![]() |
Sunday, 24 April 2011 10:01 | |
![]() ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကို အခန်း ၈ ဖြင့် ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၄၅ မှ ၃၉၀ အထိဖြစ်ကြောင်း ပုဒ်မ ၃၄၅ မှ ၃၈၂ အထိ ပုဒ်မ စုစုပေါင်း ၃၈ ခုတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းထားကြောင်း ပုဒ်မ ၃၈၃ မှ ပုဒ်မ ၃၉၀ အထိ ပုဒ်မပေါင်း ရှစ်ခုတွင် နိုင်ငံသားများ၏ တာဝန်များ ပြဋ္ဌာန်းထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များအရ သိရသည်။
နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင် ထည့်သွင်း ပြဋ္ဌာန်းထားပါသည်။ နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်း ၀ယ်ဖောက်ကားမှု၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ၀ိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် တူညီသောအခွင့် အလမ်း ရရှိစေရမည်ဖြစ်ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာပြဋ္ဌာန်းချက်များထဲတွင် ပါဝင် နေပါသည်။ ထို့ပြင် မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ ဆိုသည့်အချက်သည်လည်း နိုင်ငံသားများ၏ အခွင့်အရေးများထဲမှ တစ်ခု ဖြစ်ပါသည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်း လှည့်လည်ခွင့်တို့ကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း သိရသည်။ ထို့အတူ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး သို့မဟုတ် ပြည်သူတို့၏ကိုယ် ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထား သည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံး များဖွဲ့စည်းဆောင်ရွက်ခွင့်၊ တိုင်း ရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တို့ လည်း ရှိပါသည်။ နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင် ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီ ထက်ပို၍ ချုပ်နှောင်ခြင်းမပြုရဟု နိုင်ငံသားများ၏ အခွင့်အရေးများထဲ တွင် ထည့်သွင်းထားပါသည်။ “နိုင်ငံသား၊ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်တွေ အခန်းမှာ ပေးအပ်ထားတဲ့ အခွင့်အရေး တစ်ရပ်ရပ်ကို ရယူလိုရင် သတ်မှတ်ချက်တွေနဲ့အညီ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို လျှောက်ထားပိုင် ခွင့်ရှိရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၇ မှာဆိုထားတယ်။ ပြီးတော့ ဒီအခန်းမှာပေးအပ်ထားတဲ့ အခွင့် အရေးတွေနဲ့စပ်လျဉ်းပြီးလျှောက်ထား လာတဲ့ကိစ္စရပ်တွေမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရှေ့တော် သွင်းစာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာ စာချွန်တော်အမိန့်၊ အမှုခေါ်စာ စာချွန် တော်အမိန့် တစ်ရပ်ရပ်ကို သင့်လျော် သလိုထုတ်ဆင့်ပေးခွင့်အာဏာရှိရ မယ်လို့လည်း ဆိုထားပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကိုအပ်နှင်းတဲ့ စာချွန်တော်အမိန့်တွေ ထုတ်ဆင့်ခွင့်အာဏာဟာ တခြား တရားရုံးတွေကို တည်ဆဲဥပဒေတွေ အရအပ်နှင်းထားတဲ့ စာချွန်တော် အမိန့် သဘောမျိုး သက်ရောက်တဲ့ အမိန့်ထုတ်ဆင့်ပိုင်ခွင့် အာဏာကိုတော့ မထိခိုက်စေရပါဘူး”ဟု ဥပဒေ အတိုင်ပင်ခံတစ်ဦးက ရှင်းပြပါသည်။ နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံပိုင်ခွင့်ရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ဆိုသည်။ ထို့အတူ နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊ အများပြည်သူပိုင် ပစ္စည်းများကို ထိန်းသိမ်းစောင့် ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိကြောင်း နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိ ကြောင်း နိုင်ငံသားများ၏ တာဝန်များဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင် ပါဝင်နေပါသည်။ “နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေထံက ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး မှာ တည်တယ်လို့ နိုင်ငံတော် အခြေခံမူတွေရဲ့ ရှေ့ဆုံးကပြဋ္ဌာန်းချက် ၄ ချက်မှာပါ ပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံ မှာစတင် ကျင့်သုံးနေပြီ ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်အရ ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက တစ်ဆင့် နိုင်ငံတော်သမ္မတကို ရွေးချယ်ခဲ့တာပါ။ ဒါကြောင့် ပြည်သူတွေကို နိုင်ငံတော်သမ္မတနဲ့ ကိုယ်စားလှယ်တွေက လေးစားမယ်လို့ ယုံကြည်ပါ တယ်။ လေးစားသလိုပဲ ပြည်သူတွေ လိုအပ်ချက်၊ အခွင့်အရေးတွေကို အလျဉ်းသင့်သလို ဖြည့်ဆည်းဆောင်ရွက် ပေးရမှာလည်း ဖြစ်ပါတယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ပြည်သူတွေရဲ့ဆန္ဒအမှန်နဲ့ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ သမ္မတ ပေါ်ပေါက်လာနိုင်မယ်ဆိုရင် စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်က အဓွန့်ရှည် တည်တံ့အောင်မြင်နိုင်မှာ ဖြစ်ပါတယ်”ဟု နိုင်ငံရေးလေ့လာသူ ဥပဒေပညာရှင် တစ်ဦးက ဆိုပါသည်။ |
No comments:
Post a Comment