.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, September 30, 2011

ငရဲ ရှယ်ယာ

by Seaman Nayminthu on Friday, September 30, 2011 at 9:23am
 ကိုနေမင်းသူ…

မဟောင်းသေးတဲ့ အတိတ်ပန်းချီကားတစ်ချပ်လို့ပဲပြောမလား ၊ ဟောင်းသွားပေမယ့် မေ့လို့မရတဲ့ အကြောင်းအရာတစ်ခုလို့ပဲပြောမလား ၊ လွန်ခဲ့တဲ့ နှစ် 20 နီးပါးကပေါ့ဗျာ…

ဝန်ထမ်းဘ၀ .. သေသေချာချာပြောရရင်..ကာကွယ်ရေး ၀န်ထမ်းဘ၀…
စစ်သားဘ၀ … တိတိကျကျ ပြောရရင် ရေတပ်သားဘ၀..
ဒီဘ၀တွေထဲက…  ကျနော်…
ဂျုတီချိန်အပြီးမှာ စစ်ရေယာဉ်-ရန်ထက်အောင်(442) ရဲ့ စစ်သည်တွေနားနေခန်း အိပ်စင်ပေါ်မှာ အနားယူနေရင်း  ပြီးခဲ့တဲ့အခေါက်က အကြောင်းတွေကို ပြန်တွေးရင်း အတွေးရေယာဉ် ကြောမှာ မျောနေမိပါတယ်… ကျနော့်ရေယာဉ်ကလည်း ပင်လယ်ပြင်မှာ ကျောက်မချပဲ မျှောထားရင်း….  တာဝန်ထမ်းဆောင်နေတဲ့အချိန်ပေါ့….

အရင်တစ်ခေါက်က.. စစ်ဆင်ရေး တာဝန်… ၀ရဇိန် စစ်ဆင်ရေးတဲ့ဗျာ … ရန်ကုန်မှာ  ၁၅ ရက်ပြည့်အောင် မနေလိုက်ရဘူး အခု … ရေနံစင်လုံခြုံရေး တာဝန်…..

ပိုင်နက်ပင်လယ် ဒို့ကာကွယ် ဆိုတဲ့အတိုင်း .. မြန်မာ့ ပင်လယ်ပြင်ကို စစ်ရေယာဉ် ကြီး ငယ် မဟူ မိမိ တာဝန်ကျရာ နေရာ… အပိုင်းအလိုက် ကာကွယ်စောင့်ရှောက်နေကြတာပါ…
ရေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်မှရယ် မဟုတ်ပါဘူး ၊ ဘက်စုံ ထောင့်စုံ နေရာတိုင်းကနေ..
အသွင်တူတဲ့ တူညီဝတ်စုံကို ၀တ်ဆင်ပြီး တာဝန်ထမ်းဆောင်နေကြတာပါ။

To Float , To Move , To Fight ဆိုတဲ့ ဆောင်ပုဒ် နဲ့ အညီ .. ရေပေါ်လှုပ်ရှား စစ်ကစားနိုင်တဲ့ ရေယာဉ်တစ်စီး ဖြစ်လာဖို့ သံချောင်း သံပြားတွေကနေ ပုံဖော်တယ် ၊ တည်ဆောက်တယ် ၊ တပ်ဆင်တယ် ၊ သွားလာနိုင်ဖို့ အတွက် စက်ပိုင်းဆိုင်ရာ မောင်းနှင်ထိန်းသိမ်းမှု အပိုင်းတွေ ၊ စီမံအုပ်ချုပ်မှုတွေ နဲ့ အတူ အမိ ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်နေသူတွေပါ.. …

ကျနော့ စစ်ရေယာဉ်ပေါ်မှာ အရာရှိ စစ်သည် အားလုံး ၆၆ ယောက် ၊ စစ်ရေယာဉ်မှူး ၊ ဒု-စစ်ရေယာဉ်မှူး ၊ အင်ဂျင်နီယာအရာရှိ ၊ ထောက်ပံ့ရေး အရာရှိ ၊ လက်နက်အရာရှိ ၊ ရေကြောင်းလမ်းညွန် အရာရှိ ၊ စတဲ့ ဖွဲ့စည်းပုံအတိုင်း ရှိနေပြီး ၊ ပဲ့စင်ပိုင်း အုပ်ချုပ်မှုအောက်ရှိ စစ်သည်များ ၊ စက်တပ်ဖွဲ့ ၊ ဆက်သွယ်ရေး တပ်ဖွဲ့ ၊ စားဖိုဆောင် စသည်ဖြင့်… အဆင့်ဆင့် တာဝန်ကိုယ်စီနဲ့ပေါ့ဗျာ..

ပင်လယ်ပြင်ကိုထွက်လာပြီး ၂ ရက်အတွင်းမှာပဲ မိမိရေယာဉ် တာဝန်ကျရာ တည်နေရာမှာ ကြည့်ကင်းတာဝန် နှင့် ရေဒါမှ ပုံရိပ်များကို မကြာခဏ စစ်ဆေးရင်း  ၊ စက်တပ်ဖွဲ့မှလည်း Main Engine , Auxiliary Engine , Generator  များရဲ့ ကြံ့ခိုင်ရေး အတွက် အမြဲဆောင်ရွက်နေရသလို… ဆက်သွယ်ရေး တာဝန်ကျမှလည်း ကက(ရေ) ၏ အစီအမံများအတိုင်း လေလှိုင်းကြားမှာ အလုပ်များနေသောကာလပေါ့….

အခုဒီတစ်ခေါက်က ပုံမှန်ထွက်နေကျ ပုံစံလို ထွက်လာတာမဟုတ်သလို နံမည်တပ်ပေးလိုက်တာက ၀ရဇိန်… ကက(ရေ) က အမိန့်ပေးစေခိုင်းမှုတွေနဲ့အတူ နှုတ်မိန့်ပါ ပေးလိုက်တာက ငါးခိုးရေယာဉ်များအား ဖမ်းဆီးခြင်း မပြုလုပ်ပဲ… ပစ်ခတ်နှစ်မြုပ်ပစ်ရန် တဲ့….

အခု ကျနော်တို့ ဖြစ်နေတဲ့ ပုံစံက ရေဒါကိုဖွင့် ၊ နားကိုစွင့် ၊ နေ့မမြင် ညဖျောက် Black Out…
ရေဒါကိုဖွင့်ပြီး ယိုးဒယား တန်ကေးများဖြစ်မလား ဟဲ့ ၊ စက်ပေါ် ကပြောနေတဲ့ ရှမ်းစကားများကြားရမလား ၊ ပိုက်ဆွဲနေတဲ့ တန်ကေးတွေ အသံများကြားရမလား ဆိုပြီး နားကိုစွင့်ထားတယ် ၊ နေ့ပိုင်းမှာ ကိုယ့်ရေယာဉ်ကို  မမြင်နိုင်အောင် ကျွန်းခိုတယ်ပေါ့ဗျာ.. ညပိုင်းဆိုရင်တော့ မီးအားလုံး ပိတ်ပြီး အမှောင်ချ Black Out လုပ်ထားရင်း… တကယ့်ယိုးဒယားတန်ကေးစစ်စစ်တွေကို ဖမ်းမိပါစေဆိုတဲ့ စိတ်ဆန္ဒက အားလုံးရဲ့ ရင်ထဲမှာအပြည့်…

(ငါးခိုးရေယာဉ် ဟု ယူဆရသော.. မသင်္ကာဖွယ်ရာပစ်မှတ်တွေ့) ဆိုပြီး ကက(ရေ) ကို တည်နေရာပြောပြီး သတင်းပို့တယ် ၊ ကက (ရေ) ကလှမ်းပြောတယ် (လိုက်ပါ) … လိုက်တယ်.. မိတယ်ပေါ့ဗျာ.. ဒါက ပုံမှန် လုပ်ထုံးလုပ်နည်း ၊ စာအုပ်ကြီးအတိုင်း ။ တကယ်တမ်း လက်တွေ့ဖြစ်စဉ်တွေက….
ကြည့်ကင်း တာဝန် နဲ့ ရေဒါ တာဝန်ကျ ၂ ယောက်ပေါင်းပြီး ဒု-စစ်ရေယာဉ်မှူး ကိုသတင်းပို့တယ် ၊ တန်ကေးဟု ယူဆရသော မသင်္ကာဖွယ်ရာ အစက်ကလေး တစ်စက်ပေါ့ဗျာ… ဒု-စစ်ရေယာဉ်မှူး မှ စစ်ရေယာဉ်မှူး ဆီ ဆင့်ကဲ သတင်းပို့တယ်.. အဲဒီ့မှာ … စီအို လုပ်စားတဲ့သူရဲ့ ဆုံးဖြတ်ချက် ၊ အကွာအဝေး ၊ ပစ်မှတ်ရဲ့ ရွေ့လျားမှူအရှိန် ၊ ရေစီးနှုန်း ၊ လေတိုက်နှုန်း ၊ ရာသီဥတု ၊ ပိုင်နက်ပင်လယ် ၊ ဒါတွေက သမားရိုးကျ တွက်ချက်ရတာတွေ ၊ အရေးကြီးတဲ့ နောက်တစ်ချက်က တကယ်တန်း လိုက်မယ်ဆိုရင် ကုန်မယ့် စက်သုံးဆီ ၊ ကိုယ့်ဘက်က အရင်ဆုံးရင်းရမယ့် အရင်းအနှီး ၊ ကဲ… ထီထိုးသလို ရင်းကြည့်မယ်ဆိုပြီး အရင်လိုက်တာ.. ဘယ်စီအိုကမှ ကက(ရေ) ကို အရင်သတင်းပို့ပြီး လိုက်တာမဟုတ်ပါဘူး ။ ကဲ… လိုက်ပြီဗျာ… တကယ့်တန်ကေးဆိုရင်တော့ ပြေးပြီပေါ့… လိုက်တမ်းပြေးတမ်း ကစားနေကြသလို… ဟိုးအရင် … အောင်ဇေယျ ၊ ရန်ကြီးအောင် ၊ ရန်တိုင်းအောင် ၊ ရန်လုံးအောင် ၊ သုတေသီ စတဲ့ သင်္ဘောအိုကြီးတွေ မှ မဟုတ်တာ.. တပ်မတော်ရဲ့ အမိ ၊ တပ်မတော်ရဲ့ အဖ ဦးပေါက်ဖော် ရဲ့ တရုတ်စက် (တစ်ရက်စုတ်) ပဲဟာ.. မိတာပေါ့.. အဲ… အနားရောက်မှ ယိုးဒယားတန်ကေးမဟုတ်ပဲ ငါးဦးစီး ၊ ပုလဲ နဲ့ ငါး ၊ ပုဂ္ဂလိက ငါးဖမ်းခွင့်ရထားတဲ့ ရေယာဉ် ၊ ဖက်စပ် ၊ ကုမ္ပဏီလှေ စသည်ဖြင့် အမျိုးမျိုးသော ပင်လယ်ပြင်မှာ လုပ်စားနေတဲ့ သင်္ဘောတွေ ဖြစ်နေတတ်တယ် ၊ အဲ.. ငါးမရရင်… ရေချိုးပြန် ဆိုတာ မြစ်ကမ်းနားအတွက် ပဲ အကျုံးဝင်တဲ့စကားဖြစ်လိမ့်မယ်… ကျနော်တို့ အတွက်က…ထိုင်းတန်ကေးမဟုတ်ရင် ဆီတောင်းပြန်တာပေါ့…. ဘာအရှုံးရှိတာမှတ်လို့…
          အနားရောက်တာနဲ့ လှေပဲ့နင်း (ဒါမှမဟုတ်) လှေစာရေးက ပုဇွန်တစ်ဗန်း ၊ ကျွဲရိုင်းတစ်ဖါ နဲ့အတူ ၊ လှေဂရန် ၊ စက်ဂရန် စာအုပ် ၊ လှေလုပ်သားမှတ်ပုံတင်နဲ့ အမျိုးသားမှတ်ပုံတင် ပါတဲ့ ဓါတ်ပုံအယ်လ်ဘန် လေး ကိုင်ပြီး ဒီဘက်ကူးလာတော့တာပဲ… ဟ ဟား.. ဒီလောက်နဲ့ ဘယ်ပြီးမလဲ.. ရင်းထားရတာ နဲတာမှ မဟုတ်တာ.. (ကဲ… လှေသားအားလုံး လှေဦးမှာထွက်ပြီးတန်းစီမယ် ၊ စားဖိုမှူးတို့ စက်ခန်းကလူတွေပါမကျန် တစ်ယောက်မကျန်အကုန်ထွက် .. ခေါင်းပေါ်လက်တင်ထား ၊ နံမည်ခေါ်ရင် အဖေနာမည်ထူးပြီး ဒီဘက်လာစု) ဆိုပြီး ခပ်တင်းတင်း အာလုပ်သံပေးလိုက်ရင်… တစ်ခဏအတွင်း လူစစ်တဲ့အခန်းကဏ္ဍ ပြီးသွားရော .. မပြီးသေးတာက ညှိမှာလား ၊ ငြိမှာလားဆိုတဲ့အပိုင်း… (အစကတည်းက ခိုးလှေမဟုတ်လို့ စိတ်ဆိုးနေတာကို) ၊လှေစာရေးဘက်က နောက်ဆုံး အပြစ် (အင်ဂျင်ဝိုင်) ပေးသွားသူ မဟုတ်တောင်.. ဒိုးဇက် (ဒီဇယ်)  ကစားသွားတာပါပဲ…
          အဲ… တန်ကေးဆိုရင်တော့ ပြေးဟယ် ၊ လွှားရယ် ၊ ပစ်ရယ် ၊ ခတ်ရယ်ပေါ့ ၊ အသာတကြည်နဲ့ ရေထဲခုန်ချသွားတဲ့သူတွေ ရှိသလို ၊ ကျနော်တို့ဘက်က လက်တည့်စမ်းလိုက်လို့ ဒဲ့ဝင်သွားပြီး ဒဏ်ရာဝတ်စုံတွေနဲ့ လူတွေရှိတတ်တယ် ၊ ကဲ… သူတို့ရဲ့ စိတ်ထဲမှာ ကြိုက်တဲ့ကောင် တက်လာပါစေ…အပါခေါ်သွားမယ် ဆိုတဲ့လူတွေ အများကြီး ၊ ကပ်ပါး (တန်ကေးသုံးရဲဒင်းကြီး) ကိုင်ပြီး တံခါးနောက်ကွယ်က စောင့်နေတတ်သူ ၊ AK-47 ကိုင်ပြီး စက်ခန်းတွင်းက ကြိုနှင့်သူ ၊ အများသားပါ… ဘောသီး ၃ လုံးခါးချိတ် ၊ ရေချိုသောက်ရေကို မိုလာပုံးထဲထည့် ၊ အဆာခံဆေးပြားငုံပြီး ၊ရေထဲခုန်ချသွားကြရင်လည်း သူတို့ သင်္ဘောကို ပုံစံမျိုးစုံနဲ့ ကျနော်တို့အတွက် အနှောက်အယှက်ဖြစ်မယ့်ဟာတွေ ထားခဲ့တယ် ၊ အင်ဂျင်ခန်းထဲက ရေအေးပေးပိုက်ကို သံဖြတ်လွှနဲ့ တိုက်သွားပြီး ပင်လယ်ရေကို စက်ခန်းထဲသွင်းခဲ့တာမျိုး ၊ အင်ဂျင်ခန်းက မှောင်တတ်တော့ လက်ပစ်ဗုံးကို ပင်ဖြုတ်ပြီး လှေကားအဆင်းမှာ ကြိုးနဲ့ ဆိုင်းခဲ့တာမျိုး ၊ စက်ကို တစ်ဆုံး တင်ပြီး တက်မကို ၀ဲ တစ်ဆုံး (သို့) ယာတစ်ဆုံး လှည့်ပြီး ကြိုးတုတ်ခဲ့တာမျိုး (ချက်ချင်း သူ့ သင်္ဘောကိုကပ်လို့မရအောင်) နည်းမျိုးစုံနဲ့ ပညာပေးခဲ့တယ် ။ ဘယ်လိုပဲ ထားခဲ့ထားခဲ့ သူတို့က စစ်သင်္ဘောဆိုတာ အခုမှ နဖူးတွေ့ဒူးတွေ့ ကျနော်တို့က ဒါနဲ့လုပ်စားနေတာကြာပြီ ၊ ရအောင်တက်တယ် ၊ သင်္ဘောအချင်းချင်းရိုက်လို့် ထိခိုက်မိတာတွေတော့ ရှိတာပေါ့ဗျာ…အနာခံမှ အသာစံမှာ မဟုတ်လား ၊  သူ့ သင်္ဘောကိုရတော့ ရပါတယ် ၊ ရေ၀င်တာ အင်ဂျင်ခန်း မြုပ်နေပြီ ၊ ပဲ့စင်ပေါ်တက် ၊ ဘာညာလေးယူ… ဒီလောက်ပဲ အချိန်ရတာမျိုးလည်း ကြုံဘူးတယ် ၊ အဲ.. ဖမ်းလို့လည်း လွယ်တယ် ၊ ဘာမှလည်း ပညာမပေးသွားပေမယ့် မထင်ရတဲ့နေရာက အန္တရယ် ပေးခဲ့တတ်တယ် ၊ များသောအားဖြင့် တန်ကေးတွေမှာ ရှမ်းဆန်က တော်တော်စားလို့ကောင်းတယ် ၊ ကျနော်တို့ဆန်တွေနဲ့ ကွာပ့ါဗျာ.. အဲဒီ့ဆန်အိုးထဲမှာ အဆိပ်ခတ်သွားတတ်ကြတယ် ၊ ယိုးဒယားတန်ကေးမှာ ခွေး ၊ ကြက် ၊ ကြောင် ၊  မျောက် စတဲ့ အကောင်တွေ ပါလာတတ်ကြတယ်၊ ဒါကလည်း ထိုင်း ပဲ့နင်းက သူ့ကိုအဆိပ်ခတ်မှာစိုးလို့ ဒီကောင်တွေကို အရင်စားခိုင်းတတ်တဲ့ သဘာဝရှိတယ်လေ.. ပင်လယ်ပြင်က တကယ့်လက်ပြဲကြီး ၊ တရားဥပဒေ နဲ့ ကင်းကွာတဲ့နေရာ ၊၊၊၊၊၊၊၊၊၊၊ ဟုတ်ပြီ…. ကျနော်တို့ လှေသိမ်းတပ်ဖွဲ့က သေချာရှင်းလင်းပြီး ထိန်းချုပ်နိုင်ပြီဆိုရင် စီအို ကို သတင်းပို့ပြီ ၊ အဲဒီ့အချိန်မှာ လှေသိမ်းတပ်ဖွဲ့ကလည်း ကောင်းနိုးရာရာနဲ့ ကျစ်ကျစ်လစ်လစ်ရှိမယ့် ဒေါ်လာ ၊ ဘတ်ငွေ ၊ ရွှေချောင်း ၊ နာရီ ၊ စတဲ့ အဖိုးတန်လေးတွေကို ပိုက်စိပ်တိုက်ရှာဖွေနေကြတာပါ… အဲဒါလေးတွေက လှေသိမ်းတပ်ဖွဲ့ရဲ့ သပိတ်ဝင် အိတ်ဝင်လေးတွေ ၊ ရှယ်စရာမလိုဘူး …
          ကိုယ့်ရေယာဉ်ကလည်း ငါးခိုးရေယာဉ်ကို မိပြီးပြီ ၊ စီအိုက အမိန့်ပေးတယ် ၊ အချိန်ဘယ်လောက်ရမယ် ၊ ရသလောက် ဖျင်… ပါတဲ့… ကဲ.. ဖြုတ်ပြီဗျာ.. ရေဒါ.. Echo Sounder…  ဆက်သွယ်ရေးစက်  ၊ ရေခဲသေတ္တာ ၊ ဗီဒီယိုပြစက် ၊ တီဗီ ၊ မီးစက် ၊ အင်ဂျင် ငယ် တွေ ၊ စတဲ့ အချိန်နဲ့ တပြေးညီ ဖြုတ်နေကြတာများ ပုရွက်အုံထဲ ထန်းလျက်ခဲကျသလို.. စက်ခန်းက လူတွေလည်း Tool Box ကအစ .. ဒိုးဇက် (ဒီဇယ်) ကို ပိုင်ရှင်ပြောင်းပေးနေကြပြီ ၊ ဖမ်းမိ ပစ္စည်း ဒို့ ပစ္စည်း……
          ကဲ… အချိန်စေ့ပြီ.. ရပ်တော့… အဲဒီ့အချိန်မှာ စီအို စစ်ရုံးကို သတင်းပို့ပြီ ၊ (မသင်္ကာဖွယ်ရာ ပစ်မှတ်တွေ့.. လိုက်လံချေမှုန်းလျှက်ရှိ) မကြာပါဘူး .. ၁ နာရီ ၊ ၁ နာရီခွဲ (စာရွက်ပေါ်မှာ မောင်းဆီလေးလည်း ပြလိုက်လို့ရပြီ) အကြာမှာ (တည်နေရာ ဘယ်နေရာမှာဖြင့် ငါးခိုးရေယာဉ်တစ်စီးအားဖမ်းဆီးရမိ ၊ တရားခံ အားလုံး ရေယာဉ်စွန့်ခွါ ၊ အလျား ၊ အနံ ၊ ရေစူး ၊ခန့်မှန်း တန်ချိန် ၊ ငါး - ရေခဲ အကန့် ၊ ဒီဇယ် --- ဂါလံ စသည်ဖြင့် ) စစ်ရုံး - ကက(ရေ) ကို သံတော်ဦးတင်လိုက်တယ်… အခြားအချိန်ဆိုရင်တော့ နီးစပ်ရာ ရှေ့တန်းစခန်း ၊ ဌာနချုပ် တစ်ခုခုကို အပ်ရမယ် ၊ ဒါမှမဟုတ် .. ကက(ရေ) အစီအစဉ်နဲ့ ဖမ်းမိရေယာဉ်ကို အခြားစစ်ရေယာဉ် တစ်စီးစီးက လာဆွဲသွားတာပါ… အခုတော့ ၀ရဇိန် စည်းမျဥ်းအရ.. ပစ်ခတ်နှစ်မြုပ်ပစ်ရန်… မကြာပါဘူး ၊ အထက်အမိန့်အရ.. ဒီဇယ်လောင်းပြီး မီးရှို့ပစ်လိုက်တယ် ၊ ပင်လယ်ပြင်မှာ သင်္ဘောတစ်စီး မီးရှို့ရတာ လွယ်တယ်တာ့ မထင်လိုက်နဲ့ဗျာ… တော်တော်ကြာတယ်၊ မီးခိုးတွေကလည်း အူလို့ ၊ရေမိုင် 10 မိုင် ကျော်ကျော်က မြင်ရတယ်  ၊ ကျနော်တို့ တစ်ခါ မီးရှို့နေတုန်း အခြားပင်လယ်ကူးသင်္ဘောကြီးတစ်စင်းက မောင်းလာတာများ တိုက်ရိုက်ကြီး ၊ သူတို့က ရေထဲမှာ လုပ်စားနေသူအချင်းချင်း ကယ်ဖို့ပါ… (ကဲ.. မောင်စီအို.. မင်းဘာလုပ်မလဲ… ) ဘယ်ရမလဲ.. ဒီလောက်မှ မနပ်ရင် စီအိုလုပ်မစားတော့ဘူး .. ( က - အမြှောက်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ပါ) တဲ့….. ပြီးရော.. အစကတည်းက ဒီလိုဖြစ်လာတတ်လို့ သင်္ဘောရဲ့ နံပါတ်တောင် ရှေ့ဦးပိုင်း ၀ဲ - ယာ ၂ ဘက်နဲ့  ပဲ့ပိုင်းကို ပင်လယ်ဝ ရောက်ကတည်းက ဖျက်ထားခဲ့ပြီးသား ၊ ကဲ… ဘယ်သူကယ်အုံးမလဲ.. မေခလာတောင် အမြောက်စာ မိသွားမယ်… ဟ ဟ ဟား…
          ကဲ.. လိုတာလေးတွေလည်း ရပြီ ၊ ဒီတစ်စီးနဲ့ ကိုယ့်လူတို့ မကျေနပ်ကြပါနဲ့… အခြားဂွင်ရွှေ့မယ်တဲ့.. နေရာပြောင်းပြီး ရှာမယ်ပေါ့ဗျာ… ဒီလို စီအိုမျိုးကို သိတ် သိတ် ကြိုက် .. ရှာကျွေးတယ်လို့ခေါ်တယ်… မောင်မင်းကြီးသား.. ဒီ့ထက်မက တိုးတက်ပါစေဗျား….

ကိုနေမင်းသူရေ…
          ဒီလိုနဲ့… လိုက်တမ်း ပြေးတမ်း ကစားရင်း ၊ ခက်ခက်ခဲခဲ ဖမ်းရတာတွေ ၊ အလွယ်လေး နဲ့ ရလိုက်တာတွေ ပေါင်းလိုက်ရင်.. ၂ လ အတွင်းမှာ တန်ကေး ၉ စီး ဖမ်းမိခဲ့တယ် ၊ ဖမ်းတဲ့အချိန်က အချိန်ပိုင်း ပါ… သူများ ပစ္စည်း ကိုယ့် ပစ္စည်း ဖြစ်ဖို့ ဖြုတ်ရတာ ၊ ဒီဘက်ပြောင်းရတာက ပင်ပန်းတယ် ၊ အချိန်ပေးရတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင်… နားချင်ကြပြီ ၊ စိတ်ကူးကိုယ်စီနဲ့ အိမ်ပြန်ချင်နေကြပြီ။။။ ၂ စီးမိတုန်းက ဘယ်လောက်ရတယ် ၊ အခု ၉ စီးဆိုတော့ ဘယ်လောက် ရနိုင်တယ် ၊ အာ… ဒီ့ထက်ဘယ်ကမလဲ… 450(စစ်ေ၇ယာဉ်-ရန်ဇွဲအောင်) ၄ စီးမိတုန်းက ဘယ်ကောင်တွေ ဘယ်လောက်ရတာ… စတဲ့အသံတွေ ထွက်လာကြပြီ…
          တစ်နေ့… ကြည့်ကင်းတာဝန်ကျက သတင်းပို့တယ်၊ လှေငယ်တစ်စီး မိမိ စစ်ရေယာဉ်သို့ ဦးတည်လာနေကြောင်း ၊ အလံဖြူ ကို ထောင်ပြီး မွှေ့ရမ်း လာကြောင်း .. စီအိုကလည်း Gun Stand by လုပ်ထားပြီး ကပ်ခိုင်းလိုက်ပါတဲ့…  တကယ်တော့ အဲဒီ့လှေက ပွဲစားလှေပါ.. ကျနော်တို့ ရဲ့ တိုက်ရာပါ ပစ္စည်းတွေကို လာပြန်ဝယ်တဲ့ ပင်လယ်ပြင် ဈေးကွက်က ပွဲစားပါ… လှေပေါ်မှာ ယိုးဒယား ပန်းသီး 4 ဖါ ၊ အရက်အကောင်းစား ၊ အချိုရည် ၊ နောက်… စက္ကူ 2 ပုံးနဲ့ Sport Shirt တွေ … ကျနော်တို့အတွက် လက်ဆောင်ပေါ့… ကျနော်တို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကြီး (စီအို) က ၂ နာရီလောက် လက်ခံစကားပြောတယ် ၊ မနက်ဖန် ပြန်ချိန်းလိုက်တယ်၊ ရေယာဉ်ပေါ်က Crew တွေ အားလုံးဆန္ဒကို မေးပြီး မနက်ဖန် ထုခွဲရေး လုပ်မယ်ပေါ့…  ညပိုင်းမှာ ဂိုဏ်းခေါင်းဆောင်ကြီး နဲ့ ဂိုဏ်းထောက်တွေ ၊ အဖွဲ့ဝင်တွေအားလုံး တိုင်ပင်ကြတယ်၊ (တိုင်ပင်တယ်ဆိုတာထက် အသိပေးတာဆိုရင် ပိုမှန်မှာပါ) ငယ်သားတွေက လက်ညှိးထောင် ခေါင်းငြိမ့် ပဲ မဟုတ်လား ၊ အဓိက အကြောင်းရင်းကတော့…. ဒီ တိုက်ရာပါ ပစ္စည်းတွေကို ဘာနဲ့ အလဲအလှယ်လုပ်မလဲ….စီအိုက  ( ဒီနေ့ ပွဲစားပေးတာက  ရွှေချောင်း ၊ ဘတ်ငွေ ။ ကျပ်ငွေတော့ ပွဲစားမှာ မရှိဘူး ၊ ပွလည်း ပွတော့ ငါ .. မလိုချင်ဘူး ပြောလိုက်တယ်) ၊ ကျန်တဲ့ ဂိုဏ်းလက်ထောက်တွေကလည်း ဒီလိုဆို ဘယ်လိုလုပ်တာ အကောင်းဆုံးဖြစ်မလဲလို့ မေးတယ်… စီအိုက ငါ့မှာ အရင်ကောင်တွေ နဲ့ ဆက်ဆံတုန်းက  ကော့သောင်းကနေ ရန်ကုန်ကို ဟွန်ဒီ (ငွေလွှဲ) နဲ့ ပို့ပေးဘူးတယ် ၊ စိတ်ချရပါတယ်. ရန်ကုန်ရောက်မှ ခွဲဝေကြတာပေါ့ … ဆိုပြီး ဆုံးဖြတ်ချက်ချတဲ့အဆင့်ရောက်သွားတယ်ပေါ့ဗျာ…
          နောက်တစ်နေ့ ပွဲစားက အမြန်စက်လှေအပြင် အခြားတန်ကေးတစ်စီးပါ ခေါ်လာပြီး ကျနော်တို့ရဲ့ တိုက်ရာပါ ပစ္စည်းတွေကို လာသယ်သွားတယ်…. ကျနော်တို့လည်း အတွေးကိုယ်စီ… ရင်ခုန်ခြင်း များစွာနဲ့ ရန်ကုန်ကိုပြန်မယ့်ရက်… ကိုယ်ရမယ့် ရှယ်ယာလေးကို စောင့်ရင်း…
          အဲ.. ရှယ်ယာဆိုလို့ ပြောရအုံးမယ် … စစ်သည်တစ်ယောက် ၁ စုရရင်.. စက်ခန်းအုပ် ၂ စု ၊ ပဲ့နင်းမှူး (အရာခံဗိုလ်) ၂ စု ၊ အရာရှိငယ် အားလုံးက 3 စု ၊ အင်ဂျင်နီယာ အရာရှိ နဲု့ ၊ ဒု-စစ်ရေယာဉ်မှူး ၄ စု ၊ စစ်ရေယာဉ်မှူး ၅ စု ။ ဒါက တရားဝင် ရှယ်ယာ… ကြိုက်တာလေး လက်ညှိးထိုးလို့ အိမ်ပို့ပေးလိုက်ရတဲ့ ပစ္စည်း တွေက မနဲပါဘူး ။ အချို့စီအိုဆို ဖမ်းမိရေယာဉ်က ခွေး ကိုအိမ်မွေးဖို့ယူသွားသလို . .. ငရုတ်ဆုံက အစ ကြိုက်တတ်လို့ အိမ်ပို့ပေးရတာရှိတယ်…
          ဒီလိုနဲ့ ကျနော်တို့ ရန်ကုန်ပြန်ဝင်ရတယ်….
          ရန်ကုန်ရောက်ပြီး ၃ ရက်အကြာမှာ စီအိုက Crew အားလုံးကို ပထမအရစ် ကြိုတင်ငွေ ၅ သောင်းစီပေးတယ် ၊ အော်… ပထမအရစ်…
          နောက်  ၅ ရက်အကြာမှာ ဒုတိယ အရစ် … ၅ သောင်းစီထပ်ပေးတယ်… ဟုတ်ပြီ.. ဒုတိယအရစ်..
          ကျနော်တို့အားလုံးလည်း စောင့်နေကြတာပေါ့…မျှော်တယ်ဗျာ.. ဘယ်တော့လာမလဲ….  တတိရအရစ် ၊ စတုတ္ထအရစ်.. …. အရစ် .. အရစ် ….
          မကြာပါဘူး … သတင်းတစ်ခုကြားတယ်… စီအိုပြောင်းမိန့်ထွက်တယ်တဲ့…. ဂွင်ကောင်းတဲ့ ကျွန်းစခန်းတစ်ခုကိုပါ… ကျနော်တို့လည်း ဘယ်နေ့ထပ်ရမလဲဆိုတာကို စောင့်စားရင်း….. ပွစိ ပွစိ နဲ့ပေါ့… အချိန်တွေကြာလာလေ.. ရင်ပူလေ.. နောက်တစ်ကြိမ်ထွက်ဖို့ ရက်ကလည်း နီးလာသလို.. စီအိုအသစ်တောင် ရောက်လာပြီ….
          ကဲ… ကျနော်တို့ ဘယ်သူ့ကိုသွားတိုင်မလဲ.. ဘယ်သူ့ကို သတင်းပို့ရမလဲ… ကတုံးပေါ်ထိပ်ကွက်သွားတာ… မျက်ခုံးပေါ် စင်္ကြန်လျှောက်သွားတာ…
          ကျနော်တို့ရဲ့ ဂိုဏ်းချုပ်ကြီးက တိုက်ရာပါ ပစ္စည်းရောင်းရငွေတွေကို သူ့အိမ်ပို့ခိုင်းခဲ့တယ်။ ကျနော်တို့ကို ချုဆီလေးပေးပြီး သူ့အတွက်၊ သူ့မိသားစုအတွက် အိတ်ထဲထည့်တယ် ၊  ဗျုဟာမှူး ၊ ညှိနိုင်းမှူး ၊ ဌာနချုပ်မှူး ၊ ကက(ရေ) မှ ဂုရုတွေကို ရလာတဲ့ ငွေတွေနဲ့ သူ့အပြောင်းအရွှေ့အတွက် လမ်းခင်းသွားတာပါ… သူ့အတွက် ကျနော်တို့အားလုံးက သွေး ၊ ချွေးတွေနဲ့ ပေးဆပ်လိုက်ရတာ.. ဒီခရီးစဉ် ၊ ဒီစစ်ဆင်ရေး အတွင်းမှာ ကျနော်တို့ကြောင့် သေသွားတဲ့ လှေလုပ်သား ထိုင်း လူမျိုး ၊ မြန်မာလူမျိုးတွေ အများကြီးပါ…

          ကျနော် တွေးကြည့်မိတယ်ဗျာ…. တကယ်လို့များ .. ငရဲကြီးကြကြေးဆိုရင်… To Float , To Move , To Fight ကို ထောင့်ပေါင်းစုံက လုပ်ဆောင်နေသူအားလုံး ဒီ ငရဲ နဲ့ သက်ဆိုင်ပါလိမ့်မယ်…. အဲ… ငရဲမင်းကြီးက ဘယ်လိုအချိုးချပြီး အပြစ်ပေးမှာလဲ… စီအိုကို ၅ ဆ ပေးမှာလား ၊ သူယူသွားသလောက် အချိုးအတိုင်း ဒဏ်ပေးမှာလား ။ တကယ်လို့ အားလုံး ဆတူပဲ ဆိုရင်တော့ ကျနော်တို့လည်း ငရဲမင်းကြီးကို စောဒက တက်ရပါလိမ့်မယ်… ရှယ်ယာငွေခံစားခွင့် ၁ ဆ ကိုတော့ မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်စားခဲ့ရပြီး ငရဲရှယ်ယာကိုတော့အစုလိုက်ရမယ်ဆိုရင်ဖြင့်….. ။

(တပ်မတော်-ရေ မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့သာဓကလေးကို သင်ခန်းစာယူဆင်ခြင်နိုင်ဖို့ အသိပေး တင်ပြလိုက်ခြင်းပါ။)

မောင်နေဗီ





1 comment:

sanaythar said...

ကိုနေမင်းသူ အရေးအသားကောင်းလှချေလားခင်ဗျ။
မှတ်သားစရာများရပါတယ်။ ဒါမျိုးများများဆက်ရေးပါ။ အဖြစ်မှန်ကို ရေးသားခြင်းဟာ စော်ကားခြင်းမဟုတ်ပါ။ သိခွင့်ပေးလို့ကျေးဇူးတင်ပါတယ်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ