.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, April 16, 2012

“တွေးပူမိပါသည် ..... စားအုန်းဆီ။“

ဆောင်းပါးရှင်  Qing Minya
 
 
Palm Oil ဟူသော စားအုန်းဆီ သို့မဟုတ် ဆီအုန်းပင်မှ ထုတ်ယူသောဆီသည် မြန်မာ တော်တော်များများနှင့် အကျွမ်းတဝင်ရှိပြီး ဖြစ်သည်။ အခြေခံလူတန်းစား တော်တော်များများ၏ မီးဖိုချောင်တွင် သူမပါလျှင် မပြီးသလို ကျွန်မတို့ မိန်းကလေးများ နေ့စဉ်သုံးစွဲသော အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း ဆီအုန်းဆီကို အသုံးပြုရသည်။
.
"မြေကြီးမှ ရွှေသီးသည်" ဟူသော စကားသည် ဆီအုန်းစိုက်ပျိုးသူများအတွက် အလွန်ပင် မှန်ကန်လှပေသည်။ ၂၀ရာစုတွင် မလေးရှားနိုင်ငံအား အာရှကျားနိုင်ငံ တစ်နိုင်ငံအဖြစ် အသွင် ပြောင်းပေးလိုက်သည်မှာ ဆီအုန်းပင် ဖြစ်သည်။ မလေးရှားနိုင်ငံနည်းတူ အင်ဒိုနီးရှားနိုင်ငံသည်လည်း ယင်းဆီအုန်းကိုပင် အဓိကအားထားနေရသည်။ ယင်းနိုင်ငံများတွင် စိုက်ပျိုးသော ဆီအုန်းမှာ အာဖရိကဆီအုန်းမျိုး ဖြစ်သည်။ အရွယ်ရောက်ပြီး ဆီအုန်းပင်သည် လုံးပတ် ၄၀ စင်တီမီတာမှ ၆၀ စင်တီမီတာအတွင်း ရှိပြီး ပင်စည်သည် ၁၅ မီတာမှ ၁၈ မီတာအထိမြင့်သည်။ ဆီအုန်းပင်၏ အကိုင်းတစ်ကိုင်းတွင် အသီး ၁၀၀၀ မှ ၃၀၀၀ အထိ ပြွတ်ပြွတ်ခဲခဲ သီးလေ့ရှိသည်။ အပင် သက်တမ်း လ ၃၀ မှ စတင်၍ အသီး စတင်သီးပါသည်။ ဆီအုန်းပင်၏ သက်တမ်းမှာ နှစ် ၃၀ ကျော် ဖြစ်သော်လည်း ၂၅ နှစ်မျှ အထိသာ အသီးအောင်သည်ဟု ဆိုသည်။ ကျွန်မတို့ စားသုံးသော စားအုန်းဆီသည် အဆိုပါ ဆီအုန်းသီး၏ အသားမှ ထုတ်ယူခြင်းဖြစ်ပြီး အလှကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက်မူ Palm kernel oil ဟူသော ဆီအုန်းသီး၏ အစေ့မှ ထုတ်ယူသောအဆီကို သုံးကြသည်။ ဆီအုန်းပင်၏ ပင်စည်ကို ရုံးသုံး ပရိဘောဂများ ပြုလုပ်သော Particle board ကျိတ်ပေါင်းအထပ်သား ပြုလုပ်ရာတွင် သုံးသည်။ ကိုင်းစကိုင်းန များကိုမူ နေလှမ်း အဆွေးခံ၍ မြေသြဇာအဖြစ် ပြန်လည်အသုံးချနိုင်သည်။ အတိုချုံးပြောရလျှင်ကား ဆီအုန်းပင် သည် ပင်လုံးအသုံးတည့်သော အပင်မျိုးပင် ဖြစ်သည်။ ယင်းဆီအုန်းသည် မိုးများ၍ စိုစွတ်သော အပူပိုင်းဒေသ များတွင် ဖြစ်ထွန်းသည်။
.
ဆီအုန်းအများဆုံး စိုက်ပျိုးသော နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှားနှင့် နိုင်ဂျီးရီးယားတို့  ဖြစ်သည်။ ၂၀၀၆ ခုနှစ်မတိုင်မီက မလေးရှားသည် ဆီအုန်းအများဆုံး စိုက်ပျိုးသော နိုင်ငံတနိုင်ငံဖြစ်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်မှ စတင်၍ အင်ဒိုးနီးရှားနိုင်ငံသည် ဆီအုန်းအများဆုံး စိုက်ပျိုးရာ နိုင်ငံဖြစ်လာသည်။ ဤစာစုတွင် မလေးရှား၏ ဆီအုန်းစိုက်ပျိုးမှုအကြောင်းကို အဓိကထား တင်ပြလိုပါသည်။ မလေးရှားနိုင်ငံတွင် စုစုပါင်း ဆီအုန်းစိုက်ပျိုးမြေ ဧရိယာ ဟက်တာ ၅ သန်းရှိပါသည်။ အဆိုပါ မြေအကျယ်အဝန်းသည် ဘောလုံးကွင်းပေါင်း ၇ သန်းခွဲနှင့် ညီသည်ဟု ဆိုသည်။ ဆီအုန်းသည် ယင်းနိုင်ငံ၏ စီးပွားရေး အသက်သွေးကြောပင် ဖြစ်တော့သည်။ ၂၀၀၆ ခုနှစ်အထိ ထိပ်တန်း ဆီအုန်းစ်ုက်ပျိုးသော နိုင်ငံဖြစ်ခဲ့သော မလေးရှားနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံမှ ကျော်တက်ခဲ့သည်။ အကြောင်းရင်းမှာ အင်ဒိုနီးရှားသည် မလေးရှားထက် မြေအား၊ လူအား အစစ သာလွန်သည်။ မလေးရှားသည် အင်ဒိုနီးရှားထက် နယ်ပယ်ကျဉ်းရုံမျှမက သစ်တောဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကလည်း ပိုမိုတင်းကြပ်သည်။ ၂၀၀၈ခုနှစ်တွင် မလေးရှားသည် စားအုန်းဆီ တန်ချိန်သန်းပေါင်း ၁၇.၇ ကို စုစုပေါင်း အလုပ်သမားဦးရေ ၅၇၀,၀၀၀ သုံး၍ ထုတ်လုပ်ခဲ့သည်။ ၆၀% သော စားအုန်းဆီကို တရုတ်နိုင်ငံသို့  တင်ပို့ သည်။ ယင်းစားအုန်းဆီကို မာဂျရင်း၊ ဘီစကစ်၊ ချောကလစ်အစရှိသော မုန့် ပဲသွားရေစာများ ထုတ်လုပ် ရာတွင်အများဆုံးအသုံးပြုသည်။
.
မလေးရှားနိုင်ငံ၏ သစ်တောဥပဒေအရ သစ်တောဧရိယာသည် နိုင်ငံဧရိယာ၏ ၅၀% ရှိရမည်ဟု ဆိုသည်။ ထို့ ကြောင့် ဆီအုန်းခင်းများကို ထင်သလို ချဲ့ထွင်နိုင်ခြင်း မရှိပေ။ ထိုအချက်ကြောင့်ပင် အင်ဒိုနီးရှားသည် မလေးရှားထက် ဆီအုန်းပိုမို စိုက်ပျိုးနိုင်ခြင်း ဖြစ်သည်။ သို့ ပါ၍ မလေးရှား ထိပ်တန်း ဆီအုန်းစိုက်ပျိုးသော Felda Holding နှင့် Sim Darby တို့ သည် အိမ်နီးချင်း အာရှနိုင်ငံများဖြစ်သောထိုင်း၊ ကမ်ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သွားရောက် စိုက်ပျိုးကြသည်။ သို့ ရာတွင် ကိုယ်တိုင်လည်း ဆီအုန်းထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံတွင်မူ ထင်သလောက် ကျယ်ကျယ်ပြန့် ပြန့်  စိုက်ပျိုးခွင့် မရကြပေ။ ယင်းသို့  ပြည်ပနိုင်ငံငယ် များတွင် ဆီအုန်း စိုက်ပျိုးထုတ်လုပ်ခြင်းသည် မိခင် မလေးရှားနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်ခြင်းထက် ပို၍ အကျိုးအမြတ်များသည်ဟု ဆိုသည်။ အကြောင်းရင်းမှာ ယင်းနိုင်ငံများ၏ အလုပ်သမား လစာ၊ မြေဈေး စသည်တို့ သည် အစစအရာရာ မလေးရှားနိုင်ငံထက် နှုန်းထားများ အလွန် သက်သာသည်။
.
ဤသို့ ဆိုလျှင် ဆီအုန်းစိုက်ပျိုးခြင်းသည် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအတွက် အတိုင်းအထက်အလွန် အထောက်အကူ ပြုပါသည်ဟု ဆိုနိုင်ပါသလား။ ဆိုနိုင်ပါသည်။ သို့ သော် .... ရယူခြင်းတိုင်းတွင် ပေးဆပ်ခြင်း ဟူသည် ရှိစမြဲသာပင်။ မြေကြီးမှ ရွှေသီးစေသော အနှီ ဆီအုန်းသည် တောပြုန်းခြင်း၏ အဓိက အကြောင်းရင်း တစ်ခုပင် ဖြစ်သည်။ ထိုမျှမက လေထုညစ်ညမ်းစေသော ပင်မ အကြောင်းရင်းလည်း ဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့်များနည်း။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အနှီဆီအုန်းကို စိုက်ပျိုးရန်အတွက် ရှိရင်းစွဲ အမြဲစိမ်းတောများကို ရှင်းလင်းပစ်ကြသည်။ မည်ကဲ့သို့ ရှင်းလေသနည်း။ ဟုတ်ကဲ့... အလွယ်ကူဆုံးနည်းမှာ မီးတင်ရှို့ ခြင်း ဖြစ်သည်ဟူ၏။ ယင်းသို့လောင်ကျွမ်းခြင်းများမှ လွင့်ပျံလာသော မီးခိုးမှိုင်းများသည်ကား စုစုပေါင်း လေထုညစ်ညမ်းမှုပမာဏ၏ ၄% မျှ ရှိသည်ဟု ဆို၏။ ထို့ အပြင် ယင်းသို့ မဆင်မခြင် တောရှင်းသော အပြုအမူများကြောင့် ယခုအခါ မလေးရှားနှင့် အင်ဒိုနီးရှားသစ်တောများတွင် တောပြုန်းမည့် အရိပ်အရောင်များ တွေ့နေရသည်။ ထိုမျှမက အာရှကြံ့၊ ဆူမားတြားကျား အစရှိသော တိရစ္ဆာန်များမှာ မျိုးတုန်းလုနီးနီးပင် ဖြစ်သည်။ သဘာဝအရ တွေးတောကြည့်မိပါသည်။ သစ်ပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ရှုသွင်း၍ ကျွန်မတို့ အတွက် အောက်ဆီဂျင်ကို ပြန်လည် ထုတ်ပေးပါသည်။ အကယ်၍များ သစ်တောများ ပြုတ်ပြုတ်ပြုန်းခဲ့ပါသော် လေထုထဲတွင် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များ ဖောချင်းသောချင်း ဖြစ်နေနိုင်သည်။ တောပြုန်းလျှင် မြေပါပြိုပါသည်။ ရေကြီးသောကပ်က နောက်မှ တပါတည်း ထပ်ချပ်မကွာ လိုက်ပါပေတော့သည်။ ဆီအုန်းစိုက်ခင်းများ ကြောင့် ယင်းသို့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာများသာမက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ရသည်ဟု ဒေသခံများမှ ဆိုသည်။ ဆီအုန်း လုပ်ငန်းရှင်များသည် အကျင့်ပျက်အာဏာပိုင်တချို့နှင့် ပူးပေါင်းကာ ၄င်းတို့၏ သီးနှံစိုက်ခင်းများကို မတရားသဖြင့် ရယူသည်ဟု ဒေသခံများမှဆိုသည်။ ဤသို့ ဖြင့် လယ်ပိုင်ယာပိုင် ဘဝမှ လယ်မဲ့ ယာမဲ့ဖြစ်ရရှာသော ဒေသခံများသည် အနှီဆီအုန်းခင်းများတွင်ပင် သူရင်းငှားသဖွယ် ဝင်ရောက် အလုပ် လုပ်ကြရသည်။ ထို့ ပြင် ဆီအုန်းပင်ဟူသည်ကား ၄င်းရှင်သန်နေသောကာလတွင် ရှိသမျှ မြေဆီမြေနှစ်ကို စုပ်ယူသော သဘာဝရှိသောကြောင့် အနှစ် ၃၀ကြာသော် ယင်းတို့ သက်တမ်းကုန်လေပါက အနှီမြေပေါ်တွင် မည့်သည့်အပင်မျှ မဖြစ်ထွန်းနိုင်တော့ပေ။ ယင်းကိစ္စနှင့် စပ်လျှင်း၍ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှ Orang Rimba Sumatra မျိုးနွယ်စုခေါင်းဆောင် Din Perulak မှ ဤသို့ ပြောကြား ခဲ့သည်။
.
"ကျွန်တော်ကတော့ ကျွန်တော်တို့ဒေသမှာ ဒီလို ဆီအုန်းစိုက်ပျိုးတာကို သဘောမကျပါဘူး။ အခုဆိုရင် ဒီဒေသရဲ့ သီးနှံစိုက်ခင်းတွေ တဖြည်းဖြည်း ကွယ်ပျောက်ကုန်ပါပြီ။ နောင်တချိန် ဘာသီးနှံမှ စိုက်လို့မရတော့ရင် ဒေသခံတွေရဲ့ ရှေ့ရေးက ရင်လေးစရာပါ" ဟု ဆိုသည်။
.
တမြန်နေ့က စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ဖတ်ရှုလိုက်ရသည်။ မလေးရှားနိုင်ငံ ထိပ်တန်း ဆီအုန်း ထုတ်လုပ်သူ Felda Global Ventures နှင့် Astral Asia တို့သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် ဆီအုန်း လာရောက်စိုက်ပျိုးရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
.
ထိုသတင်းကို မြင်လျှင်မြင်ခြင်း ကျွန်မ ဝမ်းသာမိပါသည်။ တို့ များနိုင်ငံသည်လည်း အနာဂတ်တွင် အာရှကျား တစ်ကောင် ဖြစ်လာလေမည်လား ဟူသောအတွေးဖြင့် ခေတ္တမျှ သွေးနားထင် ရောက်မိပါသေးသည်။ တဆက်တည်းမှာပင် အလိုအလို ဖလန်း ဖလန်းထလာသော ကျွန်မလက်များက ရောက်တတ်ရာရာ website များဝယ် မြန်မာနိုင်ငံ သစ်တောများ၏ ကျန်းမာရေအခြေအနေကို ရှာဖွေဖတ်ရှုမိပါ၏။ ထို့ နောက်တွင်မူ ခုနင်က နားထင်ရောက်နေသော သွေးသည် ငယ်ထိပ်သို့ တက်ဆောင့်ပါလေတော့၏။ ရှင်းပါဦးမည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မဆင်ခြင်သော လုပ်ငန်းရှင်များ၏ သစ်ထုတ်လုပ်ရေးလုပ်ငန်းများကြောင့် ယခုအခါ မြန်မာနိုင်ငံသည်လည်း တောပြုန်းခြင်းအန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု၏ မှတ်တမ်းများအရ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုနှုန်း အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနှီ သစ်ပင်များ ဘယ်ရောက်သွားလေသနည်း။ အများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံများသို့  တင်ပို့ ခြင်း ခံရပါသည်။ ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ၁၉%မျှ ကွယ်ပျောက်ခဲ့ရသည်။ စုစုပေါင်းဟက်တာ ၇,၄၄၅,၀၀၀ မျှ ဖြစ်သည်။ ယင်းဧရိယာသည် Ireland တစ်နိုင်ငံလုံး၏ ဧရိယာထက်ပင် ပိုသည်။ ရင်နာလှပေစွ။
.
ဤသို့ ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ မြန်မာပြည်တွင် ဆီအုန်းစိုက်ပျိုးခြင်းသည် သင့်တော်ပါ၏လား။ စီးပွားရေးပညာရှင် တစ်ယောက် မဟုတ်လေသော ကျွန်မသည် အနှီမေးခွန်းကို မဖြေဆိုနိုင်ပါ။ ကျွန်မကိုယ်တိုင်ပင် သို့လော သို့လောဖြင့် အဖြေရှာမရနိုင်သော မေးခွန်းများစွာ ရှိနေပါသည်။
.
၁။ နှစ်နိုင်ငံ ပူးပေါင်း၍ အကျိုးတူဆောင်ရွက်သော အနှီ ဆီအုန်းခင်းများအတွက် မြန်မာနိုင်ငံအား မည်သည့်အဖွဲ့အစည်းမှ ကိုယ်စားပြုမည်နည်း။ (ခရိုနီများလော။)
၂။ ရရှိလာမည့် အကျိုးအမြတ်သည် မည်သို့ နည်း။
၃။ မြန်မာနိုင်ငံဘက်မှ ရရှိလာမည့် အကျိုးအမြတ်အား မည်သူ ခံစားခွင့် ရှိလေသနည်း။
(ခရိုနီများလော၊ လယ်သမားများလော၊ သို့ မဟုတ် ... )
၎။ နည်းပညာပိုင်းဆိုင်ရာ အကျိုးအမြတ် ရနိုင်မည်လား။ (ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၅။ မြန်မာနိုင်ငံတွင် သစ်တောနှင့်ပတ်သက်သော ဥပဒေများ သတ်သတ်မှတ်မှတ် ရှိပါသလား။
(စာအုပ်ထဲတွင် ရှိကောင်းရှိပါ၏။)
၆။ အင်ဒိုနီးရှားကဲ့သို့  လယ်ယာလုပ်သူ တောင်သူများအပေါ် လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်မည်လား။
(တလောက လယ်သမားများနှင့် ပတ်သက်၍ ဆူဆူပူပူအသံများ ကြားရပါသည်။ ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၇။ မြန်မာနိုင်ငံတွင် လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဥပဒေများသတ်သတ်မှတ်မှတ် ရှိပါသလား။
(စာအုပ်ထဲတွင် ရှိကောင်းရှိပါ၏။)
၈။ အင်ဒိုနီးရှားကဲ့သို့ပင် အင်အားကြီးလုပ်ငန်းရှင်များနှင့် အကျင့်ပျက်အာဏာပိုင်တချို့ ပူးပေါင်းကာ လယ်ယာမြေများ အဓမ္မသိမ်းယူမှုများ ပေါ်ပေါက်နိုင်မည်လား။ (ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၉။ နှစ် ၃၀ လွန်မြောက်၍ မြန်မာ့မြေပေါ်တွင် သီးနှံစိုက်ပျိုး၍ မရနိုင်လေသောအခါ တောင်သူများအတွက် မည်သို့ ရှေ့ဆက်ရမည်နည်း။ (နှစ် ၃၀ ဆိုတာ အဝေးကြီးပါအေ။ အဲဒီကာလအတွင်း မျိုးဆက် သုံးဆက်စားမကုန်အောင် ရှာရမယ် ပိုက်ဆံတွေ - တစ်နပ်စားကြံ ခရိုနီအကြီးစားတစ်ဦး၏ ကြိမ်းဝါးသံ)
၁၀။ မလေးရှားနိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ဆီအုန်းကြောင့် အာရှကျားတစ်ကောင် ဖြစ်လာ နိုင်မည်လား။ (ကိုးတောင်ကျားလော၊ ကျားပိန်ကျားနာ ကျားထော့ကျိုးလော၊ ကျားက ကျားပင် ဖြစ်ပါသည်။ အနှီမေးခွန်းကို်လည်း မဖြေဆိုနိုင်ပါ။ )
.
ယင်းသို့ ဖြင့် မိမိပိုင် ပုစွန်ဦးနှောက်ကလေးဖြင့် ထိုထိုမေးခွန်းတို့ အား အဖြေရှာမရလေသောအခါ မကျေမချမ်းသောစိတ်ဖြင့် ကီးဘုတ်ကိုသာ တဖြန်းဖြန်းရိုက်ရင်း ဆိုင်ဆိုင်မဆိုင်ဆိုင် မအီမသာ ရေရွတ်မိပါသည်။
.
"ခရိုနီတွေ ကျဆုံးပါစေ။"
.

မှီညွှန်းကိုကား
.
http://www.irrawaddy.org/archives/2282

http://www.worldwatch.org/node/6059

http://www.rspo.org/sites/default/files/Report-GHG-October2009.pdf

http://en.wikipedia.org/wiki/Environmental_impact_of_palm_oil

http://www.greenpeace.org/international/en/news/features/palm-oil_cooking-the-climate/

http://www.cbd.int/cms/ui/forums/attachment.aspx?id=37

http://malaysia.wetlands.org/NEWS/tabid/509/articleType/ArticleView/articleId/2488/Default.aspx

http://www.saynotopalmoil.com/


http://www.btimes.com.my/Current_News/BTIMES/articles/fledass/Article/
.
ဖားဖားဝေနေသော ဆီအုန်းခင်းများ။
ဖားဖားဝေနေသော ဆီအုန်းခင်းများ။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။

1 comment:

Anonymous said...

Thank you, Ko Way Min.

By Qing Minya

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ