ကချင်ပြည်နယ်အတွင်း
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်မြန်မာ
နယ်စပ်ကုန်သွယ်ရေးတွေ ကျဆင်းနေသလို ကုန်သွယ်ရေးကို မှီခိုနေတဲ့
ထောင်နဲ့ချီတဲ့ ပြည်သူတွေရဲ့ ဝင်ငွေတွေလည်း ထိခိုက်နေပါတယ်။
တိုက်ပွဲဖြစ်တဲ့
ခွင်တွေဖြစ်တဲ့ လွယ်ဂျယ်၊ ဗန်းမော်လမ်း၊ နန့်ခမ်း-
ဗန်းမော်လမ်း၊ လိုင်ဇာ၊ မြစ်ကြီးနား၊ ဗန်းမော်လမ်းတွေက တဆင့်
မှောင်ခိုတင်သွင်းနေတဲ့ အိမ်သုံးပစ္စည်း၊ အဝတ်အထည်၊ ဆိုင်ကယ်၊
ဟင်းချိုမှုန့်၊ လျှပ်စစ်ပစ္စည်း၊ ဘီယာ၊ ကြက်သွန်ဖြူ အစရှိတဲ့
တရုတ်ကုန်ပစ္စည်းတွေ တင်သွင်းနေတာကို ရပ်ဆိုင်းထားရတယ်လို့ ဒေသခံ
ကုန်သည်တဦးက ပြောပါတယ်။
“အဲဒီဘက်တွေက
တိုက်ပွဲဖြစ်တဲ့ခွင် ဖြစ်နေတော့ တနိုင်တပိုင်လုပ်စားတဲ့
ဆိုင်ကယ်သမားတွေ၊ မှောင်ခိုကားလေးတွေ၊ ဝပ်သောက် ကားလေးတွေနဲ့
တနိုင်တပိုင် လုပ်စားတဲ့ ကုန်သည်တွေ လုံးဝသွားလို့မရဘူး။”
တရုတ်နိုင်ငံကနေ ဗန်းမော်အထိ နေ့စဉ်ကုန်သွယ်မှု တန်ဖိုးက ကျပ်သိန်းထောင်ချီ ရှိတယ်လို့ ဒေသခံကုန်သည်က ပြောပါတယ်။
လွယ်ဂျယ်၊
ဗန်းမော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းလည်း အခုလ ၁၅ ရက်ကစပြီး
လမ်းတံတား၊ ဗုံးခွဲတိုက်ခိုက်ခံရလို့ ပျက်စီးနေပြီး ကုန်တင်ကား
အသွားအလာ ရပ်ဆိုင်းထားရပါတယ်။
ဒါကြောင့်
ဗန်းမော်ကို တရုတ်ကုန်ပစ္စည်းတွေ မရောက်ရှိတာနဲ့ အမျှ ဗန်းမော်ကတဆင့်
သင်္ဘောနဲ့ ကုန်ဖြန့်ဖြူးတာတွေပါ ရပ်တန့်ပြီး ဗန်းမော်သင်္ဘောဆိပ်ကို
မှီခိုနေကြသူတွေပါ ဝင်ငွေထိခိုက်ကုန်တယ်လို့ ဆိုပါတယ်။
“ဗန်း
မော်လူဦးရေရဲ့ တဝက်နီးပါးလောက်က အဲဒီက နယ်စပ်ကုန်သွယ်ရေးမှာ
ရပ်တည်ပြီးနေတာပဲ။ အဲဒီမှာ ဈေးသည်တွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေ၊
နောက်ထပ်ကုန်သည်တွေရှိမယ်။ သယ်ယူပို့ဆောင်ရေးပေါ့၊
သင်္ဘောဆိပ်နဲ့ကလည်း ဝေးတဲ့အခါကျတော့ ထော်လာဂျီတို့၊
ဆိုက္ကားတို့လိုမျိုး ယာဉ်လေးတွေပါ ရပ်ဆိုင်းကုန်တယ်။”
မူဆယ်၊
မန္တလေး လမ်းကြောင်းကတော့ တိုက်ပွဲတွေနဲ့ အလှမ်းဝေးလို့
နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှု မရှိပေမယ့် မြန်မာငွေတန်ဖိုး
တက်နေသေးလို့ တရုတ်ဘက်ပို့ကုန်တွေ မရှိသလောက် နည်းပါးနေပါတယ်။
ဒီကနေ့ တရုတ်-မြန်မာ ငွေလဲနှုန်းကတော့ တယွမ်ကို ၁၂၃ ကျပ် ၄၅ ပြား ဈေး ပေါက်ပါတယ်။
No comments:
Post a Comment