ဒီဥပဒေဟာ ထိုင်းအာဏာပိုင်တွေက မြန်မာအလုပ်သမားတွေကို ဖိနှိပ်ခွဲခြားဆက်ဆံတာ
ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။
လိမ္မော်ရောင် အင်္ကျီလက်ပြတ်တွေ ၀တ်ဆင်ဖို့ ဥပဒေထုတ်ထားတဲ့ အဲဒီ နမ့်မယွန်းဒေသမှာ မြန်မာနိုင်ငံသား ခန့်မှန်းခြေ လူဦးရေ ၁ သောင်းခန့် ရှိပါတယ်။
အဓိက အလုပ်တွေကတော့ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင် စတာတွေမှာ ဖြစ်ပါတယ်။ ဒီနေရာကို အလုပ်လာလုပ်ကြတဲ့သူတွေဟာ ထားဝယ် တိုင်းရင်းသားတွေ အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့ မော်လမြိုင်မြို့က လာကြတဲ့ သူတွေလည်း ရှိပါတယ်။
တကယ်က လိမ္မော်ရောင်အပြင် တခြားအရောင်တွေကိုလည်း လုပ်ငန်းအလိုက် ခွဲပြီး ဝတ်ခိုင်းပါသေးတယ်။ ရေလုပ်သား လုပ်ကိုင်နေသူကို လိမ္မော်ရောင်၊ ဈေးဆိုင်တွေမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတွေကို အပြာရောင်၊ ဆောက်လုပ်ရေး အလုပ်သမားတွေကို အညိုရောင် ၀တ်ဆင်ရမယ်ဆိုပြီး ဒေသခံရဲတွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒီလို အရောင်တောက်တောက်နဲ့ အင်္ကျီတွေ မ၀တ်မနေရ ဥပဒေကို ထိုင်းရဲတွေက ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ထုတ်ပြန်ခဲ့ပြီး အင်္ကျီတထည်ကို ဘတ်ငွေ ၂၀၀ နဲ့ မြန်မာနိုင်ငံသားတွေကို မ၀ယ်မနေရ ရောင်းချပေးခဲ့သလို၊ ထိုင်းလုပ်ငန်းရှင်တွေက တဆင့်လည်း ရောင်းခိုင်းပါတယ်။
အင်္ကျီနောက်ကျောမှာလည်း ထိုင်းလုပ်ငန်းရှင်ရဲ့နာမည်နဲ့ လုပ်ငန်းအမျိုးအစားတွေကို ထိုင်းစာတွေနဲ့ ထင်ထင်ရှားရှား ရေးထားပါတယ်။
အလုပ်သမား လက်မှတ်နဲ့ ယာယီ ပတ်စပို့တွေ ကိုင်ထားတဲ့ တရားဝင် အလုပ်သမားတွေဖြစ်ပေမယ့် သူတို့ သတ်မှတ်တဲ့အတိုင်း အင်္ကျီ မ၀တ်တဲ့လူတွေကို ဒေသခံ ရဲတွေက လိုက်ဖမ်းတယ်လို့ အဲဒီမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ကိုအလီက ပြောပါတယ်။
ကိုအလီက “တရားဝင် အလုပ်သမား လက်မှတ်လည်း ရှိတယ်၊ ယာယီ ပတ်စပို့လည်း ရှိတယ်။ အဲဒါတောင် လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ သူတို့ သတ်မှတ်ပေးထားတဲ့အင်္ကျီ ၀တ်ရတယ်။ အင်္ကျီမ၀တ်တဲ့ လူတွေဆိုရင် ရဲကားလာပြီး ကားပေါ် အားလုံးခေါ်တင်သွားတယ်” လို့ ပြောပါတယ်။
အင်္ကျီဝတ်သည့်တိုင် အပြစ်ရှာခံရပုံကိုလည်း ကိုအလီက “အင်္ကျီကြယ်သီးတပ်တာ မှားရင်လည်း ဖမ်းပြီး ဒဏ်ငွေရိုက်တယ်။ အင်္ကျီမဲနေရင်လည်း အင်္ကျီသန့်သန့် ရှင်းရှင်း မ၀တ်ဘူးဆိုပြီးတော့ ဒဏ်ငွေရိုက်တယ်။ ဖမ်းတဲ့အခါမှာ အလုပ်သမား ကတ်ပြားကို ထုတ်ပြတယ်။ ထုတ်ပြတော့ ရဲက မင်းတို့ဆီက အလုပ်သမားကတ်ပြား ကြည့်ဖို့ မဟုတ်ဘူး၊ အင်္ကျီ ဘာကြောင့် မ၀တ်လဲ၊ မ၀တ်လို့ ဖမ်းတယ်ဆိုပြီး အဲဒီလိုလုပ်တယ်” လို့ ပြောပြပါတယ်။
အဖမ်းခံရတဲ့ အလုပ်သမားတွေဟာ လက်မှတ် အထောက်အထားရှိရင် ရဲကို ဘတ်ငွေ ၁၀၀ (၂၈၀၀ ကျပ်) ကနေ ၅၀၀ (၁၄၀၀၀ ကျပ်) အထိ ပေးဆောင်ရပြီး လက်မှတ်မရှိတဲ့ သူတွေဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ ၃၀၀၀ (ကျပ် ၈ သောင်းခွဲ) လောက်အထိ ပေးရပါတယ်။
ကိုအလီက “ပြီးခဲ့တဲ့ ၂ လလောက်က အရမ်း ဖမ်းတယ်။ အခု ဒီလမှာ မဖမ်းတော့ဘူး။ ဒါပေမယ့် အင်္ကျီကတော့ ၀တ်နေရတုန်းပဲ။ ဘယ်အချိန် ဖမ်းမလဲဆိုတာမသိတော့ ၀တ်နေရတယ်” လို့ ပြောပါတယ်။
တချို့အလုပ်သမားတွေက အင်္ကျီတွေကို ၀တ်ဆင်ပြီး ဈေးဝယ်ထွက်တာရှိပေမယ့် အများစုကတော့ ရဲတွေ ဝတ်ခိုင်းတဲ့အတိုင်း အင်္ကျီတွေကို မ၀တ်ချင်ကြဘူးလို့ သိရပါတယ်။
ရေလုပ်သား ကိုကပ္ပလီက “အလုပ်သမားတွေ မ၀တ်ချင်ဘူး ဆိုတာက သွားသွားလာလာ ဆိုင်တွေမှာ ထိုင်တဲ့အခါ ဒီအင်္ကျီ အခံကြီးနဲ့ ရှိုးပျက်တယ်ပေါ့နော်၊ အဲဒါကြောင့် မ၀တ်ချင်ကြတာ” လို့ ပြောပါတယ်။
အင်္ကျီမ၀တ်ရင် ဖမ်းတယ်ဆိုတော့ ညစ်ပတ်လို့ လျှော်လိုက်ပြန်ရင်လည်း ၀တ်စရာ မရှိကြောင်း၊ အင်္ကျီခြောက်မှပဲ ပြန်ဝတ်ပြီး အပြင်ထွက်ရမယ့် ပုံစံမျိုးဖြစ်နေကြောင်း ကိုကပ္ပလီက ဆက်ပြောပါတယ်။
တချို့အလုပ်သမားတွေဆို တလမှာ ၂ ကြိမ်လောက် အဖမ်းခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အသက် ၄၀ ကျော် ရေလုပ်သားတဦးရဲ့ ဇနီးက “ရဲက အင်္ကျီမ၀တ်လို့ အိမ်တန်းလျားမှာ လိုက်ဖမ်းတော့ အိမ်ထဲကိုဝင်ပြေးတာ မြန်သွားလို့။ အဲဒါ အိမ်ကိုလက်ညိုးထိုးပြီးတော့ ရဲကပြောတယ်၊ နင်တို့ မြန်မာတွေ ညထွက်ရင်လည်း အင်္ကျီဝတ်တဲ့၊ မ၀တ်ရင် မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
အဲဒီဒေသမှာ ဆိုင်ကယ်တက္ကစီ မောင်းနေတဲ့ ထိုင်းလူမျိုးတွေကလည်း အလုပ်သမားတွေ ၀တ်ဆင်ရတဲ့ လိမ္မော်ရောင်နဲ့ တူနေလို့ မကြာသေးခင်ကမှ အင်္ကျီအရောင်ကို အစိမ်းနုရောင် ပြောင်းလိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတွေကတော့ အင်္ကျီဝတ်ခိုင်းတာဟာ မြန်မာအလုပ်သမားတွေ မူးယစ်ပြီး ပြဿနာတက်တဲ့အခါ ဘယ်အလုပ်ရုံမှာ လုပ်တယ်ဆိုတာသိအောင် အခုလို တင်းကျပ်တာလို့ အကြောင်းပြပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်းငခရိုင် အခြေစိုက် Grassroots Human Rights Education and Development (GHRED) အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဘယ်လို အခြေအနေကြောင့် အင်္ကျီဝတ်ခိုင်းတာပဲဖြစ်ဖြစ် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။
“ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့က လုံခြုံရေးအရပဲ ဖြစ်စေ၊ ဘယ်အလုပ်သမားက ဘယ်အလုပ်ရှင်ရဲ့ အလုပ်သမားတွေဖြစ်ကြောင်း သူတို့က စစ်ဆေးချင်တာပဲဖြစ်စေ အဲဒါကို တခြားနည်းလမ်းတွေနဲ့ လုပ်လို့ရတာပဲ။ တိရိစ္ဆာန်တွေလို ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ အရာတွေလို သတ်မှတ်ပြီး အင်္ကျီဝတ်ခိုင်းတယ်ဆိုတာက လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် ဒါလုံးဝ သဘာဝကျတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး” လို့ ဦးထူးချစ်က ဆိုပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပြည်နယ်လုံခြုံရေး ဥပဒေအရ မြန်မာအလုပ်သမားတွေ ညဘက် အပြင်မထွက်ရ အမိန့်အပြင် လူ ၅ ယောက်ထက် ပိုပြီး မစုဝေးရ၊ မိုဘိုင်းဖုန်း မကိုင်ရ စသည်ဖြင့် ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဦးထူးချစ်ကတော့ “ဒါဟာ ဒေသခံ အာဏာပိုင်တွေ တရားဝင် အဂတိ လိုက်စားမှုတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင် ပြဌာန်းတဲ့ ဥပဒေပဲလို့ မြင်တယ်”လို့ ပြောပါတယ်။ ။
No comments:
Post a Comment