2011-07-24 RFA မှ ကူးယူဖော်ပြသည်
သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံ နေထိုင်သူ မြန်မာစစ်ထောက်လှမ်းရေးဟောင်း ဆိုသူ နောက်တဦးက မြန်မာနိုင်ငံမှာ လူ ၄ဝ နဲ့ ၅ဝ ကြား သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဒီကနေ့ ဝန်ခံ ပြောကြားလိုက်ပါတယ်။မြန်မာစစ်အစိုးရရဲ့ အမိန့်ပေး ခိုင်းစေမှုကြောင့် ၁၉၈၄ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အတွင်း ကရင် တော်လှန်ရေးသမား ၅ဝ နီးပါး သတ်ဖြတ်ခံခဲ့ရမှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ အသက် ၄၄ နှစ်အရွယ် ကရင်တိုင်းရင်းသား ကိုမွန်းဆာ ဆိုသူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ဒီ ကျူးလွန်ခဲ့မှုတွေအတွက် မိမိမှာ အပြစ်ရှိကြောင်း၊ စစ်အစိုးရက ကရင်လူမျိုး အချင်းချင်း သတ်ဖြတ်ဖို့ မိမိကို ဓားတချောင်းသဖွယ် အသုံးချခဲ့ကြောင်း အဲဒီ ကိုမွန်းဆာ ဆိုသူက ပြောပါတယ်။
ရှစ်လေးလုံး အရေးအခင်းအတွင်း လူတွေ ရာနဲ့ချီ သတ်ဖြတ်ခဲ့မှုမှာ ပါဝင် ကျူးလွန်ခဲ့ကြောင်း ကိုထူးထူးဟန် ဆိုသူက ပြောကြားအပြီး ရက်ပိုင်းအတွင်းမှာ သြစတြေလျ နိုင်ငံသား ကိုမွန်းဆာက ဒုတိယမြောက် အခုလို ဝန်ခံ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ကိုထူးထူးဟန်ဟာ သြစတြေးလျနိုင်ငံမှာ သူနဲ့ လုပ်ဖော်ကိုင်ဘက် ပြစ်မှုကျူးလွန်ခဲ့သူ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ၉ ဦး ရှိကြောင်း ပြောဆိုထားပြီး ဒီကနေ့ ဝန်ခံထွက်ဆိုသူ ကိုမွန်းဆာကိုတော့ သိကျွမ်းမှု မရှိကြောင်း ပြောပါတယ်။
လောလောဆယ်အထိတော့ ကိုထူးထူးဟန်ကိုရော၊ ကိုမွန်းဆာကိုပါ သြစတြေလျ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာ မရှိသေးသလို သူတို့ရဲ့ ဝန်ခံ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
No comments:
Post a Comment