.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးသုတေသန အစီရင်ခံစာ အကျဉ်းချုပ်

နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးသုတေသန အစီရင်ခံစာ အကျဉ်းချုပ်
စာရေးသူ……….. ဖွန်ချိုင်းသန်သိဝိထယားဖိထတ်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံခြားသားအလုပ်သမားများ၏ ရင်သွေးများ မည်ရွေ့မည်မျှ အစိုးရကျောင်းများ တွင်တရားဝင် ပညာသင်ကြားနိုင်ခြင်းနှင့် ပတ်သက်၍ သုတေသနစာတမ်း တစ်ခုကို ၆ လကြာအချိန်ယူ၍ သုတေသန ပြုလုပ်ထားပါသည်။ ၎င်းစာအုပ်တွင် နိုင်ငံခြားသား အလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားရာတွင် တွေ့ကြုံနေ ရသည့်အခက်အခဲ၊ ပညာ သင်ကြားမှုကို ထောက်ခံအားပေး ပံ့ပိုးကူညီသူများ၊ ကလေးများ ကျောင်းများသို့သွားရောက် ပညာ မသင်ကြားနိုင်သည့် အခက်အခဲ၊ အတား အဆီးများကိုလည်း တွေ့ရှိရမည် ဖြစ်သည်။

ယ္ခု ပြုစုလိုက်သော သုတေသနစာတမ်းသည် အနာဂတ်ကာလတွင် အစိုးရကိုယ်တိုင်ဖြစ် စေ၊ လူမှုအဖွဲ့အစည်းတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ ဖြစ်စေ နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးများမည်သည့်အတွက် ကြောင့် ကျောင်းများတွင် ပညာမသင်ကြားနိုင်သည့် အခြေခံအကြောင်းများကို သိရှိစေရန် ရည်ရွယ်ပြီး ပြုစုရခြင်း ဖြစ်သည်။

သုတေသနစာတမ်းအတွက် သွားရောက်၍ စစ်တမ်းကောက်ယူရာတွင် အသက်
၁၈ နှစ် အောက်အရွယ် မြန်မာနိုင်ငံသားလူငယ်များကို မေးမြန်း၍ စစ်တမ်းပြုစုခဲ့ခြင်း ဖြစ်သည်။ အချို့ သော ကလေးများသည် မိဘများနှင့် အတူနေထိုင်ပြီး အချို့သောလူငယ်ကလေးများ ကို ၎င်း တို့အလုပ် လုပ်နေသည့် လုပ်ငန်းခွင်များတွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရခြင်း ဖြစ်သည်။ ကလေးမိဘ များတွင် ထိုင်းအစိုးရအသိအမှတ်ပြု တရားဝင်အလုပ်သမားလက် မှတ်ကိုင်ဆောင်ထားသူများ ရှိသလို၊ လက်မှတ်မရှိသူများလည်း ပါဝင်သည်။ ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်နေသည့် နိုင်ငံခြားသားအ လုပ်သမားဈေးကွက်တွင်မြန်မာနိုင်ငံသား အလုပ်သမားများသည် လူဦးရေအများဆုံး ဖြစ်သည်။ အခြားနိုင်ငံမှ အလုပ်သမားများနှင့် နှိုင်းယှဉ်လျှင် ထိုင်းနိုင်ငံ၏ စီပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်လုပ်ပေးနေသည့် အဓိကအင်အားစုများ ဖြစ်သည်ကိုလည်း တွေ့ရှိရသည်။

သုတေသနစာတမ်းကို ပြုစုရာတွင် စာတမ်းဖတ်၍ သုတေသနပြုလုပ်ခြင်းနှင့် လက်တွေ့ ကွင်းဆင်း၍ သုတေသနပြုခြင်း နှစ်မျိုးစလုံးကို ပြုလုပ်ခဲ့သည်။ သုတေသနပြုရာနေရာများ မှာ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသား အများဆုံးရှိသည့် ခရိုင်များဖြစ်သည့် သာတ်ခရိုင် မဲဆောက်မြို့၊ ဆမုတ်ဆာခွန်းခရိုင် မဟာချိုင်းမြို့နှင့် ဖန်းငါးခရိုင် ခိုရဘူလီမြို့ တို့တွင် လက်တွေ့ ကွင်းဆင်း၍ သုတေသနပြုလုပ်ခဲ့သည်။ သုတေသနပြုသူများက လူတဦးချင်းစီ ၏ အကြောင်းအား နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းခြင်းနှင့် အုပ်စုလိုက် စကားဝိုင်းများဖွဲ့၍ ဆွေးနွေးခြင်း စသည့်နည်းများကိုသုံး၍ အဓိကထား မေးမြန်းခဲ့သည်။ အုပ်စု (၃) စု ခွဲ၍ အချက်အလက်များကို စုဆောင်းခဲ့ရသည်။ ကလေးငယ်များ၏ မိဘများ၊ အသက် ၁၈ နှစ် အောက်ငယ်သော ကလေးအလုပ်သမားများ၊ ကလေးအလုပ်သမားများကို ပညာသင်ကြား ပေးနေသော အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များကို ၆ လတာ အချိန် (ဇန်န၀ါရီလ ၃ ရက်မှ ဂျွန်လ ၃၀) အတွင်း တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သည်။
စစ်တမ်းကောက်ယူခြင်းမှ ရရှိလိုက်သည့် အကျိုးအမြတ်
၁။ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများ ၏ လူဦးရေစာရင်းကိန်းဂဏန်းနှင့် ပတ်သက်၍ အငြင်းပွားနေရဆဲဖြစ်သည်။ ၂၀၀၆ ခုနှစ် အစိုးရ၏ တရားဝင် အလုပ်သမားလက်မှတ် ပြုလုပ်ထားသော ကိန်းဂဏန်းများအရ ၆၆၈,၅၇၆ ဦးရှိသည်ဟုဆိုပြီး ထိုင်းအမျိုးသားဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးသုတေသန ဌာနမှ ၂၀၀၇ ခုနှစ်တွင် နိုင်ငံခြားသားအလုပ်သမား လိုအပ်သည့် ၇၃၄,၆၄၉ ဦးရှိသည်ဟု ဆိုသည်။ နိုင်ငံခြားသားအလုပ်သမားအရေးကို လုပ်ကိုင်နေသော အဖွဲ့အစည်းများနှင့် ဝေဖန်သူများက ခန့်မှန်းပြောဆိုရာတွင် တရားဝင်နှင့် တရားမ၀င် အလုပ်လုပ်ကိုင်နေသူ အလုပ်သမားပေါင်း ထိုင်းနိုင်ငံ အတွင်း ၁ သန်းခွဲခန့် ရှိသည်ဟု ပြောဆိုနေကြသည်။
၂။ ၂၀၀၄ ခုနှစ်တွင် အသက် ၁၄ နှစ်အောက် နိုင်ငံခြားသားကလေးငယ် အထူးသဖြင့် မြန်မာနိုင်ငံသား ဦးရေ ၇၇,၀၂၈ ဦးရှိသည်ဟု ထိုင်းအစိုးရက ခန့်မှန်းပြောဆိုသည်။ ၎င်း ကိန်းဂဏန်းသည် ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမား ၉၂၁,၄၉၂ ဦး၏ ၈.၃၄ % အချိုးနှင့် ညီမျှသည်။ ယင်းအပြင် ဝေဖန်ပြောဆို သူများနှင့် အလုပ်သမားများအရေးကို လုပ်ဆောင်နေသော အဖွဲ့အစည်းများက ထိုင်းနိုင်ငံ တွင် လာရောက်အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ၏ သားသမီး၊ မြေး၊ မြစ် အပါအ၀င် စာရင်းမတင်ထားသူ ဦးရေ ၁၂၅,၀၀၀ ဦးရှိသည်ဟုလည်း ခန့်မှန်း ပြောဆိုကြသည်။
၃။ မြန်မာအလုပ်သမားများ၏ ကလေးငယ်များမှာ ပညာသင်ကြားနိုင်ခွင့်ရရန် အခွင့်အရေး အလွန်နည်းပါး သည်ကိုလည်း တွေ့ရှိရသည်။ ၂၀၀၆ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ တရား ၀င်ကိန်းဂဏန်းများအရ ၂၇,၃၀၈ ဦးသာ ထိုင်းစာသင်ကျောင်းများတွင် တက်ရောက် သင် ကြားနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုစာရင်းမှ ကျန်ရှိနေသည့် မြန်မာကလေးများမှာ မည်ကဲ့သို့ ပညာသင်ယူသည် ဆိုသည်နှင့် ပတ်သက်၍ ထိုင်းအစိုးရက ဖေါ်ပြထားခြင်း၊ ပြောဆိုထား ခြင်း မရှိပါ။ သို့သော်လည်း သုတေသနပြုသူများ၏ အစီရင်ခံစာတွင် ထောက်ပံ့ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ သာသနာပြုအသင်းများ၊ နိုင်ငံတ ကာကယ်ဆယ်ရေးအသင်းများနှင့် လူ့မှုအဖွဲ့အစည်းတိုးတက်ရေးအတွက် လုပ်ဆောင်ပေး နေသော အဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့များသည် မြန်မာကလေးများ ပညာရေးအတွက် အဓိကအားကိုး အားထားပြုရာများ ဖြစ်ကြသည်ဟု ဖေါ်ပြထားသည်။
၎။ကွင်းဆင်းသုတေသနပြုခဲ့သော သုံးခရိုင်မှ အချက်အလက်များအရ မဲဆောက်မြို့ရှိ မြန်မာကလေးများသည် ပညာသင်ယူရာတွင် အခြားသော ခရိုင်များထက် ပို၍ အခွင့် အလမ်းရသည်ကို တွေ့ရှိရသည်။ သာက်ခရိုင်ရှိ (၅) မြို့နယ်တွင် လူ့မှုအဖွဲ့အစည်းတိုးတက် ရေးအတွက် အကူအညီပေးနေသော အဖွဲ့များ၏ အကူအညီဖြင့် ဖွင့်လှစ်ထားသော ပညာ ရေးဝန်ကြီးဌာနလက်အောက်ခံမဟုတ်သည့် ကျောင်းကြီး၊ ကျောင်းငယ် စုစုပေါင်း ၅၀ တွင် ကျောင်းသားပေါင်း ၅,၀၀၀ ကျော် ပညာသင်ကြားလျှက် ရှိသည်။ မဲဆောက်ပညာရေးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားရာတွင် မဲဆောက်တွင် နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ် ၈၀၀၀ ခန့်မှာ အစိုးရကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသည် ဟု ဆိုသည်။ ဥပမာအနေဖြင့် ပြောဆိုရလျှင် ဆမုတ်ဆာခွန်းခရိုင်၊ မဟာချိုင်းရှိ ၀တ်ဆီလီ မုန်းခွန်းဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသောကျောင်းတွင် မြန်မာကလေး ၁၅၀ ခန့် တက်ရောက်၍ ပညာသင်ယူနေသည်။ ယင်းကျောင်းသည် မြောက်များစွာသော နိုင်ငံခြား သားအလုပ်သမားများ၏ ကလေးငယ်များကို လက်ခံ၍ ပညာသင်ကြားခွင့် ပြုထားသည်။ ပြောဆိုရလျှင် အစိုးရကျောင်းများတွင် နိုင်ငံခြားသား အလုပ်သမားများ၏ သားသမီးများ ကိုလည်း တက်ရောက် ပညာသင်ကြားခွင့်ပြုထားသည့်အတွက် အလွန်ကောင်းမွန်သည့် လုပ်ရပ်တခုဟု ချီးကျူးသင့်သည်။ ယ္ခုအခါ ဖန်းငါးခရိုင်အတွင်းရှိ ခုလဘူရီတွင်လည်း ပြောင်းရွှေ့ကျောင်း (Mobile teaching) များကို ဝေးလံသည့် ဒေသမှ ကလေးများအတွက် လိုက်လံဖွင့်လှစ်ရန် စီစဉ်နေသည်ဟု သိရသည်။
၅။ ပညာသင်ကြားမှုနှင့်ပတ်သက်၍ သုတေသနပြုလေ့လာချက်မှ တွေ့ရှိရာတွင် အစိုးရ ကျောင်းများတွင် သင်ကြားသော စနစ်မှာ ပညာရေးဝန်ကြီးဌာနမှ ပြဌာန်းထားသော သင် ခန်းစာဖြင့်သင်ကြားပြီး၊ တနိုင်ငံလုံးတွင် ထိုင်းဘာသာစကားကို အခြေခံထား သင်ကြား သည်။ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ မဟုတ်သော အပြင်ကျောင်းများတွင်မူ ပညာ သင်ကြားသော စနစ်မှာ သင်ကြားသည့် ဆရာ၏ အတွေ့အကြုံပေါ်မူတည်၍ ကျောင်း တကျောင်းနှင့်တကျောင်း မတူညီသလို ဒေသလိုက်၍လည်း ကွဲပြားမှု ရှိနေသည်။ အဓိက ပြဿနာမှာ သင်ကြားမှု အထောက်အကူပြုပစ္စည်း၊ သင်ကြားသည့်အချိန်နှင့် သုံးစွဲရသည့် ငွေကြေးစသည်တို့ အပေါ်တွင်လည်း မှီနေသည်။ အစိုးရက လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရ သည်ဟု ပြောဆိုသော ကျောင်းများတွင် ထိုင်းဘာသာစကား သင်ကြားသော်လည်း ကျောင်းအများစုကမူ မြန်မာစကားနှင့် အင်္ဂလိပ်စကားကို အဓိက အသုံးပြု၍ သင်ကြားပေး သည်။ ဒေသအများအပြားတွင် သုတေသနပြုလုပ်ရာတွင် တွေ့ရှိရသည့်အချက်မှာ ပညာသင်ကြားရာတွင် ပြဌာန်းစာအုပ်များကို ရေးဆွဲသော အဖွဲ့များမှ ပညာရေးတာဝန်ခံနှင့် ဆရာများမှာ ယင်းဒေသတွင်မှီတင်းနေထိုင်နေသော မြန်မာလူမျိုးများ တွေ့ကြုံရသည့် ပြဿနာပေါင်းစုံအတွက် မှီခိုအားထားရာ၊ အကြံပေးသူ၊ ဖြေရှင်းပေးသူတဦး ဖြစ်သည်ကို လည်း တွေ့ရှိရသည်။
၆။ အောက်ပါအချက်တို့က မြန်မာကလေးများ ထိုင်းကျောင်းများတွင် တက်ရောက် သင်ကြားမှုကို အခက်အခဲ ဖြစ်စေသည်ကို တွေ့ရှိရသည်။

၆-၁။ အစိုးရ
အောက်ပါအချက်များက မြန်မာကလေးများ ထိုင်းကျောင်းများတွင် တက်ရောက်သင်ကြား ရာတွင် အခက်အခဲများ ဖြစ်စေသည်။
က။ ၂၀၀၅ ခုနှစ် ဂျူလိုင်လ ၅ ရက်နေ့ ၀န်ကြီးများအစည်းအဝေးက ထိုင်းနိုင်ငံအတွင်းရှိ ကလေးများအားလုံး ပညာသင်ယူခွင့် တန်းတူညီမျှရစေမည်ဟု ဥပဒေထုတ်ပြန်ထားသော် လည်း လက်တွေ့ကျင့်သုံးမှုတွင် ပြဿနာပေါင်းများစွာ တွေ့ရှိနေရသည်ဟု သုတေနသပြု ချက်တွင် ဖေါ်ပြထားသည်။ ၎င်းဥပဒေသည် အတည်ပြုပြီးဖြစ်သော်လည်း သုံးစွဲသူများနှင့် ကျွမ်းဝင်မှုမရှိခြင်း၊ အစိုးရဌာနဆိုင်ရာအသီးသီးက ပူးတွဲဆောင်ရွက်မှုမရှိခြင်း စသည့် အချက်များကို တွေ့ရှိရသည်။ ကျောင်းအုပ်ချုပ်သူ၊ သင်ကြားသူ ဆရာ/ဆရာမများ သင် ကြားမှုစနစ်နှင့် အစိုးရချမှတ်ထားသည့်မူဝါဒများမှာ လက်တွေ့တွင် ကွာခြားမှုရှိသည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့် ထိုင်းစာသင်ကျောင်းများတွင် သွားရောက်အပ်နှံရာတွင် ကျောင်းသားနှင့်ပတ်သက်၍ စာရွက်စာတမ်း အထောက်အထားများလိုအပ်ခြင်းသို့မဟုတ် အစိုးရဌာန၏ ထောက်ခံချက်ဖြင့် ပညာသင်ကြားနိုင်ခြင်း စသည့်အချက်များသည် စာသင် ကြားသူအဖို့ အခက်အခဲများ ဖြစ်စေသည်။ ကျောင်းသားတဦးချင်းစီအတွက် အသုံးစရိတ် အား ကျောင်းတိုင်းတွင် အသုံးပြုခွင့် ပေးထားသော်လည်း အကယ်၍ မြန်မာကလေးတဦး သည် စာရွက်စာတမ်းအချို့ လိုအပ်နေပါက ထုတ်ယူခွင့်မရရှိသည့်အဖြစ်နှင့် ကြုံရနိုင်သည်။ နောက်ထပ် တွေ့ကြုံနေရသည့် ပြဿနာတခုမှာ မြို့ကြီး ပြကြီးများတွင် ထိုင်းနှင့်မြန်မာ ကလေးများအတွက် တက်ရောက် သင်ကြားနိုင်မည့် စာသင်ကျောင်းမရှိခြင်းပင် ဖြစ်သည်။

ခ။ ထပ်မံ တွေ့ကြုံနေရသည့် အခက်အခဲတခုမှာ လုပ်ပိုင်ခွင့်အာဏာ၊ ဥပဒေအရ အကာအ ကွယ်ပေးမှု၊ သုံးစွဲရမည့်ငွေကြေး စသည်တို့သည် အစိုးရကျောင်းများနှင့် အပြင်ကျောင်း နှစ်ခုစလုံးတွင် ဆင်တူယိုးမှား တွေ့ကြုံရသည်။ မြန်မာကလေးများအတွက် ဖွင့်လှစ်ထား သော ကျောင်းများ၏ အဓိက အားနည်းချက်မှာ မြန်မာအလုပ်သမားအများစု နေထိုင်ရာ ဒေသသို့ သွားရောက်၍ စာသင်ကျောင်းခွဲများ မဖွင့်လှစ်နိုင်ခြင်းပင် ဖြစ်သည်။ ယင်းသို့ ဝေလံသည့် မြန်မာအလုပ်သမားများနေထိုင်သည့် ဒေသများတွင် သွားရောက် ဖွင့်လှစ်ရာ တွင်လည်း ဥပဒေကြောင်းအရ အခက်အခဲများ ရှိသည်ကို တွေ့ရှိရသည်။ မြန်မာကလေး များ ထိုင်းစာသင်ကျောင်းများတွင် သွားရောက်သင်ကြားရာတွင်လည်း ထိုင်းစကားမတတ် မြောက်မှုမှာ ယင်းကလေးများအတွက် အဓိက အခက်အခဲ ဖြစ်သည်ကို တွေ့ရှိရသည်။ ထိုင်းကျောင်းများတွင် သွားရောက်သင်ကြားရန် ကြိုတင် ပြင်ဆင်မှုမရှိခြင်း၊ အားပေးမှု မရှိခြင်းစသည်တို့ကိုလည်း တွေ့ရသည်။ ထို့ပြင် အစိုးရကျောင်းများတွင် သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ မလုံလောက်ခြင်း၊ နေ့လည်စာအတွက် ကျောင်းသား ကိုယ်တိုင် ၀ယ်ယူစားသောက်ရခြင်း၊ မြန်မာကလေးများပါ လာရောက်၍ စာသင်ကြားပါက ထိုင်းကျောင်းသားများရရှိမည့် ဝေစုကို လာရောက်ခွဲယူသည့် အဓိပ္ပာယ်ကိုလည်း သက် ရောက်စေမည် ဖြစ်သည်။

ဂ။ မြန်မာအလုပ်သမား၏ လက်ရှိ အခြေအနေကို တရားဥပဒေရှုဒေါင့်မှ ကြည့်ရှုရာတွင် လည်း အများစုမှာ အလုပ်သမားလက်မှတ် မရှိသည်ကို တွေ့ရှိရသည်။ လက်မှတ်ရှိသည့် အလုပ်သမားများမှာလည်း အလုပ်ရှင်၏ လက်မှတ်သိမ်းဆည်းထားခြင်းကို ခံထားရသည်။ ထို့ပြင် စက်ရုံအပြင်သို့ မထွက်ရခြင်း၊ နယ်မကျော်ရခြင်း စသည့် ကန့်သတ်ချက်များကြောင့် အလုပ်သမားအများစုမှာ ယင်းတို့နေထိုင်သည့်နေရာ သို့မဟုတ် အလုပ်ရုံမှ အပြင်သို့ မထွက်ရဲခြင်း၊ ကလေးများကိုလည်း ကျောင်းသို့ မပို့ဆောင်နိုင်ခြင်း စသည့် အချက်များကို တွေ့ရှိရသည်။ အဘယ့်ကြောင့် ဆိုသော် အပြင်သို့ထွက်လျှင် ရဲဖမ်းဆီးခံရမည့် အခြေအနေ နှင့် ရင်ဆိုင်ရနိုင်သည်။ အစိုးရကျောင်းမဟုတ်ဘဲ အပြင်ကျောင်းများတွင် သွားရောက် ပညာသင်ကြားရာတွင်လည်း ယင်းကျောင်းများ မှာ တရားဥပဒေရှုဒေါင့်မှကြည့်လျှင် ဥပဒေ နှင့် ငြိစွန်းသည်ကို တွေ့ရှိရသည်။ ယင်းကျောင်းများမှာ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ် မပြုထားပါ။ ထိုင်းနိုင်ငံ၏ ဥပဒေတွင် အပြင်ပုဂ္ဂလိက ကျောင်းများကို တည်ထောင်နိုင်သူမှာ ထိုင်းနိုင်ငံသား ဖြစ်ရမည်ဟု ပြဌာန်းထားသည်။
၆.၂။ ဒေသခံ
ဒေသအုပ်ချုပ်ရေးအာဏာပိုင်းများနှင့် ဒေသခံထိုင်းလူမျိုးများက နိုင်ငံခြားသားအလုပ်သ မားများ၏ ကလေးများ ထိုင်းကျောင်းများတွင် တက်ရောက်သင်ကြားခြင်းကို သဘောမတူ ညီခြင်း ဖြစ်သည်။ နိုင်ငံခြားသား အလုပ်သမားများ၏ ကလေးများ လာရောက်စာသင်ကြား ပါက အသုံးစရိတ်များ ပို၍ကြီးမြင့်လာမည်ကို စိုးရိမ်ခြင်းနှင့် ရောဂါပိုးများ ကူးစက်မည်ကို စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။ ထို့အပြင် ရပ်ကွက်တွင် နေထိုင်သူ နိုင်ငံခြားသားအလုပ်သမား များက ယင်းတို့၏ အလုပ်များကို လုယူလုပ်မည်ကို စိုးရိမ်ခြင်း၊ ရပ်ကွက်တွင် နိုင်ငံခြားသား အလုပ်သမားဦးရေ တိုးပွားလာမည်ကို စိုးရိမ်ခြင်းစသည့် အချက်များကိုလည်း တွေ့ရှိရ သည်။ ထို့ပြင် မြန်မာအလုပ်သမားများကိုယ်၌ပင်လျှင် ထိုင်းအသိုင်းအ၀ိုင်းနှင့် နီးနီး ကပ်ကပ်ဆက်ဆံခြင်းမရှိဘဲ မြန်မာအသိုင်းအ၀ိုင်းတွင်သာ နေထိုင်ခြင်း ဖြစ်သည်။ ဘာသာ စကား၊ ကျင်လည်သည့် လူမှုအသိုင်းအ၀ိုင်း စသည့် အခက်အခဲများကလည်း မြန်မာက လေးများ ထိုင်းကျောင်းများတွင် သွားရောက် သင်ကြားရာတွင် အခက်အခဲ ဖြစ်စေသည်။ ယင်းသို့ ထိုင်းကျောင်းများတွင် သွားရောက်သင်ကြားခြင်းဖြင့် ဘ၀တူ မြန်မာကလေး သူငယ်ချင်းများနှင့်အတူ ကျောင်းမတက်နိုင်ခြင်း စသည့်အချက်များကလည်း ကလေးများ ထိုင်းကျောင်းများတွင် သွားရောက် ပညာသင်ကြားရေးတွင် စိန်ခေါ်မှုတရပ်အဖြစ် ရှိနေ သည်။ ထိုင်းဘာသာစကားပြောတတ်သည့် ကလေးများမှာလည်း ကလေးအလုပ်သမား များအဖြစ်ဖြင့် ထိုင်းအသိုင်းအ၀ိုင်းတွင် ကျင်လည်ခဲ့ဖူးသူများဖြစ်ပြီး ယင်းကလေးများ ကလည်း ၎င်းတို့မှာ အရွယ်ရောက်ပြီဖြစ်သည့်အတွက် ကျောင်းသွားတက်ရန် မသင့်တော် ဟု ကိုယ့်ကိုကိုယ် ယူဆနေသူများ ဖြစ်သည်။
၆.၃။ မိသားစု

မိသားစုအခက်အခဲ ဆိုသည်မှာလည်း မိသားစု၏ စီးပွားရေးပြဿနာ ဖြစ်သည်။ မြန်မာ ကလေးများအတွက် အစိုးရကျောင်းများက ပညာသင်စရိတ်မကောက်ခံသော်လည်း သင်ကြားမှု အထောက်အကူပြုပစ္စည်း၊ အ၀တ်အစား၊ အစားအစာနှင့် ခရီးစရိတ်အတွက် မိဘဖြစ်သူများတွင် ပေးဆောင်ရန် အခက်အခဲရှိသည်။ ကလေးမိဘများ ကျင်လည်သည့် အသိုင်းအ၀ိုင်းတွင် ပင်လယ်ထွက် အစားအစာများထုတ်လုပ်သည့် လုပ်ငန်းခွင်များ အများအပျားရှိသည်။ စက်ရုံများတွင် ကလေးအလုပ်သမားလိုအပ်ချက် များသဖြင့် ကလေးများအား ကျောင်းတွင် သွားရောက်ပညာသင်ကြားခြင်းထက် အလုပ်ရုံ (ပုဇွန်ခွာ လုပ်ငန်း) များတွင် သွားရောက် အလုပ်လုပ်ခြင်းကို တွန်းအားပေးသကဲ့သို့ ဖြစ်စေသည်။
၆.၄။ ပတ်ဝန်ကျင်ဂယက်
မြန်မာအလုပ်သမားများထံသို့ ပညာသင်ကြားနိုင်မှုအခွင့်အလမ်းနှင့် ဆိုင်သည့် သတင်း အချက်အလက်များကို ရောက်အောင် မဖြန့်ဖြူနိုင်ခြင်းကလည်း ကလေးများကျောင်းတွင် လာရောက် ပညာမသင်ကြားနိုင်သည့် အချက်များတွင် တခုအပါအ၀င် ဖြစ်သည်။ အစိုးရ တာဝန်ရှိသူများက မြန်မာကလေးများ ကျောင်းများတွင် တက်ရောက်သင်ကြားနိုင်သည့် သတင်းအား မဖြန့်ဖြူးခြင်းပင် ဖြစ်သည်။ ထိုင်းကျောင်းများတွင် လာရောက် အပ်နှံ သင်ကြားသူ ကလေးများမှာလည်း နီးစပ်ရာ သူငယ်ချင်းမှတဆင့် သတင်းကြားသဖြင့် လာ ရောက် အပ်နှံခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းအချိုးအစားမှာ တနိုင်ငံလုံးနှင့် ခြုံကြည့် ပါက အလွန်နည်းပါးသော အရေအတွက်သာ ဖြစ်သည်။
နိဂုံအနေဖြင့် ပြောရလျှင် လက်မှတ်ရှိသူ/မရှိသူများ၏ ကလေးများ အစိုးရ စာသင်ကျောင်း များတွင် တက်ရောက်သင်ကြားနိုင်သည့် အခွင့်အလမ်းပေးထားသော်လည်း ပညာရေးတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ယင်းမူဝါဒအတိုင်း လိုက်နာဆောင်ရွက်ရာတွင်မှု အားနည်းနေသည်ကို တွေ့ရှိရသည်။ ယင်းသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းအား အဖြေ ရှာတွင် ထိုင်းအစိုးရအနေဖြင့် ချမှတ်ထားသည့် မူဝါဒအတိုင်း မည်ရွေ့မည်မျှ အောင်မြင် သည်ကို သုတေသနပြု ဆောင်ရွက်သည့် အစိုးရလက်အောက်ခံ တရားဝင်အဖွဲ့အစည်း မဖွဲ့ စည်းထားခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။ အလုပ်သမားများ၏ ကလေးများ ပညာ တတ်မြောက်မှုနှုန်း မည်ရွေ့မည်မျှရှိသည်ကိုလည်း စစ်တမ်းကောက်ယူထားခြင်းလည်း မရှိ ပေ။ အစိုးရကျောင်းများတွင် သင်ကြားပေးနေသော ဆရာ/ဆရာမများအား နိုင်ငံခြားသား အလုပ်သမားများ၏ ကလေးများ ပညာရေးနှင့်ပတ်သက်၍ အစိုးရက ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ဆောင်ချက်တို့နှင့်ပတ်သက်၍ ဆွေးနွေးခြင်း တိုင်းပင်ညှိနှိုင်းခြင်း တို့ကိုလည်း အစိုးရက မလုပ်ဆောင်ပေ။ အစိုးရက နိုင်ငံခြားသားကလေးများ ပညာသင် ကြားပေးခြင်းအား ဒေသခံများ နားလည်သဘောပေါက် လက်ခံစေရန် စည်းရုံးခြင်း၊ သင် ကြားရေးစနစ်ပိုမို၍ တိုးတက်ကောင်းမွန်စေရန် တွန်းအားပေးခြင်း၊ ထောက်ပံ့ကူညီခြင်း၊ ကျောင်းများတွင် ကလေးများပညာသင်ကြားရာတွင် ပိုမိုအဆင်ပြေစေမည့် စေတနာ့ ၀န်ထမ်း မြန်မာဆရာများ ငှားရမ်းခြင်း၊ ခန့်ထားခြင်းလည်း မရှိပါ။ နိုင်ငံခြားသားကလေး များ တက်ရောက်သင်ကြားနေသည့် ကျောင်များတွင် ဒေသခံများနှင့် နားလည်မှု ရှိစေရန် ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ် အစိုးရတွင် မရှိပါ။ အစိုးရအနေဖြင့် နိုင်ငံခြားသား အလုပ်သမားများ၏ကလေးများ ပညာသင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပုဂ္ဂလိကကျောင်း များအပေါ်တွင် ယုံကြည်မှု အားနည်းနေသည်ကို တွေ့ရှိရသည်။ လိုအပ်ပါက အစိုးရက ယင်းကျောင်းများအား တရားဝင်ဖြစ်အောင် ပြုလုပ်ချင် ပြုလုပ်မည်ဖြစ်သည်။ ယင်းသို့ လုပ်ပြီးမှသာ လိုအပ်သည့် အကူအညီ အထောက်အပံ့များကို ပေးမည့်ပုံရသည်။ နိုင်ငံခြား သားကလေးများ၏ ပညာရေးအတွက် ထိုင်းအစိုးရက အလေးအနက်ထား မဆောင်ရွက် ခြင်းသည်လည်း မဆန်းသော ဖြစ်ရပ်တခုဟု သုံးသပ်နိုင်သည်။ ထိုင်းကလေးများ ပညာရေး တိုးတက်မှုအတွက် အစိုးရ၏ လုပ်ဆောင်ချက်များမှာလည် အစဉ်အမြဲ မအောင်မမြင် ဖြစ်နေသည်ကို တွေ့ရှိရသည်။

အထက်တွင် ရေးသားချက်၊ သုံးသပ်ချက်များအတိုင်း အစိုးရက လိုက်နာပြီး လုပ်ဆောင် မည်ဆိုပါက နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးငယ်များ ပညာတတ်မြောက်ရေး အတွက် ပုံစံအမျိုးမျိုးဖြင့် ဖွင့်လှစ် သင်ကြားပေးနေသည့် အပြင်ကျောင်းများ (NGO အကူ အညီဖြင့်ဖွင့်လှစ်ထားသောကျောင်းများ) အခန်းကဏ္ဏ မှာ မည်မျှအရေးပါ အရာရောက် သည်ကို အစိုးရအနေဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ အစိုးရအနေဖြင့်လည်း မနိုင်သည့် ၀န်ကိုထမ်းဆောင်ခြင်း မပြုဘဲ နိုင်ငံခြားသားအလုပ်သမားများ၏ ကလေးများ ပညာတတ် မြောက်ရေးအတွက် တဘက်တလမ်းမှ ၀ိုင်းဝန်းကူညီပေးနေသော အပြင်ကျောင်းများကို အားပေးသင့်သည်ဟု ရေးသား လိုက်ရသည်။ ပြင်ဆင်သင့်သည်ကို ပြင်ဆင် ဆောင်ရွက် ရန်သာ အစိုးရအနေဖြင့် လိုအပ်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ