.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 17, 2011

ဝိဓူရ သခင်ချစ်မောင်

သန်ဝင်းလှိုင်
ဧပြီ ၁၁၊ ၂၀၁၁

သခင်ချစ်မောင်(ဝိဓူရ)ကို ၁၉၁၅ ခုနှစ်နိုဝင်ဘာ ၁၅ ရက်သောကြာနေ့ ညနေ ၃ နာရီတွင် ဝံသာနုအသင်းခေါင်းဆောင် မြေပိုင်ရှင် စပါးကုန်သည် ဦးသာဂေါင်နှင့် အမိဒေါ်လှဖြူတို့မှ ဟင်္သာတခရိုင် ကွင်းကောက်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ သန်းမောင်ဖြစ်သော်လည်း၊ ချစ်မောင်အမည်သာ တွင်ခဲ့သည်။
          ငယ်စဉ်က ၁၉၂ဝ ပြည့်နှစ်တွင် ကွင်းကောက်မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၂၃ အသက် ၇ နှစ်အရွယ်တွင် ကွင်းကောက်မူလတန်းကျောင်း၌ ဒုတိယတန်းပညာသင်ကြားနေစဉ် ဖခင်ကြီးကွယ်လွန်သွားခဲ့သည်။ ထို့နောက် ကွမ်းသီးတပင် မူလတန်းကျောင်းမှ စတုတ္ထတန်း၌ စကောလားရှစ် (ပညာသင်ဆု) ဖြင့် အောင်မြင်၍ အင်္ဂလိပ်အစိုးရ၏ အထောက်အပံ့ငွေ ၁၆ ကျပ်နှင့် ၅ နှစ် အထိ စတိုင်ပင် (ပညာသင်စရိတ်) ရခဲ့သည်။ ၁၉၂၃ သာယာဝတီခရိုင်သုံးဆယ် အာစီအမ် (ဗရင်ဂျီ) အထက်တန်းကျောင်းနှင့် နော်မံကျောင်းတို့၌ အထက်တန်းပညာသင်ကြားသည်။
          ကျောင်းသားဘဝ၌ ၁၉၃၆ ခုနှစ်ထုတ် စာဆိုတော်မဂ္ဂဇင်း ဝတ္တုတိုတပုဒ်ရေးသား၍ ပြိုင်ပွဲဝင်ခဲ့ရာ ပထမဆု ရရှိခဲ့သည်။ ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်စဉ် သုံးဆယ်မြို့ အာစီအမ် ခေါ် ဗရင်ဂျီသာသနာပြုကျောင်းမှ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့၏။ သပိတ်လှန်သောအခါ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်သော်လည်း တက္ကသိုလ်ကျွန်ပညာရေးစနစ်ကို မသင်ချင်တော့၍ တို့ဗမာအစည်းအရုံး (သခင်ပါတီ) သို့ ဝင်ရောက်ခဲ့သည်။ ယင်းနောက် တို့ဗမာအစည်းအရုံး ခေါင်းဆောင်ကြီးများဖြစ်ကြသော သခင်မြ၊ သခင်ဗစိန်၊ သခင်ခင်အောင် တို့နှင့်တွဲဖက်၍ နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။
          သို့ကလို နိုင်ငံရေးဆောင်ရွက်ရင်း ၁၉၃၇ ခုနှစ်ထုတ် ဒီးဒုတ်ဂျာနယ်တွင် ‘အပြူး’ ကလောင်အမည်ဖြင့် “ထိုထိုဤဤ အလီလီ” ဟူသော အခန်းဆက်ဆောင်းပါး ရေးသားခဲ့သည်။
          ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၁၃ဝဝ ပြည့်အရေးတော်ပုံအစတွင် သာယာဝတီခရိုင် တောင်သူလယ်သမား ညီလာခံကြီးမှ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရသည်။ ၁၉၄ဝ ပြည့်နှစ်တွင် သာဝတီခရိုင် တို့ဗမာအစည်းအရုံး၏ တောင်သူလယ်သမား ဌာနမှူးအဖြစ် လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) ၏ အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
          သာယာဝတီခရိုင် တို့ဗမာအစည်းအရုံးတွင် ၁၉၄၁ ခုနှစ်ဒီဇင်ဘာလ ၉ ရက်နေ့၌ မတရားအသင်း ကြေငြာခံရသည်အထိ ဥက္ကဋ္ဌ သခင်လင်းနှင့်အတူ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး မတရားအသင်းအဖြစ် ဖျတ်သိမ်းခံရပြီးနောက် မြေအောက်တော်လှန်ရေးကာလ၌ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် သာယာဝတီခရိုင် မြေအောက်တော်လှန်ရေး အဖွဲ့ချုပ်တွင် အဖွဲ့ဝင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ သာယာဝတီအနောက်ပိုင်းမှ တော်လှန်ပုန်ကန်မှုကို ခေါင်းဆောင်ခဲ့သည်။ သာရဝေါ၊ ထိန်တောနယ်တလျှောက်သိမ်းယူခဲ့ပြီး သာယာဝတီခရိုင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ရာတွင်လည်း ခေါင်းဆောင်တဦးအဖြစ် ပါဝင် လှုပ်ရှားခဲ့သည်။
          ဂျပန်ခေတ်တွင်အစိုးရ ရာထူးပေးသည်ကိုလက်မခံဘဲ ၁၉၄၂ သြဂုတ်လတွင် သာယာဝတီခရိုင် တို့ဗမာဆင်းရဲသားအစည်းအရုံး၏ ခရိုင်မှူးအဖြစ် ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးအတွက် မြေအောက်စည်းရုံးရေးများကို ဆောင်ရွက်ခဲ့သည်။
          ၁၉၄၇ ခုနှစ် နယ်သာလန်နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့စိုက်ပျိုးရေးကွန်ဂရက်သို့
ဗမာပြည် ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။
          ၁၉၄၉ ဖဆပလ အဖွဲ့ချုပ်ကြီးကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းသောအခါ တောင်သူလယ်သမား ဌာနချုပ် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဆိုရှယ်လစ်ပါတီဌာနချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကြားဖြတ်အစိုးရအဖွဲ့တွင် စိုက်ပျိုးရေးနှင့် သစ်တောရေးရာဌာန ပါလီမန်အတွင်းဝန်အဖြစ် လည်းကောင်း၊ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်အဖြစ် လည်းကောင်း၊ ဗဟို ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ဝင်လူကြီး၊ မြေယာလျှော်ကြေးပေးရေး ကော်မရှင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဗမာပြည်ဆိုရှယ်လစ် ပါတီဌာနချုပ်၏ လက်ထောက် အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် အိန္ဒိယပြည် ဆိုရှယ်လစ်ပါတီ ကွန်ဂရက်သို့လည်း ကိုယ်စားလှယ်အဖြစ် လည်းကောင်း ဦးဆောင်တက်ရောက်ခဲ့သည်။
          ၁၉၅ဝ ဖဆပလအဖွဲ့ချုပ်၌ ဗမာပြည်ဆိုရှယ်လစ်ပါတီ၏ ဝါဒဖြန့်ချိရေးများ လုပ်ကိုင်နေစဉ်အတွင်း အမေရိကန် အီးစီအေ အထောက်အပံ့ယူရေး၊ မယူရေး ပြဿနာများတွင် သဘောကွဲလွှဲကာ ယင်းအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ၁၉၅ဝ ဒီဇင်ဘာ ၈ တွင် သခင်လွင်၊ သခင်လှကျွေ၊ သခင်လူအေးနှင့် ဆိုရှယ်လစ်ပါတီဝင် ၄၃ ဦးတို့နှင့်အတူ ဗမာပြည် အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီပါတီ) ကို တည်ထောင်၍ ခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် သခင်ချစ်မောင်သည် တလညစ ခေါ် ဗမာနိုင်ငံ တောင်သူလယ်သမား ညီညွှတ်ရေး အစည်းအရုံးကို ၁၉၅ဝ ဒီဇင်ဘာလ ၃၁ တွင် ဦးဆောင် ဖွဲ့စည်းခဲ့ပြန်သည်။
          ထို့နောက် ၁၉၅၃ သြစတြီးယားနိုင်ငံတွင် ကျင်းပခဲ့သော ပထမဆုံးကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်သို့ အဖွဲ့ဝင်ပေါင်း ၃ဝ ကျော်ကို ဦးဆောင်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။
          ၁၉၅၅ နိုဝင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွှတ်ရေးတပ်ပေါင်းစု (ပမညတ) ကို ဦးဆောင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ၁၉၅၈ တွင် စစ်တပ်မှ အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းကို ပါလီမန်တွင် ဦးစွာကန့်ကွက်ရာ၌ ပမညတ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး၊ ပြည်သူ့ လွှတ်တော်မှနေ၍ ရာဇဝင်တွင်ရစ်အောင် ရဲရင့်တည်ကြည်စွာဖြင့် ဒီမိုကရေစီနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘက်မှ ခုခံတိုက်ဖြတ်ခဲ့သဖြင့် အသံလွှင့်မိန့်ခွန်းပြောကြားအပြီး နိုင်ငံတော်က ‘ဝိဓူရ’ ဟူသော ဂုဏ်ပုဒ်ဖြင့် ချီးကျူးခြင်းခံရာမှ ဝိဓူရ သခင်ချစ်မောင် အဖြစ် အမည်တွင်ခဲ့သည်။
          ပထမ အိမ်ထောင် ဒေါ်ရင်ရင်မှာ ၁၉၅၆ ခုနှစ်တွင် သားမြတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ တွင် ဒေါ်ခင်မျိုးရီနှင့် ဒုတိယ အိမ်ထောင် ထပ်မံ ထူထောင်ခဲ့သည်။ ဒုတိယအိမ်ထောင်နှင့် သားသမီး ၂ ဦး ထွန်းကားခဲ့သည်။
          ၁၉၆၂ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ အသံလွှင့်ရုံခန်းမကြီး၌ ကျင်းပခဲ့သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးတွင် ရာဇဝင်ကျော် မိန့်ခွန်းရှည်ကြီးကို ပြောကြားခဲ့သည်။
          ၁၉၆၈ ဒီဇင်ဘာလ ၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ အမျိုးသားညီညွှတ်ရေး အကြံပေးအဖွဲ့ (အကြံပေး ၃၃ ဦး) တွင် ပါဝင်ခဲ့ပြီး သခင်လွင်၊ သခင်သင်၊ သခင်လှကျွေ၊ သခင်လေးမောင်၊ ဖဒိုဝေသော်၊ သခင်စံမြင့်၊ ဦးတင်ညွန့်၊ လင်းခေးဦးထွန်းမြင့်၊ မွန်ဖိုးချို၊ ဦးသာထွန်း စသည့် ၁၁ ဦး၏ အကြံပြုချက်တွင် ခေါင်းဆောင်အဖြစ်ပါဝင်၍ အကြံပြုစာတမ်း တင်ခဲ့သည်။ သို့ကလို နိုင်ငံရေးဆောင်ရွက်မှုများကြောင့် နိုင်ငံတော်ကောင်စီက ၁၉၈ဝ ဇန်နဝါရီလတွင် ဝိဓူရသခင် ချစ်မောင်အား နိုင်ငံဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခဲ့သည်။ ထို့နောက် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး နဝတ အစိုးရမှ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ပြုပြီးနောက် ဝိဓူရ သခင်ချစ်မောင်သည် အမျိုးသား ပြန်လည် တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစု (ပြည်ထောင်စုမြန်မာနိုင်ငံ) ကို ဦးစီးဖွဲ့စည်းရာ နာယက အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အမျိုးသား ပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုသည် ရွေးကောက်ပွဲအပြီး၌ နဝတ၏ အမိန့်အမှတ် ၇/၉၂ ဖြင့် ၁၉၉၂ မေ ၁၁ တွင် ဖျက်သိမ်းခံခဲ့ရသည်။
          ဝိဓူရ သခင်ချစ်မောင်သည် စာရေးဆရာတဦးလည်း ဖြစ်သည်။ သို့သော် စာရေးဆရာဘဝထက် နိုင်ငံရေးသမားဘဝကို ပိုမိုခုံမင်နှစ်သက်သူဖြစ်သည်။
          ၁၉၃၆ တွင် ‘မျိုးချစ်မောင်’ ကလောင်အမည်ဖြင့် ‘တို့ဗမာ တောင်သူလယ်သမား အရေးတော်ပုံ’ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ရာ၊ အင်္ဂလိပ်အစိုးရ၏ စာပုံနှိပ်တိုက် တချက်လွတ်ဥပဒေ ပုဒ်မ ၁၉ အရ အဆိုပါစာအုပ်ကို တွေ့ရာနေရာ၌ သိမ်းဆည်းစေရန် အမိန့်ကို ထုတ်ပြန်ခြင်းခံရသည်။
          ဝိဓူရသခင်ချစ်မောင်သည် ကြွေးကြော်သံမဂ္ဂဇင်း၊ ဒီးဒုတ်ဂျာနယ်၊ ပြည်သူ့ဂျာနယ်၊ ပြည်သူ့ကြယ်ဂျာနယ်၊ ရှုဒေါင့်ဂျာနယ်၊ ရွှေတူဂျာနယ်နှင့် အိုးဝေဂျာနယ်တို့တွင် ဝတ္တုတို ဆောင်းပါးများကို မျိုးချစ်မောင်၊ ဦးမြတ်မင်း၊ ငပြူးဟူသော ကလောင်ကွဲများဖြင့် ရေးသားခဲ့သည်။
          ၁၉၅၃ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်သို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ တက်ရောက်ခဲ့ပြီးနောက် ‘ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း’ အမည်ဖြင့် နိုင်ငံရေးခရီးသွား စာအုပ်ကို ၁၉၅၄ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။
          ဝိဓူရ သခင်ချစ်မောင်၏ အခြားထင်ရှားသော စာအုပ်များမှာ ‘ရှမ်းမူနှင့် ပြည်ထောင်စုနောင်ရေး’ (၁၉၆၂)၊ ‘နယ်ချဲ့တို့၏ လုပ်ကြံမှုကြီး’ (၁၉၆၆)၊ ‘အမျိုးသားခေါင်းဆောင်ကြီးသခင်မြ’ (၁၉၇၆)၊ ‘နိုင်ငံရေး ဝေဖန်ချက်များ’ (၁၉၇၆) စသည်တို့ ဖြစ်သည်။
          ဝိဓူရ သခင်ချစ်မောင်သည် နိုင်ငံရေးနယ်ပယ်၌သာ ခြေစုံပစ်လုပ်ခဲ့ရာ စာချည်းသက်သက်ရေးသော စာရေးဆရာတဦး မဟုတ်ပေ။ နိုင်ငံရေးလုပ်ကိုင်ရင်း အခါအခွင့်သင့်သောအခါတိုင်း အလျည်းသင့်သလို စာများ ရေးသားခဲ့သူဖြစ်သည်။ ၁၉၈ဝ တွင်ရေးသားခဲ့သော ‘အသက်ရှည်ရေး၏ လျှို့ဝှက်ချက်’ စာအုပ်သည် ၎င်း၏ နောက်ဆုံးရေးသား ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။
          နိုင်ငံရေးသမားကြီး ဝိဓူရ သခင်ချစ်မောင်သည် ၂ဝဝ၅ မတ် ၃ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ခင်မျိုးရီနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို မြောက်ဥက္ကလာပ ရေးဝေးသုဿန်၌ ဂူသွင်း သင်္ဂြိုလ်ထားသည်။      

          ၁၉၄၇ ခုနှစ် နယ်သာလန်နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့စိုက်ပျိုးရေးကွန်ဂရက်သို့ ဗမာပြည် ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ

သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ