ဆောင်းပါးရှင် Qing Minya
တိုးတက်ပြောင်းလဲလာသော စီးပွားရေး၊ လူမှုရေးနှင့်အညီ မလေးရှားနိုင်ငံ၏ လူနေမှုစနစ်သည်လည်း တဆစ်ချိုး ပြောင်းလဲလာခဲ့ရသည်။ ယခင်က အိမ်ထောင်တစ်ခုတွင် အဝတ်လျှော်၊ ကလေးထိန်း စသော အိမ်မှုကိစ္စများကို တာဝန်ယူခဲ့သော မလေးရှားအိမ်ရှင်မများသည် ၁၉၉၀ပြည့်နှစ်နောက်ပိုင်းမှ စ၍ ခင်ပွန်းဖြစ်သူနှင့် တန်းတူရည်တူ တက်ညီလက်ညီ မိသားစုအတွက် ရုန်းကန်လာကြသည်။ ထိုသို့သော အိမ်ရှင်မများအတွက် အိမ်ထောင့်တာဝန်ကို ကူညီထိန်းသိမ်းပေးရန် ကူဖော်လောင်ဖက် အိမ်ဖော်များကို လိုအပ်လာခဲ့သည်။ အချို့ ငွေကြေးပြည့်စုံသော မိသားစုများတွင်မူကား အိမ်ထောင်ရှင်မများသည် ပင်ပန်းသည် ဟူသော အကြောင်းပြချက်ဖြင့် မိသားစု၏ ဝိစိကိစ္စအဝဝကို ဆောင်ရွက်ရန် အိမ်ဖော်များကို အားထားကြသည်။ မည်သို့ပင် ဖြစ်စေကာမူ သိန်းနှင့်ချီနေသော အာရှနိုင်ငံကလေးများမှ အိမ်ဖော်မလေးများသည် မလေးရှား မိသားစုများအကြားဝယ် မိဝေးဖဝေး ဝမ်းရေးအတွက် ရုန်းကန်ရရှာသည်။
.
မလေးရှားနိုင်ငံသား အလုပ်ရှင်များသည် အိမ်ဖော်မလေးများကို မြေနိမ့်ရာလှံစိုက် နိုင်ထက်စီးနင်း ပြုမူသည် ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ၂၀၀၉ခုနှစ် နှစ်လည်ပိုင်းတွင် ထိုသို့သော ညှင်းပန်း နှိပ်စက်မှုဖြစ်ရပ်များကြောင့် အင်ဒိုနီးရှားနိုင်ငံများမှ မလေးရှားသို့ အိမ်ဖော်မိန်းကလေးများ စေလွှတ်ခြင်းကို ဆိုင်းငံ့ခဲ့သည်။ ထိုအခါ မလေးရှား အစိုးရမှ
အခြားအာရှနိုင်ငံဖြစ်သော ကမ်ဘောဒီးယားနိုင်ငံမှ အိမ်ဖော်မလေးများကို တင်သွင်းခဲ့ရသည်။ ၂၀၀၉ခုနှစ်မှ ၂၀၁၁ခုနှစ်ကုန်အထိ မလေးရှားနိုင်ငံတွင် အလုပ်လုပ်သော ကမ်ဘောဒီးယားအိမ်ဖော်မလေးများ ဦးရေမှာ ၅၀,၀၀၀ ကျော်ခန့် ရှိသည်။
.
ဘာသာစကား အခက်အခဲရှိသော အနှီ ကမ်ဘောဒီးယား အိမ်ဖော်မလေးများ၏ ဘဝမှာ အင်ဒိုမလေးများ ကဲ့သို့ပင် ကံအကြောင်းမလှ၍ ရက်စက်တတ်သော အလုပ်ရှင်မျိုးနှင့် ကြုံရသည်က များသည်။ နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီမှုများ ရှိပါသည်ဟု ဆိုသော်ငြား အနှီ ကလေးမများကို ကာကွယ်ပေးနိုင်သော ဥပဒေ သတ်သတ် မှတ်မှတ်မရှိခြင်းကြောင့် ကမ်ဘောဒီးယားမှ အိမ်ဖော်မလေးများသည်လည်း ညှင်းပန်းမှု ဒဏ်နှင့် မလွတ်ကင်းရှာပေ။
.
Human Rights Watch ၏ မှတ်တမ်းများအရ ကမ်ဘောဒီယား အိမ်ဖော်မလေးများ၏ လစာငွေသည် ရင်းဂစ် ၄၀၀ မှ ၆၅၀အတွင်း ဖြစ်သည်။ အိမ်ဖော်မလေးများ အများစုသည် လစာကို ပုံမှန်မရကြဟု ဆိုသည်။ တရက်လျှင် နာရီ ၂၀မျှ အလုပ် လုပ်ကြရပြီး ထမင်းဝအောင် မစားရဟု ဆိုသည်။ Human Rights Watch မှ ကမ်ဘောဒီးယား အိမ်ဖော်မလေး ၈၀ ဦးခန့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ထက်ဝက်ခန့်သည် နေ့စဉ်လိုပင် အလုပ်ရှင်၏ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကို ခံကြရပြီး (၃)ဦးမှာမူ အဓမ္မ ပြုကျင့်ခံရသည်ဟု ဆိုသည်။
.
မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Tenaganita သည် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်၍ ညှင်းပန်းနှိပ်စက်ခံရသော ခိုကိုးရာမဲ့ အိမ်ဖော်မလေးများကို အကူအညီများစွာ ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုသို့ Tenaganita မှ အကူအညီကို ရယူခဲ့သော ကမ်ဘောဒီးယား အိမ်ဖော်မလေးများထဲတွင် အသက် ၃၁နှစ် အရွယ် Hok Pov လည်း ပါဝင်သည်။ သူမသည် ၂၀၁၀ခုနှစ်၊ ဧပြီလတွင် မလေးရှားသို့ လာရောက်ခဲ့သူ ဖြစ်သည်။ Hok Pov က သူမ၏ အဖြစ်ကို ဤသို့ ပြောပြခဲ့သည်။
.
"မလေးရှားကို ရောက်ပြီး ၆ ပတ်အတွင်းမှာ ကျွန်မ ကိုယ်အလေးချိန် ၁၀ ကီလို ကျခဲ့ပါတယ်။ တနေ့ကို နာရီ၂၀ မနားတမ်း အလုပ်လုပ်ရတဲ့အပြင် ထမင်းကို ဝအောင် မကျွေးပါဘူး။ အလုပ်ရှင်လင်မယားက မကြာခဏဆိုသလို ကျွန်မကို ပါးရိုက်၊ လက်သီးနဲ့ထိုး၊ ကန်ကျောက်ရိုက်နှက်တတ်ပါတယ်။ တခါကလည်း သွားကျွတ်တဲ့အထိ ပါးရိုက်ပါတယ်။ ကျွေးတော့ သူတို့အကျန် ကြက်ရိုးတို့ဘာတို့ အရိုးအရင်းကို ကျွေးတာပါ။ ဆာလွန်းတော့လည်း ဘာကျွေးကျွေး စားရပါတယ်။ ဒါအပြင် ကျွန်မကို ကတုံး တုံးပစ်ပါတယ်။ လစာလည်း မပေးပါဘူး" ဟုဆိုသည်။
.
Tenaganita မှ တာဝန်ရှိသူများက Hok Pov ကိုယ်စား သက်ဆိုင်ရာထံ တိုင်ကြားခဲ့သော်လည်း အထောက်အထား ခိုင်လုံခြင်းမရှိဟု ဆိုကာ အရေးယူခြင်း မရှိခဲ့ချေ။ Hok Pov ၏ လစာငွေကိုလည်း Tenaganita မှပင် သူမကိုယ်စား အလုပ်ရှင်ထံ အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်း ယနေ့ထက်တိုင် ပေးချေခြင်း မရှိချေ။
.
Men Chaveasna သည်လည်း Hok Pov ကဲ့သို့ပင် Tenaganita မှ ကူညီစောင့်ရှောက်ထားရသူ ဖြစ်သည်။ သူမသည် မလေးရှားနိုင်ငံတွင် အိမ်ဖော်အဖြစ် နှစ်နှစ်ကြာ လုပ်ခဲ့ပြီး ထိုကာလအတွင်း လစာငွေ တပြားမျှ ရရှိခြင်း မရှိသည့်အပြင် အလုပ်ရှင်ဖြစ်သူမှ သူမအား လေဆိပ်တွင် စွန့်ပစ်ခဲ့သည်။ Tenaganita ၏ အကူအညီဖြင့် သူမ၏ အလုပ်ရှင်ကို တရားစွဲဆိုခဲ့ပါသော်လည်း သူမ၏ အမှုမှာ အကြောင်းမဲ့ ဆိုင်းငံ့ခြင်းခံခဲ့ရပြီး သူမ၏ လစာငွေ စုစုပေါင်း ရင်းဂစ် ၇၀၀၀ ကျော်ကို ယနေ့ထိတိုင် လက်ခံရရှိခြင်း မရှိချေ။
.
အလားတူ အဖြစ်မျိုးနဲ့ ကြုံတွေ့ရသူ နောက်တစ်ဦးမှာ အသက် ၃၀ ကျော် Orn Eak ဖြစ်သည်။ သူမသည်လည်း ကမ်ဘောဒီးယားမှပင် ဖြစ်သည်။ Orn Eak သည် ၂၀၁၀ခုနှစ် နှစ်ဆန်းပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ သို့ လာရောက်ခဲ့သည်။ သူမသည် နားရက်မရှိ၊ နားချိန်မရှိ အလုပ်ရှင်၏ မိခင် လူမမာကို ပြုစုရရှာသည်။ မကြာခဏ ဆိုသလို လူမမာ အမယ်အို၏ ကုတ်ဖဲ့ခြင်း၊ ကန်ကျောက်ရိုက်နှက်ခြင်းကို ခံရရှာပြီး တနေ့လျှင် ခေါက်ဆွဲပြုတ် တစ်ထုပ်သာ စားရသည်ဟု ဆိုသည်။ သက်တမ်းစေ့၍ နေရပ်သို့ ပြန်လိုသောအခါ အလုပ်ရှင်မှ လစာ တပြားမျှမပေးပဲ လေယာဉ်ပေါ် တင်လွှတ်ခဲ့သည်။ နေရပ်ဖြစ်သော ဖနွမ်းပင်သို့ ရောက်သောအခါ Orn Eak ခမျာ သူမကို စေလွှတ် ခဲ့သော အိမ်ဖော်အေးဂျင့်ထံ အားကိုးတကြီး သွားရှာပါသည်။ သို့သော် ခမျာမှာ အေးဂျင့်၏ ရုံးခန်းတွင် ယောင်္ကျားကြီး လေး ငါးယောက်၏ ဝိုင်းဝန်းထိုးကြိတ်မှုကို ခံရရှာပြန်သည်။ နောက်ဆုံးတွင် Orn Eak ၏ အကြောင်းကြားမှုကြောင့် မိခင်ဖြစ်သူပါ လိုက်လာခဲ့ပြီး အဆုံးတွင် သူမရသင့်သော လစာငွေ၏ ထက်ဝက်ကိုသာ လက်ခံရရှိခဲ့သည်။
.
အချို့သော ကမ်ဘောဒီးယား အိမ်ဖော်မလေးများမှာ ညှင်းပန်းမှုဒဏ်ကို မခံနိုင်လေသောကြောင့် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးကြသည်။ သို့ရာတွင် ဆွေမရှိ မျိုးမရှိ ဘာသာစကား မတတ်ကျွမ်းသော ရေခြားမြေခြားတွင် မည်သို့ရှင်သန် နိုင်ပါမည်နည်း။ အသက် ၁၉နှစ်အရွယ် Thong သည် အလုပ်ရှင်၏ ရိုက်နှက်မှုကို မခံနိုင်လွန်းသောကြောင့် နိုင်ငံကူးလက်မှတ်ပင် မယူနိုင်ပဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့သည်။ ခိုကိုးရာမဲ့ Thong သည် လမ်းတွင်တွေ့သော သူစိမ်းအမျိုးသားတစ်ဦးအား သံရုံးသို့ လိုက်ပို့ပေးပါရန် အားကိုးတကြီး အကူအညီ တောင်းခံရှာသည်။ Thong ကံဆိုးရှာပါသည်။ အနှီ အမျိုးသားသည်ကား ဥပဒေ အပြင်ဘက်မှလူ ဖြစ်နေချေတော့သည်။ သကောင့်သားသည် Thong အား သံရုံးအစား သူ၏နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ၄င်း၏ နေအိမ်၌ Thong အား လနှင့်ချီ၍ ချုပ်နှောင်ထားခဲ့ပြီး ညှင်းပန်းနှိပ်စက် ရုံမျှမက လိင်ကျေးကျွန်အဖြစ် သွတ်သွင်းခဲ့သည်။ ထိုသကောင့်သားအား ရဲမှ အခြားသော ပြစ်မှုများ အတွက် ဝင်ရောက်ဖမ်းဆီးသောအခါ ၄င်းချုပ်နှောင်ထားသော Thong ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုစဉ်က Thong တွင် နိုင်ငံကူးလက်မှတ် မရှိလေသောကြောင့် သူမအား မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ထောင်ဒဏ် ၇ လ ချမှတ်ခဲ့သည်။ သနားစရာ သူမသည် လူယုတ်မာ၏ အဓမ္မပြုကျင့်မှုကြောင့် ရရှိလာသော ကိုယ်ဝန်ကို ထောင်ထဲတွင်ပင် ကလေးမျက်နှာမြင်ခဲ့ရသည်။
.
ယင်းသို့ ကမ်ဘောဒီးယား အိမ်ဖော်မလေးများအား မလေးရှားအလုပ်ရှင်များမှ ညှင်းပန်း၍ တိုင်ကြားမှု များသည် ၂၀၀၉ မှ ၂၀၁၁ နှစ်ကုန်အထိ အမှုပေါင်း ၂၀၀၀ ကျော်ခဲ့သည်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလတွင် ကမ်ဘောဒီးယား အစိုးရမှ ၄င်းနိုင်ငံသား မိန်းကလေးများကို မလေးရှားနိုင်ငံသို့ အိမ်ဖော်အဖြစ် ထပ်မံစေလွှတ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ မလေးရှားနိုင်ငံဆိုင်ရာ ကမ်ဘောဒီးယား သံအမတ် Norodom Arunrasmy မှ ၄င်း၏ သဘောထားကို ဤသို့ပြောကြား ခဲ့သည်။
.
"မလေးရှားနိုင်ငံဟာ ကျွန်မတို့ ကမ်ဘောဒီယား အမျိုးသမီး အိမ်ဖော်မလေးတွေကို အဆိုးရွားဆုံး ဆက်ဆံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကျွန်မတို့ မိန်းကလေးတွေ ညှင်းပန်းနှိပ်စက်ခံရလေတိုင်း သက်ဆိုင်ရာကို တိုင်ကြားသော်ငြား မည်သည့်ဌာန၊ အဖွဲ့အစည်းကမှ အရေးတယူပြုခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် မလေးရှား လူဝင်မှုကြီးကြပ်ရေးမှလည်း ဒီလိုကိစ္စတွေကို ဖြေရှင်းပေးခြင်း မရှိပါဘူး" ဟု ဆိုသည်။
.
ဘာသာစကား နားလည်တတ်ကျွမ်းခြင်း မရှိသော တပြည်ရပ်ခြားတွင် မိဘမောင်ဖွားမပါ၊ မိမိဘဝအား အလုပ်ရှင်၏ လက်သို့ ဝကွက်အပ်လိုက်ရမည့်အဖြစ်မျိုးသည် လမိုက်ညဝယ် ချောက်ကမ်းပါးစပ်၌ လမ်းထွက်လျှောက်ခြင်းနှင့် တူ၏။ အေးဂျင့်ဟူသည်ကား ရွှန်းရွှန်းဝေအောင် ပြော၍ ဆွယ်တရားဟောမည် ဖြစ်၏။ မည်သို့ပင် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်များ ရှိစေကာမူ အမိမြေ၏ ပြင်ပတွင် ကျားသနားမှ နွားချမ်းသာရသော ဘဝမျိုးကိုသာ ရင်ဆိုင်ရပေမည်။ မိမိတို့ မြန်မာအမျိုးသမီးများအား အင်ဒိုနီးရှားနှင့် ကမ်ဘောဒီးယားမှ အိမ်ဖော်မလေးများကဲ့သို့ နစ်နာသွားမှာ စိုးလှသည်။ အန္တရာယ် အပြည့်နှင့် ဤခယောင်းလမ်းကို မလျှောက်လှမ်းစေချင်ပါ။ ထပ်ပြီး ပြောပါရစေ။
.
"ညီမလေးရယ် ..... အိမ်မှာပဲနေပါ။"
.
မှီညွှန်းကိုးကား-
.
http://www.asafeworldforwomen.org/womens-rights/wr-asia-pacific/wr-malaysia/1106-cambodian-maids-tell-of-abuse-by-malaysian-employers.html
http://www.asafeworldforwomen.org/womens-rights/wr-asia-pacific/rw-cambodia/1442-cambodian-pm-bans-domestic-workers-going-to-malaysia.html
http://www.smh.com.au/world/job-agencies-complicit-in-malaysian-abuse-of-cambodian-maids-20120117-1q4l0.html
http://www.phnompenhpost.com/index.php/2012020354307/National-news/returning-maids-have-horrific-tale.html
http://khmerization.blogspot.com/2012/01/cambodian-maids-need-legal-protection.html
.
No comments:
Post a Comment