ပြည်သူ့ဝန်ထမ်း လောကကို ထိထိမိမိ သရော်ခဲ့ပါသည်။
ကာတွန်း ဝိဇ္ဇာ ဦးဘဂျမ်းသည် မအူပင် ခရိုင် ညောင်တုန်းမြို့၊ ၁၂၆၃ ခုနှစ် တပို့တွဲ လဆန်း ၁၃ ရက် ကြာသာပတေးနေ့ (၁၉၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်) ၌ အဖ ဦးဖောင်၊ အမိ ဒေါ်မြစ် တို့က ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက် ရှိသည့် အနက် ဦးဘဂျမ်းမှာ ပဉ္စမမြောက် ဖြစ်သည်။
ရန်ကုန် တက္ကသိုလ်တွင် ဥပစာတန်း အထိ ပညာ သင်ကြား၍ ၁၉၂၉ ခုနှစ်တွင် ဘွိုင်လာ အင်စပိတ်တော်ချုပ် ရုံး၌ လစာငွေ ၉၀ိ စား စာရေး အဖြစ် အမူ ထမ်းသည်။ လုပ်သက် တနှစ်ကျော် ရှိမှ ချုပ်ချယ်မှုကို မနှစ်သက်၍ အလုပ်မှ ထွက်ကာ ငယ်စဉ် ကပင် ဝါသနာ ထုံသော ရုပ်ပြောင် ကာတွန်းကို ရေးဆွဲသည်။
ရန်ကုန် ဂေဇက် သတင်းစာက သူ့ကာတွန်း များကို စတင် ဖော်ပြသည်။ အယ်ဒီတာ မစ္စတာ မောင်မှိုင်းက ငွေ ၆၀ိ ထုတ်ပေး လိုက်၍ ကာတွန်း ဆရာ အဖြစ် အသက်မွေး ဝမ်းကြောင်း ပြုရန် စိတ်ဓာတ် ခိုင်မြဲ သွားသည်။ သတင်းစာ ဆရာများက သူ့ကာတွန်း များကို အလုအယက် သုံး၍ ကာတွန်း ဆရာ အဖြစ် အောင်မြင် လာသည်။ ပန်းချီ ဆရာ အသင်း အတွင်းရေးမှူး အဖြစ် လေးနှစ် ဆောင်ရွက်သည်။ ထိုမှ တဆင့် တက်၍ ပဲရော့ ရုပ်ရှင်မှ ပေ ၈၀၀ ရှည် "ကြက်တောင်ကွ" နှင့် ပေ ၁၀၀၀ ခန့်ရှိ "အသူရာ" ကာတွန်း ရုပ်ရှင် ကားများကို တီထွင် ရိုက်ကူးသည်။
ထိုအချိန်က ကာတွန်း ရုပ်ရှင် ရေးဆွဲနည်း မရှိသေး၍ မှန်ရှေ့တွင် ခါးတောင်းကျိုက် လမ်းလျှောက်ကာ အရုပ် လှုပ်ရှားပုံကို ခက်ခက်ခဲခဲ မှတ်ခဲ့ ရသည်ဟု ဆိုသည်။ ဤနည်းဖြင့် ပုံပေါင်း နှစ်ထောင် ရေးဆွဲပြီး ကာတွန်း ရုပ်ရှင်ကို နှစ်လခွဲ အတွင်း ရိုက်ကူး နိုင်ခဲ့သည်။
ဆရာ ဦးဘဂျမ်းသည် ကာတွန်း ရေးဆွဲရာတွင် သာမက စာ အရေးအသားလည်း ကောင်းသူ ဖြစ်သည်။ အထူးသဖြင့် ဟာသဝတ္ထုရေးသားရာတွင် ပြောင်မြောက်သည်။ သူကိုယ်တိုင် ကြီးမှူး ထုတ်ဝေသော "ရွှေမြို့တော် မဂ္ဂဇင်း" ၌ သုသု အမည်ဖြင့် "ညီမလေးကြောင့်" ဝတ္ထုကို ရေးသည်။ ရှုမဝ နှစ်တရာ ပြည့်တွင် ဖော်ပြသော "အချစ်ကြောင့်" ဝတ္ထုရှည်မှာ ဟာသ ဉာဏ်ရွှင်၍ ဆွဲဆောင်မူ အပြည့် ရှိသော ဝတ္ထု ဖြစ်သည်။
၁၉၅၀ ခုနှစ်လောက်က လက်ဖျား ငွေသီး နေသော ဦးဘဂျမ်းအား ဖဆပလ အစိုးရက အမြတ်တော်ကြေး ကောက်ရန် ဆင့်ဆို၍ ဦးဘဂျမ်းသည် ကာတွန်း မဆွဲဘဲ သုံးလခန့် သပိတ် မှောက်ဖူးသည်။ သူ့ကာတွန်း များကို မကြည့်ရမ နေနိုင်သော လူထုက တောင်းဆို ကြ၍ ကာတွန်း ပြန်ဆွဲ ခဲ့သည်။
ဦးဘဂျမ်း၏ ကာတွန်းများသည် လူထု အပေါ် သြဇာ ကြီးမားသောကြောင့် ဖဆပလ အာဏာပိုင်ကြီး တဦးက ဦးဘဂျမ်းအား ညွှန်ကြားရေးဝန် တနေရာ ယူ၍ နိုင်ငံ့ဝန် ထမ်းဆောင်ဖို့ စည်းရုံးသည်။ ဦးဘဂျမ်းက သူ့အတွက်ရော တိုင်းပြည် အတွက်ပါ အကျိုး ရှိမည် မဟုတ်ဟု ငြင်းဆို ခဲ့သည်။
ဆရာ ဦးဘဂျမ်းသည် တယောထိုးခြင်းနှင့် ကျားကစားခြင်းကို ဝါသနာ ထုံသည်။ လူများရာ ပွဲလမ်း သဘင် ဧည့်ခံပွဲ များသို့ သွားလေ့ မရှိ၊ ထင်ရှားမူကို လိုလား သူလည်း မဟုတ်ချေ။ ဆရာ ဦးဘဂျမ်းသည် ၁၉၃၄ ခုနှစ်တွင် ပဲခူးမြို့သူ ဒေါ်ကြည်နှင့် အကြောင်း ပါသည်။ ၁၉၄၈ ခုနှစ်တွင် သားကို ဗိုက်ခွဲ မွေးရသော ဒဏ်ဖြင့် ဒေါ်ကြည် ကွယ်လွန်ရာ အလွန် စိတ်ထိခိုက် သွားရှာသည်။ ထို့ကြောင့် ဦးဘဂျမ်း ဇာတ်လိုက်ကျော် "ဦးဖျောက်ဆိပ်" သည် ရသေ့ဝတ် ပြောင်းကာ "ရသေ့ကြီး ဦးဖျောက်ဆိပ်" ဖြစ်လာ ရသည်။
ဦးဘဂျမ်းသည် စာနယ်ဇင်း များတွင် မိမိ အာဘော်ဖြင့် ရေးသည့် ပုံပြင်များကို "ဘဂျမ်း" ဟူ၍ လက်မှတ် အပြည့်အစုံ ရေးထိုးပြီး မိမိ အာဘော် မဟုတ်ဘဲ အခြား သူများ၏ အာဘော်ကို သရုပ်ဖော် ပေးရသော အခါ "ဘီဂျီ" ဟူ၍ အတိုကောက် လက်မှတ် ထိုးလေသည်။
နိုင်ငံခြား၌ ပညာ ဆည်းပူးရန် အစိုးရက စေလွှတ်မည် ဆိုသော်လည်း လိုလိုချင်ချင် မရှိ၊ ငြင်းဆန် ခဲ့လေသည်။ ဦးဘဂျမ်း၏ ကိုယ်ပိုင် ဇာတ်ကောင်များမှာ ဗမာ့ခေတ် သတင်းစာတွင် ဦးဖျောက်ဆိပ်၊ ဟံသာဝတီ သတင်းစာတွင် "ချာရာဏသီ မောင်မြေဇာ"တို့ ဖြစ်သည်။
ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ရေး အရ သရော်ပြီး ရေးသားခြင်း မပြုခဲ့ပေ။ ခေတ်၊ စရိုက်၊ သဘာဝကို အဓိက ထားကာ သရော် ခဲ့သည်။ နေ့စဉ်ထုတ် သတင်းစာ များကို ဖတ်ကာ တိုင်းပြည် အတွက် ဖြစ်ပျက် နေသော အရေးအကြောင်း များကို လေ့လာ အကဲဖြတ် ပြီးမှ ပုံရေးလေ့ ရှိသည်။
ဆရာ ဦးဘဂျမ်းသည် အစာမကြေ ရောဂါ၊ အနာ့ပဆုပ် ရောဂါတို့၏ ဒဏ်ကြောင့် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကွယ်လွန်သည်။ ဦးဘဂျမ်း မရှိတော့မှ ဖဆပလ အစိုးရက ၁၉၅၅ ခုနှစ်တွင် အလင်္ကာ ကျော်စွာ ဘွဲ့ကို ချီးမြှင့်သည်။ ကျန်ရစ်သူ တဦးတည်းသော သားလေး မောင်ကျော်ညွန့်အား ထိုဆုကို ရန်ကုန်မြို့ ဂျူဗလီဟော၌ ပေးအပ် ခဲ့သည်။ ထို ဂုဏ်ပြုပွဲတွင် ပန်းပု ဦးဟန်တင် ထုထားသော ဦးဘဂျမ်း၏ ကိုယ်တပိုင်း ပန်းပု ရုပ်ပုံကို ပန်းချီ ဦးငွေကိုင်က ဖွင့်လှစ် ပေးခဲ့ လေသည်။-
ကိုးကား
- ကာတွန်း ဆရာကြီး ဦးဘဂျမ်း အသက် (၁၀၆) နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ကွယ်လွန်ခြင်း (၅၅) နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အမှတ်တရ အဖြစ် မောင်ဗိုလ်မွှေး ရေးသားတဲ့ 'ဦးဘဂျမ်း ကာတွန်း တစေ့တစောင်း စာအုပ်'၊
- 'အလင်္ကာ ကျော်စွာ ကာတွန်း ဝိဇ္ဇာ ဦးဘဂျမ်း၏ ဟာသရသ ကာတွန်းများ' စာအုပ်
- ဘထွေး ရေးတဲ့ 'ကာတွန်း ဦးဘဂျမ်းနဲ့ သူတို့ အမြင်' စာအုပ်
No comments:
Post a Comment