ထိုသက်ဆိုင်ရာဘလော့ဂ်အမည်များအားပြန်လည်မဖော်ပြနိုင်သည်ကိုနားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။
ဗေဒင်ဟောသည်
ဒေါက်ခနဲ ဓားပေါက်သံအဆုံးမှာ
ကံကြမ္မာက ကားယားကြီးကျလာတယ်
သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ
ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ်
ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ
မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။
တာရာမင်းဝေ
——————————————————————————-
ဝေးသူ
စကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့
မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား
ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ်
အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ်
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။
လ၀န်းကျကွဲသံတွေကြားမှတော့
ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး
ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့်
တစ်နေ့တော့ဆိုတာ
ဘယ်တော့ပွင့်မလဲလို့။
တာရာမင်းဝေ
——————————————————-
တန်ရာတန်ကြေး
နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး
အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ
စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။
အနုပညာဆိုတာ
မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး
နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း
ပြောသူကို မယုံကြည်ချင်ကြဘူး
ကြည့်ပါ
ဒီမြှားကို ငါပစ်ပြပါ့မယ်။
ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့
အဲဒီသူယောင်နတ်သမီးကို
တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။
တာရာမင်းဝေ
————————————————————————————–
သင်းကွဲသူများ (၁)
ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။
တာရာမင်းဝေ
————————————————————–
ဖြစ်စဉ်
တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါ သေသွားရင် ဘာဖြစ်မလဲလို့။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့ စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘ၀မှာ နေပျော်ရတာပါပဲ ကလေးရယ်။
တာရာမင်းဝေ
—————————————————————————————–
နေ
ကြယ်ကလေးတွေ စိုးစီစိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွတ်ထွက်လာတဲ့နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ
ငါ ပျော်တယ် ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။
တာရာမင်းဝေ
———————————————————————
သင်းကွဲသူများ(၂)
နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်။
တာရာမင်းဝေ