ သံသေးသံညောင်လေးအား အားကုန်ညှစ်၍ ..
.
'အစ်ကိုက ပွဲစားလား။ သူတို့ ကို ဘယ်ခေါ်သွားမှာလဲ။ လိပ်စာလေး၊ ဖုန်းနံပါတ်လေး ပေးလို့ ရမလား အစ်ကို။'
.
စောစောက သွားဖြီးနေသော ကိုရွှေအကျိုးဆောင်၏ မျက်နှာကား ရုတ်ချည်း ညိုကာမှောင်ကာဖြင့် ..
.
'ကိုယ်နဲ့မဆိုင်ပဲ ဝင်ပါတယ်။ BODOH! (ေ-ာက္ရူး)'
.
ဟူ၍ ရှင်မင်းယာအား ရွှေမေတ္တာပို့ သကာ သုတ်ချေတင်သွားလေသတည်း။
.
(မှတ်ချက်။ ကိုယ်တွေ့ အတွေ့အကြုံဖြစ်ပါသည်။)
No comments:
Post a Comment