သုစိပုဘာ ဝိလိသိဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့ စာသင်ပျိုနု အခြေပြုတို့ ဥဇုဘူတ လုံ့လပြင်းစွာ သူ့ထက်ငါဟု နှုတ်မှာရွရွ ကြိုးပမ်းကလျှင် သိပ္ပကျေးဇူး အထူးသိမြင် ပညာရှင်ဟု မထင် မပေါ် မကျော်စောဘဲ တီမှာလွဲအံ့ အရဲကြိုးကုတ် ကြက်ရဲသုတ်သို့ အားထုတ်ခုံမင် မသင်မအံ မကြံမမေး ဆွေးနွေးရောနှော ဟောပြောမဲ့ထွေ ပေချပ်ရေဖြင့် ကုန်စေဆန်းသာ သင်ချေပါလည်း ဘယ်မှာဂုဏ်ရှင် ကျော်စောထင်လိမ့် စာသင်ဟူက ကျမ်းထိုမျှကို တွေ့ ကမရှောင် ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ လွှသွားပမာ ကျောက်ထက်စာသို့ လိုရာရအောင် ကြံဆောင်လေ့ကျက် အနက် အဓိပ္ပါယ် နှုတ်ဝယ်ရွရွ ထားချေမှတည့် တစ်စပေါ်လျှင် ချည်စငင်သို့ သဘင်ပွဲမှောက် ဆိုရေးရောက်က လန့်ကြောက်မရှိ သတိမြဲခိုင် ကျောက်တိုင်ပမာ ကေသရာသို့ ရွံ့ ရှာမဲ့လျှင် ဆိုခင်းနည်းနာ အဖြာဖြာကို မကြာနှုတ်လျှောက် ခန့်ချင့်ထောက်လော့ အံ့လောက်ဖွယ်သာ ဂါထာပါဌ်သား စကားဝိုက်လည် စဉ်ရှည်ရှေးတီး စကားကြီးက စသည်ထိုထို ဝိဂြိုလ်ဝစနတ် ဓါတ်ရပစ္စည်း ထုံးနည်းပမာ ဂါထာဆန်းဂိုဏ်း ကရိုဏ်းဌာန်စစ် ဖွင့်လှစ်ဋီကာ အဋ္ဌကထာပါဠိ အောက်ထက်ညှိ၍ ကဝိလက္ခဏာ အဖြာဖြာကို သေချာဆည်းဆ ဆိုဝံ့ကလျှင် ဘဝဤတွင် ခုမျက်မြင်လည်း မထင်ဘယ်မှာ ရှိဘိရာအံ့ သံသရာလည်း ပမာကဲလွန် အဆုံးစွန်မူ ညီမွန်တုလွတ် သုံးလူ့ နတ်ဝယ် အကျွတ်ဘယ်မှာ ဝေးတော့မည်။
သု = သုဏေယျ… နာရာ၏။
စိ = စိန္တေယျ.. ကြံရာ၏။
ပု = ပုစ္ဆေယျ.. မေးရာ၏။
ဘာ = ဘာသေယျ.. ပြောဆိုရာ၏။
ဝိ = ဝိစာရေယျ .. စုံစမ်းဆင်ခြင်ရာ၏
လိ = လိခေယျ.. စာရေးရာ၏။
သိ = သိက္ခေယျ.. လေ့ကျင့်ရာ၏။
ဓါ = ဓါရေယျ.. နှုတ်ငုံဆောင်ရာ၏။
No comments:
Post a Comment