မေဒေးနေ့ စာ
မောင်စွမ်းရည်
မေ ၁၊ ၂၀၁၁
မိတ်ဆွေများခင်ဗျား
ဒီနေ့ ကျနော်ပြောချင်တာကတော့ မေဒေး ခေါ် အလုပ်သမားနေ့အကြောင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဗိုလ်ချုပ်သမ္မတ မြန်မာနိုင်ငံတော်ကြီးမှာ မေဒေးပွဲ ကျင်းပဖြစ်မှာ မဟုတ်ပါဘူး။ အလုပ်သမားတွေကိုလည်း အလုပ်သမားနေ့ပွဲ အထိမ်းအမှတ်ပွဲ ကျင်းပခွင့်ပေးမှာ မဟုတ်ပါဘူး။ မသမာတဲ့အစိုးရတိုင်းဟာ အလုပ်သမားတွေကို ကြောက်ရွံ့ ထိတ်လန့်မြဲဖြစ်ပါတယ်။
အလုပ်သမားဆိုတာ အလုပ်ရုံထဲမှာ အမြဲတမ်း အစုံလိုက် အဝေးလိုက် ထုနဲ့ ထည်နဲ့ ရှိနေတာဆိုတော့ မကြောက်လို့ မဖြစ်ဘူး။ ဒါကြောင့် စစ်အာဏာရှင်အစိုးရလက်ထက်မှာ အလုပ်သမား အစည်းအရုံးမဖွဲ့ရ၊ အလုပ်သမားနေ့လည်း မကျင်းပရဘူး၊ ကျင်းပဖူးတုန်းကလည်း “အလုပ်သမားအရေး - ဒို့အရေး” လို့ ကြွေးကြော်ခွင့်မပေးဘူး။ ပြည်ထောင်စု မပြိုကွဲရေး-ဒို့အရေး ဆိုတာမျိုးပဲ ကြွေးကြော်စေခဲ့ပါတယ်။ ဒါတွေ အများပြည်သူ သိပြီးသားပါပဲ။
အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲသာမက တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပွဲများလည်း မကျင်းပရဲပါဘူး။ လယ်ယာတွေရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်တယ်ဆိုပြီး လယ်ယာတွေကို နိုင်ငံပိုင် စစ်တပ်တွေအတွက် သိမ်းယူ ထားပါတယ်။ ငတ်ပြတ်နေတဲ့ စစ်တပ်တွေကို သူတို့ရဲ့ မိဖပြည်သူတွေဆီက ဓားပြတိုက် လုယက်စေပါတယ်။ ဒီတော့ အလုပ်သမားတွေနဲ့ မျက်နှာချင်းမဆိုင်ရဲတော့ဘူးပေါ့။
လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ဆိုတာတွေတောင် ခမ်းနားကျယ်ပြန့်အောင် မကျင်းပရဲတော့ပါဘူး။ လက်ရှိ စစ်တပ်မှာ သမိုင်းကြောင်း၊ သမိုင်းကောင်း မရှိရှာဘူး။ လွတ်လပ်ရေးနေ့ ကျင်းပပြီး ပြည်သူတွေကို လွတ်လပ်ရေးနေ့ နောက်ခံသမိုင်းကြောင်းကို စဉ်းစားခွင့်ပေးလိုက်တိုင်း ပြည်သူတွေရဲ့ တိုက်ပွဲသမိုင်းပဲ ပေါ်လာမှာကိုး။
တပ်မတော်ဆိုတာ မူလတုန်းက ပြည်သူ့လွတ်လပ်ရေးယူဖို့ ပြည်သူတွေက ဖွဲ့စည်း မွေးထုတ် ခဲ့တာ မဟုတ်လား။ မလွတ်လပ်ဘဲ လွတ်လပ်ရေးနေ့ ကျင်းပရင်လည်း စစ်တပ်အရှက်ကွဲရမှာက အရင်ဆုံး ခံစားရမှာကိုး။ ပြည်ထောင်စုနေ့ဆိုပြန်ရင်လည်း “ပင်လုံ”ဆိုတဲ့ အသံကို နားဝ လေသံမျှ သူတို့ မကြားရဲကြရှာဘူးမဟုတ်လား။ အာဇာနည်နေ့ဆိုပြန်ရင်လည်း အာဇာနည်တွေရဲ့ ဓါတ်ပုံတွေကို မော်မဖူး ဝံ့ကြရှာဘူးလေ။ ခုဆိုရင် တပ်မတော်နေ့တောင် မကျင်းပတော့ဘူး။ တပ်မတော်နေ့ဆိုတာ ပြည်သူတွေရဲ့ တော်လှန်ရေးကို နာမည် ဖျက်ထားတာ မဟုတ်လား။
သူတို့မှာ ရာဇဝင်အတ္ထုပတ္တိ မရှိဘူး။ “ရာဇဝင်အတ္ထုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်”ဆိုတဲ့ ပြည်သူတွေ ဆိုစရာသီချင်းမရှိဘူး။ “ယုတ်မာတဲ့ ဗိုလ်သန်း ရွှေရယ်” လို့ပဲ ဆိုချင်ဆိုဖို့ပဲ ရှိတယ်။
တပ်မတော်နေ့တိုင်း တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ပြည်သူတွေရဲ့ရှေ့မှောက်၊ တပ်မတော်သားတွေရဲ့ရှေ့မှောက်မှာ နေ့စဉ် ပြရတာ မျက်နှာပူရရှာမှာပဲ။ ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဒင်းတို့ပဲ ဖျက်ဆီးနေကြတာကိုး။ ပြည်ပ အန္တရာယ် ကာကွယ်ရအောင်ကလည်း ဘာမှ မရှိတော့ခက်တာပေါ့။
တကယ်တော့ အလုပ်သမားလူတန်းစားဆိုတာ ကမ္ဘာ့သမိုင်းမှာ ပေါ်ထွက်ကတည်းက အုပ်စိုးသူ အရင်းရှင် အာဏာရှင်အစိုးရတို့ဟာ သမိုင်းမှာ မွေးရာပါ ရန်ဘက်တွေပဲလေ။ အလုပ်ရှင် အရင်းရှင်၊ အာဏာရှင်တွေက ဖိနှိပ်သူ၊ ခေါင်းပုံ ဖြတ်သူ၊ အလုပ်သမားတွေက အဖိနှိပ်ခံရသူ၊ ခေါင်းပုံဖြတ်ခံရသူ “ဓမ္မသောက”တွေပဲ မဟုတ်လား။
အလုပ်သမားသမိုင်းကို ပြန်ကြည့်ရင်လည်း ရေနံမြေသပိတ်တပ်ကြီးရဲ့ သမိုင်းကအရိပ်ကြီး ထိုးနေမှာပါပဲ။ “ရေနံမြေ သပိတ်တပ်ကြီး ချီတက်လာပါပြီ။ ရန်သူနယ်ချဲ့အလီကို လှီဖို့ရာကြံစည်၊ ရာခိုင်နှုန်းပြည့် အခွင့်အရေး မရသမျှအတည်၊ ရအောင်ရအောင် အရိုးကြေကြေ အရည် ခန်းခန်း၊ မသွေတမ်း တိုက်ဖျက်ကြပါမည်။” ဆိုတဲ့ ၁၃၀၀ ပြည့်အရေးတော် ပုံတေးသံဟာ ဧရာဝတီရဲ့ကောင်းကင်မှာ အသံမစဲ ပျံဝဲနေတုန်းပါပဲ။
၁၃၀၀ ပြည့်အရေးတော်ပုံ အရိပ်ပြဘဲလေးဆိုတာ ရဲဘော်မြတ်လေး တီထွင်တင်ဆက်ခဲ့တာလေ။ ဒီသီချင်း လည်း သူပဲ ရေးဖွဲ့ခဲ့တာပဲ။ စန္ဓယားချစ်ဆွေနဲ့ တီထွင်ခဲ့တာ။ ကိုချစ်ဆွေကြီးနဲ့ ပြန်လည်တင်ဆက်ကြဖို့ ကောင်းတယ်။
သမိုင်းမှာ အလုပ်သမားတင်းရင် ဘယ်မင်းမှ မခံနိုင်ပါဘူး။ အလုပ်သမားတွေမှာ နှောင်ကြိုးကလွဲရင် ဘာမှ ဆုံးရှုံးစရာမရှိဘူး။ ဒါဟာ သမိုင်းတွင်မယ့် အလုပ်သမားကြုံးဝါးသံ၊ အလုပ်သမားကြွေးကြော်သံပဲ။ အလုပ် သမားတွေက ရုန်းကန်တွန်းလှန်ရင် နှောင်ကြိုးအားလုံးပြတ်ကုန်မှာပဲ။ မရုန်းကန်ရင်တော့ နှောင်ကြိုးတွေ မပြန်ရုံ သာမက ပိုပြီး တင်းလာ ရစ် လာမှာ မလွဲပါဘူး။ ဒါဟာ သမိုင်းရဲ့လက်တွေ့တရားပါ။
အလုပ်သမားဆိုတာ ခွန်အားရှင် င်္ခြသေ့မင်းပါ။ င်္ခြသေ့မင်းက မလှုပ်မရှားဘဲ အိပ်နေရင်တော့ င်္ခြသေ့မင်းရဲ့ ခံတွင်းထဲကို ဘယ်သားကောင်မှ အပျော်တမ်း ခုန်ဆင်းကြရိုးမရှိပေဘူး။ တိုက်ပွဲ မရှိရင် အောင်ပွဲမရှိ။ အလုပ်သမားအပေါင်းတို့ ဘာလဲ ဘယ်လဲ၊ ကျနော် မောင်စွမ်းရည်ပါ။
၂၀၁၁၊ ဧပြီ ၂၇။
No comments:
Post a Comment