|
|
|
Wednesday, 15 June 2011 00:00 |
အလုပ်သမား လက်မှတ်(ဘတ်)နှင့် ပတ်သက်ပြီး လုပ်ငန်းအားလုံးကို တနေရာတည်းတွင် ပြီးစီးစေမည့် One Stop Service ၀န်ဆောင်မှုကို ပေးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ၀န်ကြီး ချလုံချိုင်းစီရီအွန်က “မြန်မာ ကမ္ဘောဒီယားနဲ့ လာအိုနိုင်ငံက တရားမ၀င် ရောက်ရှိ နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဒီနေ့က စပြီးတော့ လုပ်ပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်း ထိရောက် မြန်ဆန်ဖို့အတွက် တနေရာတည်းမှာ လုပ်ပေးဖို့ကို ထိုင်း တနိုင်ငံလုံးမှာ စီစဉ်ထားတယ်။ တရားဝင် အလုပ်သမားတွေ ဖြစ်လာလို့ရှိရင် အားလုံးအတွက် အကျိုးရှိမှာဖြစ်တယ်” ဟု ပြောဆိုသွားသည်။ နိုင်ငံခြားရေး ဒုတိယ ၀န်ကြီး ဦးမောင်မြင့်က “ဘန်ကောက်က သံရုံးမှာထားတဲ့ ၀န်ထမ်းဟာ ကျနော်တို့ ဆင်းရဲတဲ့ နိုင်ငံနဲ့တောင် မတူဘူး။ အစိုးရက နိုင်ငံတကာမှာ ထားတဲ့ ၀န်ထမ်းတွေထက် အရေတွက် ပိုများပါတယ်။ နိုင်ငံခြားမှာ ရှိတဲ့ အလုပ်သမားတွေအတွက် လိုအပ်လို့ရှိရင် လူအင်အား ငွေအင်အား သုံးဖို့ အဆင်သင့်ပါ။ ထိုင်းမှာ အလုပ်သမားတွေ တစ်ခုခုဖြစ်ရင် သိရှိနိုင်အောင် ကျနော်တို့မှာ ပြင်ဆင်ထားတာ မရှိပေမယ့် သတင်းမီဒီယာ ခေတ်မှာ သတင်းတွေမှာ တွေ့လာလို့ရှိရင် ကျနော်တို့ ချက်ခြင်း ဆောင်ရွက်မှာပါ။ မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း ကိုယ်တိုင် ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါတယ်”ဟု ပြောဆိုသွားသည်။ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဌ ဦးမိုးကြိုးက “မဲဆောက်နဲ့ တာ့ခ်ခရိုင် အတွင်းက အလုပ်သမားတွေက ဒီဘတ် (အလုပ်သမား လက်မှတ်)ကို လုပ်ချင်ပေမယ့် ရတဲ့ငွေက အလွန် နည်းနေ တာကြောင့် မလုပ်နိုင်ကြဘူးဗျ။ မဲဆောက်နဲ့ တာ့ခ်ခရိုင်အတွင်းမှာ မြန်မာ အလုပ်သမား လေးသိန်းလောက် ရှိပေမယ့် စက်ရုံ အလုပ်သမားက တစ်သိန်းအောက်ပဲ ရှိပါလိမ့်မယ်။ ကျန်အလုပ်သမားတွေက စိုက်ပျိုးရေးနဲ့ ကျဘမ်း အလုပ်သမားတွေ ဖြစ်တယ်။ ဒီအလုပ်သမားတွေကို ဘယ်လုပ်ငန်းရှင်ကမှ ဘတ်လုပ်ပေးမှာ မဟုတ်ဘူးဗျ”ဟု ပြောသည်။ တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လုပ်ပေးနိုင်ခြေ ရှိသော်လည်း တရားမ၀င် လုပ်ကိုင်နေကြသည့် အိမ်တွင်းမှု လုပ်ငန်းနှင့် တောင်ယာ စိုက်ပျိုးရေး လုပ်ငန်း၊ ကျဘမ်း အလုပ်သမားများမှာ ဘတ်လုပ်လိုပါက အငှါးသူဌေးခ ဘတ် (၁၀၀၀) ပေးရကြောင်း ၄င်းက ဆက်ပြောသည်။ ထိုင်းအစိုးရက အလုပ်သမား လက်မှတ်(ဘတ်) လုပ်ခ ထိုင်းဘတ်ငွေ (၃၈၀၀) သတ်မှတ် ထားသော်လည်း ဘန်ကောက်၊ မဟာချိုင်၊ ချွန်ဖွန်၊ ဖူးခက်၊ ရနောင်းအပါအ၀င် အခြားနေရာများတွင် အပြင်ပေါက်ဈေး ဘတ်ငွေ (၅၅၀၀)မှ ဘတ်ငွေ (၆၀၀၀)အထိ ဖြစ်နေသည်။ လက်မှတ် လုပ်ခ (၂၉၀၀)ဟု ထိုင်းအစိုးရက သတ်မှတ်သည့် မဲဆောက်မြို့တွင်လည်း (၄၀၀၀) ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။ မည်သိုပင်ဖြစ်စေ ထိုင်းနိုင်ငံ နေရာ အနှံအပြားတွင် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်)ကို ယနေ့ စတင် လုပ်ကိုင်နေပြီး ဖြစ်သောကြောင့် လက်မှတ် မရှိသည့် အလုပ်သမားများ ပျော်ရွှင်နေကြကြောင်း သိရှိသည်။ အလုပ်သမား လက်မှတ် (ဘတ်)အသစ် လုပ်ငန်းစဉ်ကို တစ်လတိတိ သတ်မှတ်ထားကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ |
No comments:
Post a Comment