.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, June 1, 2011

ဗိုလ်ချုပ်နှင့် သမိုင်းဝင် ကြေးနန်း



 

ဖက်ဆစ်တော်လှန်ရေး၊ Force - ၁၃၆ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကြေးနန်းနှစ်စောင်

မင်းဟန် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၁ မိနစ်
(၂ဝ၁ဝ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့…..)

(က)
ပထမတွင် ….ဖက်ဆစ်တော်လှန်ရေးကြီးအား မတ်လ ၂၅ ရက်နေ့တွင် စတင်ရန် ဗိုလ်ချုပ်အောင်ဆန်းက သတ်မှတ်ထား၏။

သို့သော်…. အင်္ဂလိပ်စစ်တပ်များအား ခုခံတိုက်ခိုက်ရန်၊ ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မတော်ကို၊ စစ်အမိန့် ထုတ်ပြန်ပေးခဲ့သည့်အတွက် ပထမ သတ်မှတ်ထား ခဲ့သောရက်အား ပြင်ဆင်ခဲ့ကြရသည်။ မတ်လ ၂၅ ရက်မှ…. ဧပြီလ ၂ ရက်နေ့သို့ ပြောင်းလဲလိုက်၏။

တော်လှန်မည့်နေ့ ဒီ ဒေး အပြောင်းအလဲရှိသကဲ့သို့ စစ်တိုင်း ၁ ၏ စစ်ရေးခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင် အပြောင်းအလဲများလည်း ရှိ၏။

မတ်လ ၂၅ ရက်နေ့တွင်မူ ….. တပ်မတော်နှင့် တော်လှန်ရေးအား ဆန့်ကျင်ပြီး ဂျပန်တို့နှင့် ပူးပေါင်းလိုသည့် ဗိုလ်မှူးရန်နိုင် (ရဲဘော်သုံးကျိပ်ဝင်၊ ဒေါက်တာ ဘမော် ၏ သားမက်) ၏ သတင်းပေးမှုကြောင့် ဂျပန်စစ်ဘက်ဌာနက သိရှိသွားပြီး တပ်မတော်၏ လှုပ်ရှားမှုများအား အရေးယူစုံစမ်းလာ၏။ ပဲခူးရှိ တိုင်း ၄ တွင် လက်နက် များသိမ်းယူမည်အထိ အခြေစိုက်လာ၏။ ဤတွင် ….. တပ်မတော်အနေနှင့် ဖက်ဆစ်တော်လှန်ရေးအား လက်ဦးမှုရယူနိုင်ရန်အတွက် …. တော်လှန်ရေးစတင်မည့် ရက်နှင့် အချိန်အား အရေးပေါ်ပြောင်းလဲသတ်မှတ်လိုက်ရ၏။ ဖက်ဆစ်တော်လှန်ရေးကြီး စတင်မည့် နေ့ရက်

ဒီ-ဒေးကား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်….။ စတင်မည့်အချိန် န-နာရီက ၁၉းဝဝ နာရီ

(ခ)
၁၉၄၅ ခုနှစ် ၊ မတ်လ ၃၁ ရက်
မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာလယ်တဲ

ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုစစ်ဦးစီးဌာနချုပ်အား ကံမမြို့နယ် ပုဏ္ဍားရွာတွင် အခြေစိုက်ထားပြီး၊ ဗိုလ်မှူးအောင်၏ တိုင်း ၇ တိုင်းစစ်ဌာနချုပ်က …. မင်းတုန်းမြို့နယ် ကစွန်းမြောင်ရွာအနီးရှိ လယ်တဲငယ်တခုတွင် ယာယီအခြေပြုထားသည်။ ပုဏ္ဍားရွာနှင့် ကစွန်းမြောင်ရွာများက ခြေလျင်ခရီးနှင့် ၄ မိုင် ခရီးမျှ သာဝေး၏။

ဖက်ဆစ်တော်လှန်ရေး မစတင်မီကတည်းမှပင် ဆင်းမလားရောက် ဗြိတိသျှများနှင့် ဖဆပလ သည် အဆက်အသွယ် ရရှိထားခဲ့၏။ ဖက်ဆစ်တော်လှန်ရေးအတွက် အိန္ဒိယရှိ သခင်သိန်းဖေ (စာရေးဆရာ သိန်းဖေမြင့်) ၏ အဆက်အသွယ်ဖြင့် ဖဆပလ နှင့်  Force - ၁၃၆ အကြား စစ်ရေးအရ အပြန်အလှန် ဆက်သွယ်မှု ရှိနေ၏။ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး တပ်သားများအား Force - ၁၃၆ မှ လေထီးနှင့် ဖက်ဆက်တော်လှန်ရေး စစ်တိုင်းကြီးများတွင် ချပေး၏။ စစ်တိုင်းများအားလုံးတွင်မူ မဟုတ်။ ဗိုလ်မှူးအောင်၏ တိုင်း ၇ တွင် ရှိ၏။ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ အခြေပြုထားသည့် ပဲခူးရိုးမအရှေ့ခြမ်းတွင် ရှိ၏။ မြစ်ဝကျွန်းပေါ်ရှိ တိုင်း ၂ တွင် ရှိ၏။ တိုင်း ၂ တွင်က …. သခင်စိုးနှင့် ဗိုလ်မှူးကြီးနေဝင်းတို့ တာဝန်ယူကြ၏။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗဟိုစစ်ဦးစီးဌာနချုပ်တွင်က မရှိ….။ တိုင်း ၇ နှင့်တွဲ ၍ သုံးရသည်။

မတ်လ ၃၁ ရက်နေ့၊ နံနက်မှာပင် ဗိုလ်ချုပ်တို့ တိုင်း ၇ စစ်ဌာနချုပ်ရှိရာ မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာအနီးရှိ လယ်တဲတခုသို့ ရောက်ရှိလာကြ၏။ ဗိုလ်ချုပ်နှင့်အတူ…. ဗိုလ်မှူးမင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်) ဗိုလ်မှူးထွန်းအုံ (မြူနီစပယ်မင်းကြီး၊ အငြိမ်းစား)၊ ဗိုလ်မှူးစမိုက် (ဗိုလ်မှူးကြီး လှအောင်) ၊ ဗိုလ်မှူးဖိုးကွန်း (ပြည်သူ့ရဲဘော်၊ အငြိမ်းစား၊ ဆိုဗီယက်သံအမတ်ကြီး) တို့လည်း လိုက်ပါလာကြသည်။

တပေါင်းနွေ၏ မွန်းတည့်နေက ပူပြင်းလွန်းလှ၏။ အပူရှိန်ကြောင့် သက်ကယ်မိုးသည် တဖျစ်ဖျစ်နှင့် မြည်နေ၏။ ညိုခြောက်နေသည့် ရိုးပြတ်တောအား ဖြတ်၍တိုက် ခတ်လာည့်လေကား…. လေပူ….။ တဲအရှေ့ရှိ လက်ပံပင်အိုညီနောင်က တပင်လုံး အပွင့်နီနီရဲရဲများနှင့် အနီရောင် ချယ်ထား၏။ လေပူအဝှေ့ကြောင့် လက်ပံပွင့်တို့ က လေဟုန်စီး၍ မြေသို့ ဝဲ၍ ဝိုက်၍ သက်ဆင်းနေကြ၏။ မြေပြင်ပင်ရင်းတွင်လည်း ရဲရဲ

တဲအတွင်း၌က …. ဗိုလ်ချုပ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးထွန်းအုံ၊ ဗိုလ်မှူးမင်းခေါင်နှင့် သခင်တင်မြတို့ ထိုင်နေကြ၏။ ဗိုလ်ချုပ်သည် Force - ၁၃၆ ၏ တပ်ဖွဲ့မှူးမှ သူ့ထံသို့ ပေးပို့လိုက်သည့် ကြေးနန်စာအား ဖတ်နေသည်။ ကြေးနန်စာအား ဖတ်ရင်း ဗိုလ်ချုပ်သည် ဟန်းကော အတွင်းမှ ရေနွေးကြမ်းပူပူအား တခွက်ပြီး တခွက် သောက်၍နေ၏။ ကြေးနန်စာအား ဖတ်နေသည့် ဗိုလ်ချုပ်၏ မျက်နှာသည် …. တင်းမာမှုများနှင့် ။ တင်းမာနေသော ဗိုလ်ချုပ်၏မျက်နှာက …. တည်တည်ငြိမ်ငြိမ်ပင် ဒေါသမထွက်

(ဂ)
Force - ၁၃၆ က (ဖဆပလ) အား ဖက်ဆစ်တော်လှန်ရေးတွင် သူတို့၏ ပြောက်ကျားတပ်၊ သတင်းပေးအဆင့်နှင့်သာ ဆက်ဆံချင်၏။ ဖက်ဆစ်ဝင်ရိုးတန်း အင် အားစုအား စစ်ရေးအရ မဟာမိတ်ပြု၍၊ တော်လှန်တိုက်ပွဲဝင်နေသည့် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့တပ်မတော်အဖြစ် (ဖဆပလ) အပေါ် သဘောမထားလို..။ ပြီးလျှင် လေထီးနှင့် ချပေးထားသည့်၊ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး စက်များကိုလည်း Force - ၁၃၆ နှင့်သာ ဆက်သွယ်ရမည်။ အခြားစစ်တိုင်းများနှင့် အချင်းချင်း မဆက်သွယ်ရဟူ၍ ကန့်သတ်ထား၏။ လက်နက်နှင့် ခဲယမ်းမီးကျောက်များအား ဖက်ဆစ်တော်လှန်ရေးအတွက် လေထီးနှင့် ချပေးမည့် အစီ အစဉ်ကို လည်း ဖက်ဆစ်တော်လှန်ရေးကြီး စတင်သည့် အချိန်အထိ မချသေး။ ဤတွင် တိုင်း ၇ ၏ ဒုတိယစစ်ရေးခေါင်းဆောင် ဗိုလ်မှူးစိန်မှန် ပေါက်ကွဲလေ၏။ မဟာမိတ်တပ်မျာအား ငါ နှင့် ကိုင်တုတ်ဖူး၏။

ဒီမအေပေးတွေဆီက လက်နက်မရရော ဂျပန်ကို မတိုက်နိုင်တော့ဘူးလား။ ရှိတဲ့လက်နက်နဲ့ ဂျပန်တွေ ဖင်သနီလန်ကုန်အောင် တိုက်ပြမယ်။ ဂျပန်တင်မကဘူး ဒင်းတို့ကိုပါ တိုက်ပြမယ်။ နယ်ချဲ့သမားတွေ

ဗိုလ်ချုပ်သည် ကြေးနန်းစာအား အပြန်ပြန်အလှန်လှန် ဖတ်၏။ ပြီးလျှင် …. အနီးတွင် ထိုင်နေသည့် ဗိုလ်မှူးစိန်မှန်အား
ကဲ အားလုံးကြားရအောင် ဒီကြေးနန်းကို ဗိုလ်စိန်မှန်က ဖတ်ပြလိုက်စမ်းပါ”…ဟု ဗိုလ်ချုပ်က လက်အတွင်းမှ ကြေးနန်းစာအား ဗိုလ်မှူးစိန်မှန်သို့ လှမ်း၍ပေး၏။

ကြေးနန်စာက ….မတ်လ ၃၁ ရက်နေ့တွင် တိုင်း ၇ စစ်ဒေသသို့ ဗိုလ်ချုပ်တို့ ရောက်ရှိနေသည့် အကြောင်းအား Force - ၁၃၆ သို့ ဗိုလ်ချုပ်ကိုယ်တိုင် အကြောင်း ကြားခဲ့သည့် ကြေးနန်းစာအပေါ် Force - ၁၃၆တပ်ဖွဲ့မှူးမှ ဗိုလ်ချုပ်ထံသို့ အကြောင်းပြန်လာသည့် ကြေးနန်းစာ ဖြစ်သည်။ ဗိုလ်မှူးစိန်မှန်က ….ဗိုလ်ချုပ်လှမ်း ပေး သည့် ကြေးနန်အား အသံမြှင့်၍ ဖတ်ပြ၏။



“Major General Aung San (Self Styled)”…
မေဂျာဂျင်နရယ်ဟု မိမိကိုယ်မိမိ ဘွဲ့ပေးထားသူ အောင်ဆန်း…”
 
ဗိုလ်မှူးစိန်မှန်သည် ကြေးနန်းစာ၏ ပထမတကြောင်းအား ဖတ်ပြီးဆက်၍ မဖတ်။ ရပ်လိုက်၏။ ပြီးလျှင် …. ဒေါသနှင့်
 
ဒါဟာ ကျနော်တို့ကို စော်ကားတာပဲ ဗိုလ်ချုပ်။ ဒီကောင်တွေ လူပါးကို ဝတယ်။ ကျနော်တို့ကို သူတို့ရဲ့ ကျွန်တွေပဲလို့ ထင်နေတုန်းပဲနဲ့ တူတယ်
 
အားလုံးက … Force - ၁၃၆ ၏ ကြေးနန်းတွင် ရေးထားသည့် ပထမဆုံးစာကြောင်းကြောင့်၊ မခံမရပ်နိုင်ဖြစ်၍ နေကြ၏။ မကျေနပ်ကြ
 
ဗိုလ်ချုပ်ကို ဒီလို အမည်တပ်ရေးတာဟာ ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားကာတာတင် မဟုတ်ဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေးကိုရော။ တမျိုးသားလုံးကိုပါ စော်ကားရာကြတာပဲ။ သခင်တင်မြက ဝင်ပြော၏။

ကဲပါလေ ဆုံးအောင်ဖတ်ပြီးမှ ထင်မြင်ချက် ပြောကြတာပေါ့။ ဆက်ဖတ်စမ်းပါ

ဗိုလ်ချုပ်က စကားစအား ဖြတ်၍ ဆက်ဖတ်ရန် အမိန့်ပေး၏။ ဗိုလ်မှူးစိန်မှန်သည် အံတတြိတ်ကြိတ်နှင့် ကြေးနန်းအား ဆက်၍ဖတ်၏။

သင့်ထံမှ ကြေးနန်းကို လက်ခံရရှိသည်။ လက်ဖတင်နယ်ကာနယ် ကရူးအား ဖြူးအနောက်တွင် လေထီးနှင့် ချပေးပြီး ယခု သခင်သန်းထွန်းနှင့် အတူရှိနေသည်။ A.F.O နှင့် ပူးတွဲဆောင်ရွက်မည့် တပ်ဖွဲ့ Force - ၁၃၆ မှ အရာရှိအားလုံးကို ကာနယ်ကရူးက အုပ်ချုပ်လိမ့်မည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် A.F.O လက်အောက်ရှိ သင်အုပ်ချုပ်နေသော လက်နက်ကိုင်တပ် အားလုံးသည် မဟာမိတ်စစ်ဌာနချုပ်၏ စစ်အမိန့် ညွှန်ကြးချက်များကို လိုက်နာဆောင် ရွက်သင့် သည်။
 သင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မင်းဘူး၊ မကွေး၊ သရက်ဒေသများရှိ သင်တို့၏ လက်နက်ကိုင်တပ်များသည် ဂျပန်များကို ထိရောက်စွာ တိုက်နိုင်မည် မဟုတ်။ သို့ကြောင့် ဤဒေသရှိ သင်၏ တပ်များကို ပြည်၊ သာယာဝတီ၊ အင်းစိန် မီးရထားလမ်းတလျှောက်သို့ အမြန်ဆုံး ပြောင်းရွှေ့၍ မဟာမိတ်စစ်ဌာနချုပ်၏ ညွှန်ကြားမှုအောက်တွင် ဂျပန်ကို စစ်ဆင်ရန် ဖြစ်သည်။ သင်၏ တပ်များအားလုံး ထိုဒေသသို့ ရောက်ပါက ကျွန်ုပ်တို့ထံမှ ဆက်သွယ်ရေးအရာရှိများနှင့် လိုအပ် သော ဆက်သွယ်ရေး ကိရိယာများကို လေထီးဖြင့် ချပေးမည်။ သင်တို့ လိုအပ်သော လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် စစ်ပစ္စည်းများ ထောက်ပံ့ရေးကို ဆက်သွယ် ရေးအရာရှိများက ဆောင်ရွက်ပေးလိမ့်မည်။ သင်၏ သဘောထား အကြောင်းပြန်ပါ

ကြေးနန်းက ဤတွင် ဆုံးပြီ….၊  အားလုံး၏ ရင်အတွင်းမှ ဒေါသမီးအပူက တပေါင်းနွေနှင့် အပြိုင်။ ဗိုလ်ချုပ်သည် သူ၏ တပ်မှူးများအား ဝေ့၍ကြည့်ပြီး…. တည်တည်ငြိမ်ငြိမ်နှင့်ပင် စကားအား ဆို၏။

ဒီမှာ ကိုယ်တို့ ဂျပန်ကို ထချတာဟာ သူတို့အလိုကို လိုက်လျောဖို့၊ သူတို့က အသိအမှတ်ပြုတာကို ရချင်လို့ မဟုတ်ဘူး။ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်အဖြစ် ကိုယ်တို့ ဆန္ဒအလျောက် ဂျပန်ကို ထတော်လှန်ကြတာပဲ။ အဲဒီတော့ သူတို့က ကိုယ်တို့ကို အသိအမှတ်မပြုချင်၊ လေးလေးစားစား မဆက်ဆံချင်လည်း ပြဿနာမဟုတ်ပါဘူး။ ကိုယ်တို့အဖို့ ပြည်သူလူထုကို စည်းရုံးနိုင်သလောက် ပြည်သူလူထုနဲ့အတူ ဂျပန်ကို ချနိုင်သလောက် ကမ္ဘာက ကိုယ် တို့ရဲ့ ကြိုးပမ်းမှုကို အသိအမှတ် ပြုလာမှာပဲ။ ဒီအင်္ဂလိပ်တွေကိုလည်း သိပ်မမျှော်လင့်နဲ့။ သူတို့ဟာ နယ်ချဲ့သမားတွေဆိုတာလည်း မမေ့နဲ့။ ကဲ .. သူတို့ဆီကို ကိုယ်တို့ရဲ့ သဘောထား အမြန်ဆုံး ပြန်ပို့ရမယ်။ အဲဒီကြေးနန်း အခုပဲ ရေးလိုက်မယ်

ဗိုလ်ချုပ်၏ စကားဆုံးသည်နှင့် တဲအတွင်း၌ ခဏငယ်မျှ တိတ်ဆိတ်၍သွား၏။ ဗိုလ်ချုပ်သည် ဟန်းကော အတွင်းမှ ရေနွေးကြမ်းပူပူအား ငှဲ့၍ သောက်၏။ ပြီးလျှင် …. စာရွက်လွတ်တရွက်ပေါ်၌ ကြေးနန်းစာအား ချ၍ရေး၏။

မှ
မေဂျာဂျင်နရယ်အောင်ဆန်း
စစ်ခေါင်းဆောင်
ဖ တ ပ လ အဖွဲ့ချုပ်
မြန်မာနိုင်ငံ။

သို့
စစ်သေနာပတိ
မဟာမိတ် စစ်ဌာနချုပ်
အရှေ့အာရှတောင်ပိုင်း

သင်တို့ထံမှ ပေးပို့သော…. နေ့စွဲပါ ကြေးနန်းကို ရရှိပါသည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် မင်းဘူး၊ မကွေး၊ သရက် ဒေသများရှိ ကျွန်ုပ်တို့ တပ် များအားလုံး ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများသို့ ပြောင်းရွှေ့၍ စစ်ဆင်တိုက်ခိုက်ပါ ဟူသော သင်တို့၏ အကြံပေးချက်ကို လက်မခံနိုင်ပါ။ ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများတွင် ကျွန်ုပ်တို့ အုပ်ချုပ်မှုအောက်ရှိ ဗမာ့အမျိုးသားတပ်မတော်မှ တပ်ရင်းအချို့နှင့် ပြောက်ကျားတပ်အချို့ တပ်ဖြန့်စစ်ဆင်လျက်ရှိပါသည်။ ဖ တ ပ လ အဖွဲ့ချုပ်မှ ချမှတ်ထားသော စစ်ဆင်ရေး အစီအစဉ်အတိုင်း ဂျပန်ဖက်ဆစ်များကို ကျွန်ုပ်တို့ တပ်များက တိုက်ခိုက်ရင်း သင်တို့၏ မဟာမိတ်တပ်များနှင့် စစ်မျက်နှာများတွင် ပူးတွဲတိုက်ခိုက်သွားလိုသည်။

သို့ကြောင့် မြန်မာနိုင်ငံပေါ်မှာ ဖက်ဆစ်ဂျပန်များကို ထိရောက်စွာ စစ်ဆင်တိုက်ခိုက်ရေးအတွက် လိုအပ်သော စစ်ရေးအစီအစဉ်များကို သင်တို့နှင့် ညှိနှိုင်းရေးဆွဲရန် သင်တို့ထံမှ ဆက်သွယ်ရေးအရှာရှိ တယောက် ကျွန်ုပ်ထံ အမြန်ပို့ပေးစေလိုသည်။ လောလောဆယ်အားဖြင့် သင်တို့ ပေးမည်ဟု ကတိပြုထားသော လက်နက်ခဲယမ်း နှင့် ဆေးဝါးစစ်ပစ္စည်းများကို ကျွန်ုပ်တို့ ညွှန်ပြသည့် နေရာများသို့ အမြန်ဆုံး ချပေးစေလိုသည်။

လက်နက်ခဲယမ်းကို အမြန်ဆုံး လေထီးနှင့်ချပေးရမည့်တပ်များနှင့်ဒေသမှာ
(၁) ဗိုလ်ကြီးစိန်ဝင်း ခေါင်းဆောင်သော တပ်ရင်း ၆ ၊ မင်းတုန်းအရှေ့ဒေသ။
(၂) ဗိုလ်ကြီးစန်းယု ခေါင်းဆောင်သော တပ်ရင်း ၂ ၊ မင်းတုန်း ပတ်ဝန်းကျင်ဒေသ။
(၃) ဗိုလ်ကြီးမိုးညို ခေါင်းဆောင်သော စက်မှုလက်မှု တပ်ရင်း၊ မင်းဘူးဒေသ။
(၄) ဗိုလ်မင်းလွင် အုပ်ချုပ်သော တိုင်း ၇ ဌာနချုပ်၊ ကင်းတပ်ခွဲ
အမြန်အကြောင်းပြန်ပါ။ ဗိုလ်ချုပ်သည် သူ၏ကြေးနန်းအား အဆုံးသတ်လိုက်၏။
လေအသွေ့ကြောင့်….တဲအရှေ့ရှိ လက်ပံပင်ညီနောင်မှ လက်ပံပွင့်တို့က …. လေဟုန်စီး၏။ ဝေလည်း ရဲရဲ….။ ကြွေလည်း ရဲရဲ…..

“… ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ်၊ ဘဝသစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မိသည်
အနီထဲမှ ကြယ်ဖြူပွင့် … ”

(ဒဂုန်တာရာ၏ မတ်လတော်လှန်ရေးကဗျာမှ)

အညွှန်း။          ။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဆဋ္ဌမတွဲ)
မူရင်း။   http://www.mizzimaburmese.com/edop/songpa/5102--force----.html မှ ကူးယူဖော်ပြပါသည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ
၂၈။၃။၂၀၁၀

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ