ဦးသန့်
လွန်ခဲ့သော ၇နှစ် ၈နှစ်လောက်က ကော်မရှင်နာလမ်း ကောလိပ်ကျောင်း များ နောက်တွင် မြန်မာပြည် စာအုပ် အသင်းတိုက်ဟူသော
အမည်များစွာ မထင်ရှားသေးသော စာအုပ်ဆိုင် တစ်ဆိုင် ရှိပါသည်။ အကယ်၍ သင်သည် ထိုဆိုင်သို့ စာအုပ်ဝယ်ရန် ရောက်ပါမူ စာအုပ်ဘီရိုများကို ဖုံသုတ်လျက်နေသော အင်္ဂလိပ်လူမျိုး တစ်ဦးကို မြင်နိုင်ပေသည်။
ထိုသူမှာ
အရပ်ရှည်ရှည်၊ မျက်နှာသွယ်သွယ်၊ ဆံပင်တိုတို၊ ညှပ်ထားလျက် အသက် ၅၀ ကျော်
၆၀ နီးပါးမျှဟု ခန့်မှန်းနိုင်ပေသည်။ အ၀တ်အစားမှာလည်း သပ်သပ်ရပ်ရပ်
သစ်သစ်လွင်လွင် မရှိလှပေ။ အတွင်းဘက်နားရှိ စာရေးသော စားပွဲပေါ်တွင်
ဟောင်းနွမ်းသော ဦးထုတ်တစ်လုံးကို မြင်နိုင်ပေသည်။ ၄င်းဦးထုတ်၏ အနီးတွင်
အင်္ဂလိပ်စာအုပ်အချို့နှင့် မြန်မာစာအုပ်အချို့ ရှိ၏။ မြန်မာစာအုပ်များကား
မြန်မာစာ ညွန့်ပေါင်းကျမ်း၊ ဦးတုတ်ကြီးရေးသော သရာဇကျမ်းနှင့်
အခြားကျမ်းအချို့ ဖြစ်သည်။
သင်ဝင်လာသည်ကို မြင်လျှင်
ထိုအင်္ဂလိပ်ကြီးသည် ဖုံသုတ်ခြင်းကို ခေတ္တရပ်နားလျက် သင့်အား မည်သည့်စာအုပ်
အလိုရှိပါသနည်းဟု မေးလိမ့်မည်။ သင်အလိုရှိရာ စာအုပ်သည် ထိုဆိုင်မှာရှိလျှင်
အလွယ်တကူ ယူ၍ပေးလိမ့်မည်။ တစ်ခါတစ်ရံမူကား စားပွဲတစ်လုံးတွင်
အလုပ်လုပ်နေသော မြန်မာလူငယ်အား လှမ်း၍ သင်အလိုရှိရာ စာအုပ်ကို ပေးရန်
ပြောလိမ့်မည်။
သင်သည် စာအုပ်ဆိုင်အ၀နားတွင်ရှိသော
မော်တော်ကားကို ဂရုမပြုမိလျှင်
ထိုအင်္ဂလိပ်အး စာအုပ်ရောင်းရန်
ငှားထားသူတစ်ဦး ဖြစ်သည်ဟု ထင်ကောင်းထင်မိပေလိမ့်မည်။ ထိုသူမှာ အခြားမဟုတ်။
မြန်မာနိုင်ငံ အရပ်ရပ်တွင် အရေးပိုင် အဖြစ်ဖြင့် အမှုထမ်းခဲ့ဖူး၍
ပဲခူးခရိုင် ၀န်ရှင်တော်မင်းကြီး၊ ၄င်းနောက် မြေစာရင်းဌာန မင်းကြီး၊
၎င်းနောက် ပင်စင်ယူလျက်ရှိသော ဂျေအက်စ် ဖာနီဘယ် ဖြစ်ပေသည်။
စားပွဲတစ်လုံးတွင် အလုပ်လုပ်နေသူ မြန်မာလူငယ်ကား ဘိလပ်ပြန် ကိုသိန်းမောင်
ဖြစ်ပေသည်။
သင်သည် မစ္စတာ ဖာနီဘယ်နှင့် ခေတ္တလောက်
စကားပြောမိလျှင် အရေးပိုင်မင်းကြီး လုပ်ခဲ့သည်ကိုပင် မယုံနိုင်အောင်
ရှိပေမည်။ အလွန်တရာ ဖော်ရွေ၍ လောက၀တ်ကောင်းသော လူကြီးတစ်ယောက် ဖြစ်၏။ အသက်
၆၀ နီးပါး ရှိပြီ ဖြစ်သော်လည်း လူငယ်များကဲ့သို့ ပျော်ရွှင်စွာနေတတ်၏။
တစ်ခါသော် ကျွန်တော်ရေးသော
‘မြို့ပြပုံပြင်များ’ ကို ပုံမနှိပ်မမီ သူနှင့်အတူတကွ အကြမ်းဖတ်ကြရာ
သုံးနာရီကျော်ကျော် ကြားသွားသဖြင့် ကျွန်တော်မှာ အနည်းငယ် ပျင်းရိလာလေသည်။
မစ္စတာ ဖာနီဘယ်မှာမူကား လေကလေး ချွန်လိုက် စာဖတ်လိုက်နှင့်
ပျင်းရိညောင်းညာသော အရိပ်အငွေ့ အနည်းငယ်မျှ မပြချေ။
ဗဟုသုတ လိုက်စားသူတို့အား အလွန်စကား
ပြောလို၏။ သိလိုသော အကြောင်းအရာများကိုလည်း အလွန်အပင်ပန်းခံ၍
ရှာဖွေပေးလေ့ရှိ၏။ တစ်ခါသော် မစ္စတာ ဟာဗေး ရေးသော မြန်မာရာဇ၀င် (အကြီး)ကို
ကျွန်တော်ဖတ်ရင်း အမှားတစ်ခုကို သွား၍တွေ့ရ၏။ ထိုအမှားကား တပင်ရွှေထီးသည်
မအူပင် ဒိစတြိတ် ပန်းတနော်မြို့အနီးတွင် ကံကုန်တော်မူသည် ဟူသော
အချက်ပင်ဖြစ်၏။
မြန်မာရာဇ၀င် အစောင်စောင်တွင်
တပင်ရွှေထီးအကြောင်းကို စေ့စပ်သေချာစွာ ဖတ်ရှုစုံစမ်းကြည့်ရာ
တပင်ရွှေထီးနှင့် ပန်းတနော် မည်ကဲ့သို့မျှ အဆက်အသွယ်မရှိ။ ထို့ကြောင့်
မစ္စတာ ဖာနီဘယ်အား ထိုအကြောင်းကို မေးမိ၏။ အဘိုးကြီးလည်း ပျာပျာသလဲ
ရာဇ၀င်စာအုပ်များကို လှန်လှောကာ ရှာပေ၏။ သို့ရာတွင် ပန်းတနော်ကို
မတွေ့သဖြင့် ကျွန်တော်တို့လည်း မစ္စတာဟာဗေးအား မေးရလေသည်။
မစ္စတာဟာဗေး၏ ပြန်ကြားစာ
အချို့အပိုင်းများကို ပုံနှိပ်ထုတ်ဝေခြင်းမပြုရန် ကတိထားရသဖြင့်အစုံအလင်
မဖော်ပြနိုင်ပါ။ သို့ရာတွင် မစ္စတာ ဟာဗေး အထင်လွဲရခြင်း အကြောင်းကား ၁၂၆၉
ခုနှစ်တွင် မန္တလေးမှာ ပုံနှိပ်ထုတ်ဝေသော မှန်နန်းရာဇ၀င်တွင် စာစီသမားများ
မှားယွင်း၍ ‘ပန်းတရော်’ အစား ‘ပန်းတနော်’ ကို ပုံနှိပ်ခြင်း ဖြစ်ပေသည်။
ထိုနှစ်ထုတ် မှန်နန်းရာဇ၀င် ဒုတိယတွဲ
စာမျက်နှာနံပါတ် ၂၇၂ တွင် အချို့စာအုပ်များတွင် ပန်းတနော်၊
အချို့စာအုပ်များတွင် ပန်းတရော်ဟု ပါရှိလေသည်။ မစ္စတာဟာဗေးလည်း
မိမိစာအုပ်မရေးမီကပင် ထိုအကြောင်းနှင့် စပ်လျည်း၍
အမျိုးမျိုးစုံစမ်းထောက်လှမ်းခဲ့ဖူး၏။
သထုံအရေးပိုင် ဦးရွှေဇံအောင် (၄င်းနောက်
ယစ်မျိုးမင်းကြီးဖြစ်သူ) က တပင်ရွှေထီးသည် ပန်းတနော်သို့
ရောက်သည်ဆိုခြင်းမှာ ယုတ္တိရှိကြောင်း အကိုးအကားပြ၍ မစ္စတာဟာဗေးထံသို့
စာရေးလိုက်လေသည် (ထိုစာမူမှာ ကျွန်တော်၏ထံတွင် ရှိသော်လည်း
ပုံနှိပ်ထည့်သွင်းခြင်း မပြုပါဟု ကတိထားပြီးဖြစ်သဖြင့် မဖော်ပြနိုင်ပါ)။
ဦးရွှေဇံအောင်၏ ထောက်ခံချက်အရ မစ္စတာဟာဗေးရေးးသော ရာဇ၀င်တွင် ပန်းတနော်
ပါလျက်ရှိသည်။
“ဘယ့်နှယ်လဲ
မောင်သန့်၊ မစ္စတာဟာဗေးအကြောင်း ပြန်တာကို သဘောကျရဲ့လား” ဟုမစ္စတာ ဖာနီဘယ်က
ကျွန်တော့်အား မေး၏။ “သူ့ခင်မျာလည်း ရေးမိရက်သားဖြစ်နေတော့ ကြံဖန်ပြီး
ဖြေရှာရတာပါပဲ။ ကျွန်တော်တော့ သူ့အယူအဆကို တယ်ပြီးသဘောမကျဘူး။ ဟုတ်တယ်။
ရာဇ၀င်ဆိုတာ အခက်သားကလား။ ဘုရားဟောလည်းမဟုတ်တော့ အားလုံးချည်း မှန်ရမယ်လို့
မယူနိုင်ဘူး။ ပြီးတော့လည်း ဒါတွင် မကသေးဘူး။ ရာဇ၀င်ဆရာတွေဆိုတာလည်း
သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတော့ မိမိတို့ ကြိုက်ရာကို
နည်းနည်းတော့နွှယ်ပြီး ရေးရပေမပေါ့”
“မြန်မာရာဇ၀င်ဆရာတစ်ဦးက မြန်မာရာဇ၀င်ကို
ရေးရမယ်လို့ဆိုရင် ဘာပဲပြောပြော မြန်မာများ ယဉ်ကျေးပုံ၊ သတ္တိရှိပုံ၊
ခွန်အားကောင်းပုံတွေကိုသာ ရေးချင်မှာပေါ့။ အင်္ဂလိပ် ရာဇ၀င်ဆရာတွေကလည်း
ဒီဂိုဏ်းထဲကတော့ မလွတ်ပါဘူး။ အင်္ဂလိပ် ရာဇ၀င်ကို ရေးရမယ်ဆိုရင်လည်း
ကောင်းတာကို ခပ်ဖော်ဖော်၊ မကောင်းတာကို ခပ်ဖုံးဖုံး ရေးမှာပေါ့။ သို့ပေမဲ့
တချို့တော့လည်း စိတ်ကောင်းစေတနာကောင်းနဲ့ မှန်တာကို မှန်တဲ့အတိုင်းကိုသာ
ကြိုးစားပြီး ရေးကြပါရဲ့။ ဒါမျိုးကတော့ ရှားတာပေါ့လေ။”
အထက်ပါစကားများမှာ အင်္ဂလိပ်လို ပြောသော
စကားများ ဖြစ်လေသည်။ သဘောလောက်ကိုသာ မြန်မာ ဘာသာပြန်ဆိုထားပါသည်။
မစ္စတာဖာနီဘယ်သည် မြန်မာလူမျိုးများကို မည်မျှချစ်ကြောင်း၊ မည်မျှ
ကောင်းစားစေချင်ကြောင်းကို သူနှင့် ရင်းနှီးသူမှန်သမျှ သိကြပေလိမ့်မည်။
ဝှိုက်ကော်မတီလာစဉ်က မစ္စတာဖာနီဘယ်သည်
ပဲခူးခရိုင်မင်းကြီး အဖြစ်ဖြင့် အစစ်ခံခဲ့သော် အချက်အလက်တို့သည် အစိုးရအား
များစွာ အံ့အားသင့်စေလေသည်။ ပင်စင်ယူပြီးနောက် အင်္ဂလိပ်ဘာသာနှင့် ရေးသော
‘မြန်မာနိုင်ငံ ဓနဗေဒအခြေပြကျမ်း’ (Political Economy of Burma) စာအုပ်ကို
အင်္ဂလိပ်စာတတ်သော မြန်မာလူမျိုးတိုင်း ၀ယ်ယူဖတ်ရှုသင့်ပေသည်။
မနှစ်က မစ္စတာဖာနီဘယ်သည် ဘိလပ်မှ ပြန်လာ၍
ဒတ်ခ်ျပိုင် အရှေ့အိန္ဒိယကျွန်းများသို့ သွားရောက်ပြီးလျှင်
ထိုကျွန်းများကို ဒတ်ခ်ျအစိုးရတို့ အုပ်ချုပ်ပုံစာတမ်းကို ရေးသားပြန်လေသည်။
အရင်တလောက ဂန္တလောကမဂ္ဂဇင်းတွင် အပတ်စဉ်
ဆက်လက်ထည့်သွင်းခဲ့လေသည်။ အလွန်လေးနက်၍ မှတ်သားစရာကောင်းသော အချက်အလက်များ
ပါရှိလေသည်။ မြန်မာပြည် စာအုပ်အသင်း၊ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း၊
ဂန္တလောကမဂ္ဂဇင်းတို့၏ အမိသဖွယ်ဖြစ်သော မစ္စတာဖာနီဘယ်သည် နောင်လာမည့်
မြန်မာနိုင်ငံ ရာဇ၀င်ဆရာတို့ မမေ့မလျော့သော ပုဂ္ဂလ်ထူးတစ်ယောက် ဖြစ်ပေသည်။
မြန်မာ ဂန္တ၀င်တွင်လည်း မှတ်တမ်းတင်ထားထိုက်သော ပုဂ္ဂလ်တစ်ဦးပင်တည်း။
ဦးသန့် (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ၁၉၀၉-၁၉၇၄)
(ကြီးပွားရေး မဂ္ဂဇင်း၊ တွဲ၃ မှတ်၁၂၊ စက်တင်ဘာ ၁၉၃၅)
No comments:
Post a Comment