.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, April 25, 2011

စည်ပင်ထွန်းကားနေတဲ့ ခေတ်သစ်ကျွန်ရောင်းဝယ်မှု


စစ်ပွဲတွေကြောင့် အနာဂတ်မသေချာတဲ့ ကလေးငယ်တွေ ကမ္ဘာပေါ်မှာ အမြောက်အများရှိကြတာကို သတိပြု မိကြတယ်။ မိဘနဲ့သားသမီးတွေ လူကုန်ကူး ခံနေရတာကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ မိသားစုတွေလည်း အများကြီး ဖြစ်နေကြတယ် ဆိုတာကို သနားကရုဏာ ရှိကြပါစို့။ အာရှတိုက်မှာ
ထိုအထဲက ကျနော်တို့ မြန်မာတွေမှာ အဆိုးဝါးဆုံး ဖြစ်နေကြရ ပါတယ်။ ပြီးခဲ့တဲ့အပါတ်က အမေရိကန် လွှတ်တော် ကြားနာပွဲမှ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာအရ နိုင်ငံပေါင်း (၁၇၇) နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့်(၃) နေရာမှာရှိ ပါတယ်။ နိုင်ငံတကာ ပြောင်းရွှေ့ အခြေချသူများအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့ စာရင်းအရ ကမ္ဘာပေါ်မှာ ပြောင်းရွှေ့ အခြေချသူများ သန်း (၂၀၀) အနက် အာရှတိုက်က အများဆုံးလို့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။ လူတစ်ထောင်မှာ တစ်ယောက်ဟာ အဓမ္မ ခိုင်းစေခြင်းနဲ့ လိင်ကုန်ကူးမှု ပြဿနာကို ရင်ဆိုင် နေရတယ်။ အာရှနိုင်ငံ တွေဟာ လူကုန်ကူးမှုကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်မှု အားနည်းတယ်လို့ ထောက်ပြထားပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေး
ထူးဆန်းပြီး လေးစားလောက်တဲ့ နာမည်ဖြစ်တယ်။ ငယ်ငယ်တုန်းက အမေတို့ အဖွားတို့ တွေ အိမ်က ဝေးဝေးကို သွားမှာစိုးတဲ့အတွက် လူစိမ်းတွေနဲ့  မသွားနဲ့ ဘယ်သူတွေနဲ့ လိုက်မသွားနဲ့ ရောင်းစား ခံရလိမ့်မယ်။ ဒီလိုပြောသံ ကြားဖူးခဲ့တယ်။ သက်ရှိလူကို ရောင်းစားလို့ရတယ်လို့ လုံးဝ အယုံအကြည် မရှိခဲ့ရိုး အမှန်ပါ။ ထိုင်းကို ရောက်လာတော့ လူကုန်ကူးမှု ဆိုတာ နေ့တိုင်း ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ် ဖြစ်နေတယ်။ ကြားနေကျ စကားသံတွေ ဖြစ်နေတယ်။ ရောင်းစား ခံရသူပေါင်း များစွာနဲ့ တွေ့ဆုံ ဖြစ်လာတယ်။ လူကုန်ကူးသူတွေနဲ့ တွေ့ဖူး ဆုံဖူးလာခဲ့တယ်။ တကယ်ပဲ လူအချင်းချင်း ရောင်းလို့ ၀ယ်လို့ရတဲ့ နိုင်ငံပါလား ဆိုတာ အံ့သြ မှင်သက် မိတော့တယ်။
မြန်မာတွေဘာကြောင့် လူကုန်ကူးခံကြရသလဲ
မြန်မာနိုင်ငံအတွင်းမှာ အထွေထွေ အကြပ်အတည်းတွေကြောင့် လူကြီး ကလေးမကျန် အိမ်နီချင်း နိုင်ငံတွေကို ကြုံ ရာလုပ်ဖို့ ထွက်ခွာ နေကြတာကြောင့် ဖြစ်တယ်။ ဒီဖြစ်စဉ်တွေ ဆယ်စုနှစ်ပေါင်း များခဲ့ပြီ ဖြစ်တယ်။ တရုတ်နိုင်ငံဘက်ကို ရောက်သွားကြတဲ့ မြန်မာမလေးတွေရဲ့ အခြေအနေတွေက အဆိုးဆုံးလို့ ဆိုနိုင်တယ်။ အသက်ကြီးပြီး ကိုယ် လက် အင်္ဂါမစုံလင်တဲ့၊ ဆွံ့အတဲ့ တရုတ် အမျိုးသားတွေဆီမှာ ဇနီးမယား အဖြစ် ရောင်းစားခံရသလို လိင်အလုပ်သမားတွေ အဖြစ်လည်း ရောင်းစားခံရပါတယ်။ တရုတ်နိုင်ငံဟာ အထူးကြီးမား ကျယ်ပြန့်ပြီး မြန်မာတွေအစုအဝေး လိုက်ရှိတဲ့ တိုင်းပြည် မဟုတ်တာကြောင့် နေရပ်ရင်းကို ပြန်ရောက်ဖို့ ဆိုတာ အတော် မျှော်လင့်ချက် နည်းပါးတယ် လို့ ဆိုနိုင်ပါတယ်။
ကိုးကွယ်တဲ့ဘာသာ အသားအရောင်နဲ့ အစားအသောက်ချင်း အနီးစပ်ဆုံးနဲ့ အလုပ်အကိုင် အခွင့်အလမ်း အပေါများဆုံး ဖြစ်တဲ့ ထိုင်းနိုင်ငံ ထဲမှာတော့ မြန်မာတွေ နှစ်သန်း၊ သုံးသန်းတောင် ရှိနေပြီလို့ ခန့်မှန်း ထားကြတယ်။ ဒီ ဈေးကွက်အတွက် မြန်မာပြည်က ကျေးရွာ၊ ရပ်ကွက်အထိ လူပွဲစားတွေ ရှိနေကြပြီ ဖြစ်တယ်။ အချို့က မိမိတို့လမ်း စရိတ်နဲ့ အကျေပေးပြီး ဘန်ကောက်ကို ထွက်လာကြပေမယ့် အချို့ကျတော့ ဘယ်ရွေ့ ဘယ်မျှ ဘယ်ကာလအထိ လုပ်ရင် တက်စရိတ် ကျေမယ်ဆိုပြီး မိမိကိုယ်ကိုယ် လူကုန်ကူးခံပြီး တက်ကြတာတွေလည်း အများအပြားရှိပါတယ်။

လူတိုင်းသိတဲ့ အခြေအနေမှန်တွေ
အချို့ပွဲစားတွေက ကတိအတိုင်း (၆) လတန်သည် (၁) နှစ်တန်သည် လုပ်အားခယူပြီး နှစ်ဦး နှစ်ဖက် ကျေကျေနပ်နပ်နဲ့ အခြားအလုပ်ကို ပြောင်းသွား ကြတယ်။ အတော်များများက မသိနားမလည်တဲ့ မြန်မာအလုပ်သမားလေးတွေကို နှစ်ပေါင်းများစွာ လုပ်အားခ မပေးဘဲ ကျွန်ပြုနေကြခြင်း ဖြစ်တယ်။ တစ်နေ့ကို (၁၈) နာရီ၊ နာရီ (၂၀) လောက် တံခါးပိတ် ခိုင်းပြီး ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတယ်။ လူမိုက်တွေကို ထိုင် စောင့်ခိုင်း ထားတယ်။ ရှိသေးတယ်။ နေ့ရော ညပါခိုင်းပြီးတော့ ငံပြာရည်နဲ့ ငရုတ်မှုန့်သာ စားရတဲ့ အလုပ်ရုံတွေ ရှိသေးတယ်။ သူတို့ခမျာ အလုပ်ရှင်စားပြီး စွန့်ပစ်တဲ့ ဖရဲသီးခွံတို့ ကြက်ရိုးတို့ ငါးခေါင်းခွံ အရိုးတို့ကို ကောက်စားရတဲ့ သူတွေရှိနေတယ်။
အင်ဒိုလှေပေါ်မှာ နှစ်ရှည် ရောင်းစား ခံနေရသူတွေ၊ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ထောင်သောင်းချီပြီး ရောင်းစား ခံနေရသူတွေ၊ မချိလည်းလုပ်၊ နေမကောင်းလည်း လုပ်၊ မလုပ်နိုင်ရင် အသက် သေအောင် သတ်ပြီး ပင်လယ်ထဲ မျောချပစ်တယ်။
အိမ်ဖေါ် အလုပ်လုပ်နေကြတဲ့ မြန်မာအမျိုးသမီးငယ်လေးတွေ လုပ်အားခ မရတာတွေရှိတယ်။ ငွေ မပေးချင်လို့ လက်ပတ်နာရီ ခိုးတယ်ဆိုပြီး ထောင်ချခံရတဲ့ မြန်မာအလုပ်သမားတွေ၊ ပုလိပ်ခေါ်ပြီး ဖမ်းခိုင်းလို့ ထောင်ကျနေသူတွေ ထိုင်းနိုင်ငံထဲမှာ ဒုနဲ့ဒေးပါ။ မြန်မာအိမ်ဖေါ် အလုပ်သမားတွေဟာ အိမ်ရှင်တွေ ခိုင်းသမျှ နေ့ရောညပါ လုပ်ပေးရတယ်။ မိမိတို့ အိမ်တွင်းရေး အဆင်မပြေကြတဲ့ကိစ္စ အိမ်အလုပ်သမားကို မဆီမဆိုင် သေနတ်နဲ့ ပစ်သတ် လိုက်တာတွေ ရှိတယ်။ တချို့ဆို အိမ်ရှင်အဖေရော သားပါ အဓ္ဓမ ပြုကျင့်ခံရပြီးတော့ သတ်ရင်လည်းသေ၊ ထားရင်လည်းနေရတဲ့ ဘ၀တွေ၊ အဖေမပေါ်ဘဲ ဗမာပြည်ပြန်ပြီး မွေးလိုက်ရတဲ့ ကလေးတွေဆို ဘယ်နည်းတော့မလဲ။
ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတတ်သူများလော
ဒီအနေအထားအမှန်တွေကို ထိုင်းအခြေစိုက် ကလေးအဖွဲ့၊ အိမ်ဖေါ်အဖွဲ့၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဥပဒေအဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေအပြင် အာစီယံ၊ ယူအင်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး၊ ဘာ Right ၊ ညာ Right နောက်အဖွဲ့ပေါင်းများစွာ သိကြပါတယ်။ ရှိကြပါတယ်။ သိအောင်လုပ်နိုင်ကြပေမယ့် သက်သာအောင် ပပျောက်အောင် ဘာကြောင့် မလုပ်နိုင်ကြတာလဲ။
အခြားကမ္ဘာတစ်ခုကို သွားလုပ်ရမယ့်ကိစ္စလား၊ ရေအောက်ကိုလား၊ မြေအောက်မှာမို့လား။ ဒီ လူကုန်ကူးကြသူတွေဟာ မြေလျှိုး မိုးပျံ နိုင်သူတွေ ဖြစ်လို့လား။ သို့တည်းမဟုတ် အထက်ကပြောတဲ့ အဖွဲ့တွေ အလုပ် မလုပ်ကြလို့လား ဆိုတာ အဖြေက ပေါ်ပြီးသား ဖြစ်တယ်။ လုပ်ဖို့ စဉ်းစားကြသူတွေ မဟုတ်လို့လည်း ဆိုနိုင်တယ်။ အရေးယူနိုင်လောက်တဲ့ တိကျခိုင်မာတဲ့ အချက်အလက်တွေနဲ့ ကာယကံရှင် မိသားစုတွေနဲ့ မြန်မာအလုပ်သမားအဖွဲ့တွေ တင်ပြတာကိုတောင် အကောင်အထည် မဖေါ်ကြဘူး။ အကျိုးအကြောင်းကို စပြီး တိုင်ကြားတော့ ဘာလိုတယ်၊ ညာလိုတယ် ဆိုပြီး မဖြစ်နိုင်တဲ့၊ မရနိုင်တဲ့ အချက်အလက် အထောက်အထားတွေကို ရမှ ဖြစ်မယ်လို့ ပြောကြတယ်။ ကျနော်တို့ကလည်း ပူးပေါင်းပါဝင်မှု အားကောင်းတဲ့ မိသားစုတွေနဲ့ အချိန်ယူပြီးတော့ လိုအပ်သမျှ အချက်အလက်တွေကို ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့တယ်။ ဒါပေမယ့် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေဟာ ခေါင်းကုတ် ဖင်ကုတ် လုပ်နေကြတယ်။ တည့်တည့်ပြောရင် အလုပ်မလုပ်ကြဘူး။ သူတို့လိပ်စာကဒ်မှာ ရိုက်ထားတဲ့ Human trafficking ဆိုတဲ့စာလုံးကို သုံးစွဲဖို့မသင့်ဘူး ထင်ပါတယ်။ မလုပ်ရဲ မလုပ်နိုင်ရင် ရင်လည်း မလုပ်တာက ပိုကောင်းမယ် ထင်ပါတယ်။ ပညာတတ်ကြီးတွေဖြစ်ပြီး လိမ်လည်နေတာကို အထူး ရှက်သင့်ပါတယ်။
ပျော့စိစိ ထိုင်းလူကုန်ကူးမှုဥပဒေတွေ
အစည်းဝေးတွေ သတင်းစာရှင်းလင်းပွဲတွေမှာ ဘာသာရပ် တူရာအလိုက် မိတ်ဆက်ကြတယ်။ လူ့အခွင့် အရေးလုပ်တယ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်တယ်ဆိုတဲ့ လိပ်စာကဒ်ကလေးကို ရရှိခဲ့တယ်။ လူချင်းစကားပြောဖြစ်ကြတယ်။ လုပ်ငန်း အကောင်းအထည်ဖေါ်ဖို့ တကယ် စည်းဝေး တိုင်ပင်ကြတဲ့ အခါ
(၁) တိကျခိုင်မာတဲ့ သတင်းအချက်အလက် (ဓါတ်ပုံ/ဗွီဒီယို) စာရွက်စာတမ်း အထောက်အထားတွေ ပြည့်စုံရမယ်။
(၂) လူကုန်ကူးမှုဖြစ်ပေါ်နေတဲ့ နေရာကို တိုက်ရိုက်လိုက်လံ ပြသနိုင်သူ ရှိရမယ်။
(၃) လူကုန်ကူးမှု ပြုလုပ်သူရဲ့ အခန်းမှာ လူ အနည်းဆုံး သုံး၊ လေးဦး ရှိရမယ်။ လူကုန်ကူးသူပါ ရှိရမယ်။
(၄) လူကုန်ကူးသူကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် လူကုန်ကူးခံရသူဟာ အစိုးရ သက်သေအဖြစ် အနည်းဆုံး (၆) လခန့် သက်ဆိုင်ရာ အာဏာပိုင်များ စီစဉ်ပေးတဲ့ စခန်းမှာ အပြင် မထွက်ရ၊ ၀င်ငွေမရှိ နေထိုင်ရမယ်။
(၆) နောက်ဆုံးတော့ တရားမ၀င် ၀င်ရောက်လာမှုနဲ့ နယ်စပ်သို့ ပြန်လည်ပို့ ဆောင်ခြင်းခံရမှာဖြစ်တယ်။
ဒါကြောင့် ထိုင်းအခြေစိုက် အင်ဂျီအိုအဖွဲ့ ကြီးတစ်ခုက ပြောဖူးတယ်။ လူကုန်ကူးမှုကို သူတို့ မလုပ်လိုကြောင်း ဘာကြောင့်လဲ ဆိုတော့ လူကုန် ကူးခံရသူရဲ့ဆုံးရှုံးနစ်နာမှုက အရမ်းများတယ်။ ကိုယ်ကယ်တင်တဲ့လူတွေကို ထောင်ချပြီး တရားမ၀င်မှုနဲ့ နယ်စပ်ကို ပြန်ပို့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
အမိမဲ့သား ရေနည်းငါး
မြန်မာတွေ၊ ဗမာတွေကို သတ်မလား၊ နှိပ်စက်မလား၊ ငွေမပေးဘဲ ခိုင်းမလား၊ ကြိုက်သလိုလုပ်၊ လေယာဉ်ကွင်းရှေ့လို နေရာမှာ ပစ်သတ်တာတောင် ဘာမှ မဖြစ်ဘူးလေ။ ဖေါ်ထုတ်မယ့်လူ၊ အရေး ယူမယ့်လူ ရှိမှ မရှိတာ။ မြန်မာအစိုးရက ထိုင်းမှာ သန်းချီ ရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ထုကြီးဟာ တိုင်းပြည်ရဲ့ လူသား အရင်းအမြစ်တွေ၊ တိုင်းပြည်ကို သန်းပေါင်းများစွာ ၀င်ငွေရှာပေးနေတဲ့ လုပ်အားရှင်တွေလို့ အရှိ ပကတိအတိုင်း မြင်စေချင်ပါတယ်။
သက်ဆိုင်ရာ မြန်မာသံရုံးတွေအနေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ဆိုးဝါးတဲ့အနေ အထားတွေကို လေ့လာသုံးသပ်ပြီး ထိုင်းအာဏာပိုင်တွေကို မေးမြန်း စုံစမ်းတာတွေ၊ ဘယ်မှာဖြစ်ခဲ့တဲ့ ပြဿနာ ဘယ်အဆင့် ရောက်နေပြီလဲလို့ စစ်ဆေးတာတွေ ဂရုစိုက်တာတွေ လုပ်လာ ခဲ့မယ်ဆိုရင် ထိုင်းတွေဟာ ခုလို လုပ်ချင်သလို လုပ်နေတဲ့ လုပ်ရပ်တွေကို အနည်းဆုံး ဆင်ခြင်လာနိုင်ပါတယ်။ ဥပမာ ဂျပန်နိုင်ငံက ဂျပန်လူမျိုး တစ်ယောက် ထိုင်းဆန္ဒပြပွဲမှာ သေသွားတယ်။ ဂျပန်အစိုးရကိုယ်တိုင် အဖွဲ့ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါတယ်။
ဒီလို မိမိတိုင်းသူ ပြည်သားများ အရေးကိစ္စဖြစ်ပေါ်လာလျှင် အစိုးရအနေဖြင့် မေးမြန်းစုံစမ်းလာရင် အစိုးရပိုင်းဆိုင်ရာတွေက မျက်နှာ ပျက်စရာ ဖြစ်မှာစိုးလို့ အရေးယူ ဖေါ်ထုတ်လာမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရအနေနဲ့ ဒီရွှေ့ပြောင်း အလုပ်သမားတွေကို ရင်ခွင်ထဲက သားသမီးလို သဘောထားပြီး အလေး ဂရုပြုလာရင်တော့ ဒီလုပ်ရပ် တွေဟာ လုံးဝလျှော့နည်း ပပျောက်သွားမယ်လို့  ယူဆပါတယ်။
အကောင်အထည်ဖေါ်နိုင်ဖို့ အကြံပြုခြင်း
ထိုင်းမှာအခြေစိုက်တဲ့ မြန်မာအဖွဲ့ အစည်းတွေ ကိုယ့်လူမျိုးတွေအရေးမို့လုပ်မယ်လို့ ကြိုးစားတဲ့အခါ……
(၁) လူကုန်ကူးသူနဲ့လူကုန်ကူးခံရသူတွေနဲ့ ပါတ်သက်တဲ့ဓါတ်ပုံတို့ ဗွီဒီယိုတို့ ရရှိဖို့ဆိုတာ အတော် ခက်ပါတယ်။ စွန့်စားပြီးမှ ရရှိနိုင်မှာ ဖြစ်တယ်။ ခိုင်မာတိကျတဲ့ အချက်အလက်တွေ ရရှိဖို့ မှတ်တမ်းရအောင် လုပ်ဖို့အတွက် ထောက်ကူပစ္စည်း ကင်မရာ ရှိဖို့လိုတယ်။ အထူးအရေးကြီးဆုံးက အချက်အလက်တွေ စုဆောင်းစဉ် မမျှော်လင့်ပဲ အာဏာပိုင်တွေ၊ လူကုန်ကူးသူတွေ သိရှိသွားလို့ ဖမ်းဆီးနှောက်ယှက် ခံရတဲ့အခါ လုံလောက်တဲ့ ကျောထောက် နောက်ခံ အကာအကွယ် လိုပါတယ်။ အချိန်မရွေး သတ်ဖြတ် ခံရနိုင်ပါတယ်။ စရိတ်စကများ ကုန်ကျပါမယ်။
(၂) အသိစိတ်ဓါတ်အပြည့်နဲ့ လိုက်လံ ပြသသူတွေအတွက် အတိုင်းအတာတစ်ခုထိ မြှောက်စား ချီးမြှင့်ဖို့ လိုအပ်ပါမယ်။ လိုအပ်တဲ့ ကာကွယ်မှု ရှိရပါမယ်။ (နေထိုင်အလုပ်လုပ်ကိုင်ခွင့် တရားဝင် လုပ်ပေးခြင်း စသည်)
(၃) လူကုန်ကူးခံရသူတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်များ လုပ်ပေးပြီး ၎င်းတို့ ခံစားခဲ့ရတဲ့ မလုံ့ခြုံတဲ့ ဘ၀တွေကို အစားထိုးပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ခွင့် ပြုသင့်ပါတယ်။
(၄) လူကုန်ကူးခံရသူများကို ဥပဒေအရ အရေးယူနိုင်ဖို့ အစိုးရ သက်သေတွေအဖြစ် စောင့်ဆိုင်းနေရလို့ ကြာနေတဲ့ အချိန်တွေအတွက် နေ့တွက်ခများ ပေးချေ သင့်ပါတယ်။
(၅) လူကုန်ကူးဂိုဏ်းတို့သည် ၎င်းလုပ်ငန်းစဉ်အတွင်း ပတ်သက်ဆက်နွယ်သူ ဟူသမျှတို့အား သင့်တော်သည့် အကျိုးခံစားနှုန်းထားများ သတ်မှတ် ထားချက်ရှိသကဲ့သို့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များအနေ ဖြင့်လည်း ပူးပေါင်း ပါဝင်သူများကို သင့်တော်သည့် ရပိုင်ခွင့်များအား ထောက်ပံ့ ပေးကမ်းပြီး နွေးထွေးစွာ၊ ထိရောက်စွာ ဆောင်ရွက်သင့်တယ်။ နဂိုမူလ ဥခွံဟောင်းထဲမှ ဖေါက်ထွက် စဉ်းစားပြီး လုပ်ငန်းစဉ်သစ်တွေ ချမှတ်ပြီး ထိထိရောက်ရောက် လုပ်ကိုင် သင့်ပါတယ်။
ခက်ခဲတဲ့အလုပ်၊ စွန့်စားရတဲ့ အလုပ်ဖြစ်တယ်ဆိုတာ မှန်တယ်။ ၀ီရီယစိုက်ထုတ်မှုက လုံးဝ မရှိတာက အထူး စိတ်ပျက်ဖို့ ကောင်းပါတယ်။ အမှောင်ထဲက ဥပဒေအပြင်ဘက်က လူတွေကို သယ်ယူ ရောင်းဝယ်ရောင်းနေတာက သိန်းသန်းချီတဲ့ လူတွေကို လူကုန်ကူးခဲ့ကြပြီး ဖြစ်တယ်။ ဥပဒေအတွင်းက အလင်းက လူကုန်ကူးမှု တိုက်ဖျက်ရမယ့် အစိုးရတွေက ဘာကြောင့် ဒီကိစ္စကို မနှိမ်နင်း နိုင်တာလဲ။ စဉ်းစားသင့်တယ်။ ရှက်သင့်တယ်။
ကျနော်နဲ့ ဆုံဖူးတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ
နေ့စဉ်နေ့တိုင်း နယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းက အအလုပ်သမားကိစ္စတွေ လုပ်ကိုင်ရင်း၊ ဘလော့တွေမှာ သတင်းတွေရေးရင်း လူကုန်ကူးမှုတွေ၊ ကလေး အလုပ်သမားကိစ္စတွေကို အတော်များများ သိနေရတယ်။ ဒီလိုသိလာတော့ မိမိမှာရှိတဲ့ အသိမိတ်ဆွေတွေနဲ့ စုပေါင်းပြီးတော့ အချက်အလက်တွေ အတိအကျရဖို့ အတော်ပင်ပင် ပန်းပန်းကြိုးစားကြရပါတယ်။
အထက်က ပြောခဲ့သလို အထောက်အထား အပြည့်အစုံပြရုံမက လူကုန်ကူးသူ နေအိမ်ကို လိုက်လံပြသနိုင်တဲ့ လူကုန်ကူးခံရာက လွတ်မြောက်လာသူ ကိုယ်တိုင် အဆင်သင့်ဖြစ်နေတာကို လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ဆိုတဲ့ နာမည်ခံအဖွဲ့က လူတွေက ခုထက်ထိတော့ ဖမ်းဆီး အရေးယူခြင်း မရှိသေးပါဘူး။ ကျနော်သိထားတဲ့ လူကုန်ကူးခံရမှု တစ်ခု၊ နှစ်ခုတောင်မှ အကောင်အထည် မပေါ်နိုင်ရင် ကျနော်မသိတဲ့၊ အချက်အလက် မပြည့်စုံတဲ့၊ ထောင်သောင်းချီတဲ့ ရောင်းစားခံ မြန်မာတွေရဲ့ အခြေအနေတွေကို မတွေးမိအောင် ထိတ်လန့် တုန်လှုပ်မိပါတယ်။
နှစ်ဖက်ကို မျှတစဉ်းစားကြည့်သော်
အဲဒီ Human Right (လူ့အခွင့်အရေးအဖွဲ့တွေ) Human Trafficking (လူကုန်ကူးမှုအဖွဲ့တွေ) က ထိုင်းဥပဒေ အတိုင်းပဲ လုပ်နိုင်မှာ ဖြစ်တယ်။ (အချုပ်အခြာအာဏာ ဆိုတာ ရှိသေးတယ်) ကျနော်တို့ မြန်မာအချင်းချင်း ကယ်တင်ချင်တယ်။ ဥပဒေအတိုင်းလည်း ဘောင်ဝင်ချင်တယ်။ ဒါကြောင့် ပွဲစားအိမ်မှာ လူကုန်ကူးခံရသူတွေ ရှိနေတာကို သိရှိအောင် ဘယ်လို စောင့်ကြည့်ေ နမလဲ။ လှုပ်ရှားမှု စောင့်ဆိုင်းပြီး ဖမ်းဆီး အရေးယူမယ့် ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေက အဆင်သင့် ဖြစ်နေပါ့မလား။
နောက်တစ်ချက်က ဒီလူကုန်ကူးမှုတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ဘယ်လောက် ရှိနေသလဲ။ အာဏာပိုင်တွေ မျက်ကွယ်မပြုဘဲ လူကို ရောင်းစားဖို့ လူကုန်ကူးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စရပ် ဖြစ်တယ်။ စုံစမ်း သိရှိချက်တွေ အရဆိုရင် ဒီ လူကုန်ကူးမှု လုပ်ငန်းကို ဒေသတွင်း သြဇာရှိသူ၊ ငွေကြေး ချမ်သာသူတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်း လုပ်ကိုင်နေကြတာမို့ သတင်း အချက်အလက် စုဆောင်းသူတွေတောင် မ၀ံ့မရဲ ဖြစ်နေကြရတယ် ဆိုတာပါပဲ။ နေ့စဉ် မဲဆောက်၊ ရနောင်းဘက်က ရာချီပြီး ထိုင်းနိုင်ငံထဲကို ၀င်လာ နေကြတယ်။ ကိုယ်ဖျောက်လာတာ မဟုတ်ဘူးလေ။ လူတွေကို ထုတ်ပိုးပြီး သယ်ယူလာလို့ ရတာ မဟုတ်ဘူးလေ။

ဗြောင်ကျကျ လူကုန်ကူးနေရာ
အချောင်ဆိုတဲ့ လှေဆိပ်မှာ ရှိသမျှ လှေသမားတိုင်းဟာ ပုံစံ အမျိုးမျိုးနဲ့ ရောင်းစား ခံနေရသူတွေ ဖြစ်တယ်လို့ ဆိုတယ်။ စမေးစံတို့ ခြုံဘူရီတို့ မဟာချိုင်တို့၊ မဲခေါင်တို့မှာလည်း ရောင်းစား ခံနေရတဲ့ မြန်မာ လှေလုပ်သားတွေ အများကြီး ရှိတယ်။ မြ၀တီ – မဲဆောက်နဲ့ ကော့သောင်း – ရနောင်းတွေမှာ နယ်မြေခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်နေကြတာပဲ။ လူတန်းရှည်ကြီးတွေ ထိုင်းနိုင်ငံထဲကို နေ့တိုင်း ၀င်ရောက် နေတာပဲ။ သွားလိုတဲ့ နေရာကို နှစ်ဦး သဘောတူ ဈေးသတ်မှတ်ပြီး သွားလာကြတာကို ဘာမှ မပြောစရာ မရှိပေမယ့် သွားလိုတဲ့နေရာကို ငွေပေးပြီး ဖြစ်ပေမယ့် လှေပေါ်ကို ကာယကံရှင် သဘောမတူပဲ ရက်ရက်စက်စက် ရောင်းချလိုက်တာတွေ ကတော့ လူမဆန်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ငါးဖမ်းလှေကို ရောင်းတာက လူကုန်ကူးသူတွေအတွက် ငွေပိုမိုရရှိပါတယ်။
ရောင်းစားခံထားရတဲ့ ဆွေမျိုး သားချင်းတွေကို ဆက်သွယ်လာရင် လိုအပ်တဲ့ အချက် အလက်တွေကို စုဆောင်းထားဖို့ ဘာတွေ လိုအပ်တယ် ဆိုတာကို လူကုန်ကူးမှုကို တကယ် လုပ်နေတဲ့အဖွဲ့အစည်းတွေကို ဆက်သွယ်မေးမြန်း ဆောင်ရွက်ဖို့ လိုပါတယ်။ နယ်စပ်ကို ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်းကို ပို့တောမယ် ဆိုရင် ပို့မယ့်လူရော ထည့်လိုက်မယ့် လူကုန်ကူးသူ (ပွဲစားများ) ရဲ့ ဓါတ်ပုံများကိုပါ ရိုက်ကူးထား သင့်ပါတယ်။ ပွဲစားတွေရဲ့ နေထိုင် လုပ်ကိုင်တဲ့ ဂွင်နေရာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံး ကာကွယ်နည်းတွေကို ရှာကြံပြီးတော့မှ မိမိတို့ မိသားစုကို လူကုန်ကူးသူများ လက်ထဲသို့ အပ်သင့်ကြောင်း အကြံပြုလိုပါတယ်။ အကြောင်းကတော့ လူကုန်ကူးခံရသူများ ပြန်လည် လွတ်မြောက်လာဖို့ ဆိုတာ မျှော်လင့်ချက် လုံးဝ နည်းနေလို့ ဖြစ်ပါတယ်။
မြန်မာအစိုးရကို အကြံပြုချင်တာရှိပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း အထူး နည်းပါးတာကြောင့် အရွယ်ရောက်ပြီးသူတိုင်း အလုပ် လုပ်နိုင်သူတိုင်း ထိုင်းနိုင်ငံကို ထွက်ခွာလာနေတာကို ဘယ်လိုမှ တားမြစ်ပိတ် ပိတ်ပင်လို့ မရနိုင်ပါ။ အလုပ် လုပ်နိုင်သူပေါင်း သုံးသန်းထက် မနည်း ထိုင်းနိုင်ငံ အတွင်းကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ဒီလူတွေကို လွယ်ကူ သက်သာတဲ့ တရားဝင် စာရွက် စာတမ်းများ လုပ်ကိုင် ပေးသင့်ပါတယ်။ ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာလိုတဲ့ အလုပ်သမားတွေကိုလည်း အသက်သာဆုံး အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး ပြည်ပ ထွက်ခွာ အလုပ် လုပ်ကိုင်ခွင့် လုပ်ပေး သင့်ပါတယ်။
ဥပမာ။ ။ ထိုင်းလူမျိုးတွေဟာ ပြည်ပနိုင်ငံကို အစိုးရဆီမှာ အကြောင်း ကြားစရာမလိုပဲ လေယာဉ်လက်မှတ် ၀ယ်ပြီး ထွက်သွားရုံပဲဖြစ်ပါတယ်။ ပြည်ပကို ထွက်ခွာ အလုပ်လုပ်လိုတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ဟာ ဘတ် (၂၀၀၀၀) အောက် (ကျပ်ငွေ ခြောက်သိန်း ၀န်းကျင်) ဆိုရင် တကမ္ဘာလုံးကို ထွက်ခွာခွင့်ရရှိသွားပြီး ဖြစ်ပါတယ်။
အကျဉ်းအကြပ်ထဲက ရုန်းထွက်လိုကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာအစိုးရထံမှာ မြန်ကောင်းသက်သာ ပြည်ပထွက်ခွာခွင့်ကို မရနိုင်တာကို သိကြတာကြောင့် ပွဲစား (လူကုန်ကူးသူတွေ) နဲ့ ထိုင်းနိုင်ငံအတွင်းကို ၀င်ရောက် လာခဲ့ကြပါတယ်။ တစ်ခွန်းတည်းသော စကားကိုပြောရရင် လွယ်အောင် လုပ်မပေးဘဲ ခက်ခဲကြန့်ကြာ ကုန်ကျမှုများအောင် လုပ်နေတဲ့ မြန်မာအစိုးရရဲ့ မူဝါဒ လက်ဟောင်းတွေကြောင့် ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေ၊ လူကုန်ကူးဂိုဏ်တွေ နဲ့ ထိုင်း/မြန်မာပွဲစားတွေက မြန်မာတွေကို ဘာပဲလုပ်လုပ် မြန်မာအစိုးရက တစ်ခါတစ်ရံတောင် ဂရုတစိုက် စုံစမ်းစစ်ဆေး အပြစ်ပေး အရေးယူ၊ ကူညီဆောင်ရွက်ခြင်း မရှိ ဆိုတာသိကြတာကြောင့် မြန်မာတွေကို ရောင်းချင်တိုင်း ရောင်းပြီး ကျွန်ပြုချင်တိုင်း ပြုနေကြတာ ဖြစ်ပါတယ်။
အထူးပြု ပြောကြားချင်တာက ခု ထိုင်းနိုင်ငံမှာ မြန်မာအစိုးရ ထုတ်ပေးတဲ့ ယာယီပတ်စပို့အတု ပေါ်နေပြီ ဖြစ်ပါတယ်။ ယာယီ ပတ်စပို့ ကုမ္ပဏီတွေကြောင့် မြန်မာအလုပ်သမားတွေ ငွေကြေးဆုံးရှုံးတာတွေနဲ့ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးသွားသူတွေ ရှိပါတယ်။ ဒီအရေးကိစ္စတွေကို ထိုင်းအစိုးရရော မြန်မာအစိုးရပါ ယနေ့ အထိ အရေးယူ ဆောင်ရွက်ခြင်းလုံးဝမရှိသေးပါ။
ကျော်သောင်း

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ