.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, August 2, 2011

ယုံကြည်မှု ၀တ်မှုံကူးခြင်း

ဆောင်းပါးရှင် နေမင်းသူ

 “တပ်နဲ့ပြည်သူ” ညီညွှတ်ရေးကိုရှေ့ရှုရာမှာ တပ်မတော်သားညီအစ်ကိုအချင်းချင်း နားလည်ညီညွှတ်ရေးက လည်း ဦးစွာပထမ အရေးကြီးတယ်လို့ ယုံကြည်မိတာကြောင့် ကျနော်နဲ့ မိတ်ဆွေတပ်မတော်သားတစ်ဦး အပြန်အလှန် အမြင်ဖလှယ် ဆွေးနွေးထားတာလေးကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ..။
ရဲဘော်ကြီးရေ
ဟိုတစ်နေ့က ကျနော်တို့နှစ်ယောက်ဆွေးနွေးခဲ့တာလေးတွေကို ပြန်တွေးမိတဲ့အခါ တကယ့်ကိုကျေနပ်မိတယ် ဗျာ… ကျနော်ပစ်လိုက်တဲ့ မြှားတစ်စင်းက ရဲဘော်ရဲ့ရင်ဘတ်ကို ထိမှန်သွားကြောင်းသိလိုက်ရတော့ ငါကြိုးစား ရကျိုးနပ်ပြီဟေ့..လို့တောင် စိတ်ထဲမှာခံစားမိလိုက်တယ်။ တကယ်တော့ ကျနော်တို့ဖြတ်သန်းရတဲ့ ဘ၀ခရီးကပဲ ဒီလို ခံစားမှုတွေဖြစ်ပေါ်လာအောင် သင်ကြားထားပေးပြီးသားပါ။
ဒီစာကိုရေးနေတုန်း ကျနော်ဖတ်ဖူးတဲ့“ မြှားပစ်သူများ” ခေါင်းစဉ်နဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြေးသတိရမိ တယ်လေ။ ဆရာမ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) ရေးခဲ့တာပေါ့။ ဟာသစာရေးဆရာကြီး အီကြာကွေးက ဓနုဖြူ ထွန်းကျော် ကလောင်အမည်ခွဲနဲ့ ကဗျာတွေလည်းရေးတယ်။ သူရေးလိုက်တဲ့ “တိုက်ပွဲပျော်” ကဗျာတစ်ပုဒ် ကြောင့် ဆိုဆုံးမခက်ခဲနေခဲ့တဲ့ သူကြီးသားလူဆိုးလေးတစ်ဦးကို လူကောင်းဖြစ်လာအောင် ပြောင်းလဲပစ်နိုင် လိုက်တယ်လေ (အနုပညာရဲ့စွမ်းပကားကြီးမားလှပါပေ့)သူကြီးက ကျေးဇူးတင်လွန်းလို့ ဆရာကြီး အီကြာကွေး နဲ့ စာရေးဆရာတစ်သိုက်ကို တကူးတက ဖိတ်ကြားပြီး သူ့ရွာမှာ စာပေဟောပြောပွဲလေး ကျင်းပလိုက်တယ်။ ပြီးတော့ ရွာသူရွာသား ပရိသတ်အပေါင်းရှေ့မှောက်မှာ ဆရာကြီးကို ကျေးဇူးတင်စကားပြောကြားလိုက်တဲ့အခါ ရယ်စရာဟာသတွေရေးနေတဲ့ ဆရာကြီး အီကြာကွေးခမျာ ၀မ်းသာမျက်ရည်တွေ စို့နေတယ်တဲ့။
ဘာမှမဟုတ်တဲ့ ကျနော်လည်း အဲဒီလိုမျက်ရည်စို့ချင်လိုက်တာဗျာ…
ဒါပေမယ့် ရဲဘော်ကြီးဟာ သူကြီးသား လူဆိုးလူတေလေး မဟုတ်ဘူး…
ကျနော်ကလည်း အနုရသကိုဖန်တီးနိုင်တဲ့ စာရေးဆရာတစ်ယောက် မဟုတ်လေတော့…
တပ်မတော်သားတွေနဲ့ ပြည်သူလူထု ချစ်ကြည်ရင်းနှီးညီညွှတ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို အမှန်အတိုင်း ပြန်ပြီးဖောက်သည်ချရေးသားပြနေတာပါ။ တနည်းအားဖြင့်တော့ တပ်မတော်သားတွေထဲမှာ ကျနော်နဲ့စိတ်ထားတူသူတွေ ဘယ်သူရှိမလဲလို့ searching fire လုပ်ကြည့်တာ လည်းဖြစ်ပါတယ်။ ခုချိန်ထိတော့ လက်ချိုးရေတွက်လို့ရတဲ့
အင်အားစုတစ်ခုကို ကျနော်တို့စုစည်းထားနိုင်ကြ ပါပြီ။ ဒါကလည်း ဘယ်သူကမှ စည်းရုံးဆွဲဆောင်တာမျိုးမဟုတ်ဘဲ နဂိုကတည်းက စိတ်ထဲမှာကိုယ်စီကိန်း အောင်းနေတဲ့ တူညီတဲ့စိတ်ဓာတ်အခံလေးတွေ ၀တ်မှုံကူးပေါင်းစပ်သွားတဲ့သဘောပါ။
တပ်ထဲမှာ ကျနော်နဲ့ရင်းနှီးသူ အရာရှိငယ်တချို့ ဒီလိုသဘောထားတွေ ရှိနေတာကို ရိပ်စားမိခဲ့ပါတယ်။ ခုလိုပွင့်ပွင့်လင်းလင်း မဆွေးနွေးဖြစ်ခဲ့ပါဘူး။ ဆွေးနွေးဖို့ အခြေအနေလည်း မပေးဘူးမို့လား။ ကျနော်တို့ လိုလားနေတာက ညီညွှတ်ရေးပါဗျာ.. ဘယ်သူ့ကိုမှ ကြိတ်ချေဝါးမြိုပစ်ဖို့မဟုတ်ပါဘူး။ ပြည်သူနဲ့တပ်မတော် သားတွေ အကြားမှာ သံသယနဲ့အမုန်းပွားနေသမျှ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ခွင့်ပြုထားသလိုဖြစ်နေ တယ်ဆိုတာလည်း ကျနော်တို့ကိုယ်တွေ့ သိမြင်ခံစားနေရပြီပဲဟာ။ ကွဲမှ မညီညွှတ်မှ ကြိုက်တဲ့ အာဏာရှင် တွေရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး စုစည်းညီညွှတ်ပြနိုင်ရင် ကျနော်တို့အတွက် အကောင်းဆုံးအောင်မြင်မှုပေါ့။ ဒီနေရာမှာ ရဲဘော်ကြီး ပြောပြောနေတဲ့ လူငယ်တွေချင်းနားလည်ညီညွှတ်မှုက အရေးပါဆုံးလို့ ခံစားမိတယ်။ အိမ်တစ်အိမ်မှာ အဖေနဲ့အမေ စကားမပြောကြရင်တောင် သားသမီးတွေအောင်သွယ်ကောင်းတဲ့အခါ ဒီအဖေ ဒီအမေ ဘယ်လိုလုပ်ပြီး ကြာကြာစိတ်ဝမ်းကွဲနိုင်မှာတုန်း။(ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မကျဆုံး ခင်လေးမှာ လက်ဝဲအတွေးအခေါ်ရှိသူတွေ အကြား ညီညွှတ်ကြဖို့ အပြင်းအထန် ဆောင်ရွက်သွားတာကို သမိုင်းစာအုပ်တွေမှာ လေ့လာဖူးပါတယ်) လူငယ်တွေချင်းညီညွှတ်ရေးကို အရင်ကြိုးစားကြရင် ပိုလွယ်ကူ မလားလို့ ထင်မိတယ်။ တိုင်းပြည်ကိုချစ်တဲ့စစ်သားအချင်းချင်းညီညွှတ်ကြ။ ပြီးရင် ပြည်သူတွေရယ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူလူငယ်များနဲ့ တပ်မတော်သားလူငယ်တွေအကြား နားလည်မှု တည် ဆောက်ကြ။ တွေးကြည့်တာနဲ့ကို တကယ့်ပျော်စရာပါဗျာ..။ လူငယ်တွေအားလုံးဟာ လက်ရှိစနစ်တစ်ခုကို ဖန်တီးခဲ့သူတွေ မဟုတ်ဘဲ အနာဂတ်ကိုပုံဖော်မယ့်သူတွေသာ ဖြစ်တယ်လေ။ ဒီတော့ ဒီနေ့ဖြစ်ပျက်နေတာ တွေဟာ သူ့ကြောင့် ငါ့ကြောင့်လို့ လူငယ်တွေအကြားမှာ အပြစ်တင်လို့ မရတော့ဘူး။ မဖြစ်သေးလာသေးတဲ့ ကာလတစ်ခုကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတာကိုသာ အလေးပေးဆွေးနွေး ကြမယ် ဆိုရင် အကောင်းဖက် ကိုဦးတည်နိုင်မှာပါ။ လူကြီးတွေ အနေနဲ့ကတော့ ခေတ်နဲ့အညီလိုက်နိုင်သူတွေပါ လာမှာဖြစ်ပြီး နောက်ကျ ကျန်ခဲ့သူတွေလည်း ရှိမှာပေါ့။
၁၉၈၈ ကနေ အခုချိန်ထိ တပ်မတော်ထဲမှာ မျိုးဆက်တစ်ခုသိသိသာသာပြောင်းသွားပြီ။ အဲဒီတုန်းက ရဲဘော်ကြီး တို့ ရာထူးအရွယ် စစ်ဗိုလ်လေးတွေဟာ ယနေ့ချိန်မှာ တပ်မတော်ရဲ့ထိပ်ပိုင်းရာထူးတွေရနေကြပြီ။ ဒါပေမယ့် (စိတ်မကောင်းဖြစ်မိတာက) တပ်မတော်နဲ့ ပြည်သူလူထုအကြားဆက်ဆံရေးဟာ အရင်ကအတိုင်း တိမ်သလ္လာ မြူတွေဆိုင်းနေဆဲ။ ပိုနေမြဲကျားနေမြဲ အခြေအနေက တိုးတက်မှုရှိမလာသေးဘူး။ ၈၈၈၈ ကာလမှာ စစ်သည် တွေ၊အရာရှိငယ်တွေ ပြည်သူလူထုနဲ့ ပူးပေါင်းလက်တွဲလာတာကို စစ်ခေါင်းဆောင်ကြီးတွေက အချိန်မီ တားဆီး ဖြိုခွဲပစ်နိုင်ခဲ့လို့ ဒီနေ့အထိတပ်တွင်းအပြောင်းအလဲ သိသိသာသာ ဖြစ်မလာခဲ့တာ။ တပ်ကသာသစ္စာမခံရင် အာဏာရှင်ဆိုသူတွေရဲ့ လုပ်ရပ်ဟာ စက္ကူကျား အဆင့်ထက်မပိုနိုင်ပါဘူး။ တပ်မတော်ထဲမှာ နောက်မျိုး ဆက် တစ်ခုအာဏာရသည်အထိ ထပ်စောင့်ခိုင်းအုံးမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူတွေအပေါ် မငဲ့ညှာ လွန်းရာ ကျလိမ့်မယ်လို့ ထင်မိတယ်။ တပ်ထဲမှာ အပြောင်းအလဲဖြစ်လာဖို့ နောက် အနှစ် ၂၀ ထပ်ပြီးစောင့်ဖို့လိုသေးလား။
ကျနော်ယုံကြည်မိတာက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် တည်ရှိတာကို မငြင်းသာပါဘူး။ ဒါပေမယ့် တပ်မတော်တစ်ရပ်လုံး ဖောက်ပြန်နေတာမဟုတ်ဘူး။ တပ်မတော်သားအားလုံး ပြည်သူကိုအနိုင်ကျင့်စော်ကား နေတာမဟုတ်ဘူးလေ။ တပ်မတော်ထဲက အဆင့်အတန်းတိုင်းမှာ ပြည်သူကိုချစ်မြတ်နိုးတဲ့ နိုင်ငံ့သားကောင်း စစ်သည်ပီသတဲ့ သူတွေအများအပြားရှိနေတာပါ။ လက်ရှိအခြေအနေအထိ သူတို့ရဲ့အခန်းကဏ္ဍတွေ သိပ်မ ပေါ်လွင်သေးဘူး။ ပုံရိပ်မဲကြီးက အရမ်းလွှမ်းမိုးနေတာလည်းပါတာပေါ့။ ဘယ်သူစစ်သားကောင်းဆိုတာကို ပြည်သူတွေ အလွယ်တကူမမြင်နိုင်သေးပေမယ့် “မြွေမြွေချင်းခြေမြင်” စစ်သားချင်းသိနိုင် မြင်နိုင်ပါတယ်ဗျာ.. တစ်ယောက်နဲ့တစ်ယောက် သံသယအကြည့်လေးတွေနဲ့ သူ့မယုံကိုယ့်မယုံ ဖြစ်နေကြတာပါ။ တပ်ထဲမှာ သားကောင်းစစ်သည်တွေ စုစည်းအားကောင်းလာတာနဲ့အမျှ ပြည်သူလူထုအမြင်မှာ တပ်မတော်ရဲ့ပုံရိပ်လည်း ပိုမိုတောက်ပလာမှာပါ။
ဒါကြောင့်မို့ ကျနော်တို့ရဲ့ ညီညွှတ်ရေးကြိုးပမ်းဆောင်ရွက်မှုကို ယုံကြည်မှုမျိုးစေ့ချ တယ်လို့ သဘောမထား ကြပဲ ကိုယ်ကြုံတွေ့သမျှ သိမြင်သမျှ စာလေးတွေရေးကြရင်း အပြန်အလှန်ဆွေးနွေးကြရင်း ပန်းဝတ်မှုံကူး သလိုမျိုး တစ်ဦးကနေတစ်ဦးဆီ ယုံကြည်မှုတွေကူးစက်ပြန့်နှံ့သွားအောင် လုပ်နိုင်ကြရင် ပိုမကောင်းပေ ဘူးလားလို့တွေးမိတယ်လေ။ IT ခေတ်မှာ အလုံးစုံ ပိတ်ဆို့အမှောင်ချရေးဆိုတဲ့ တံတိုင်းကြီး ပြိုလဲသွားပါပြီ။ တပ်မတော်သားတွေကို နားအပြည့်ရှိတဲ့ နံရံတွေထဲမှာ ပိတ်လှောင်ထားလို့ မရတော့ပါဘူး။ ခုချိန်မှာ website ပေါင်းစုံ blog ပေါင်းစုံမှာ တင်ထားတဲ့စာတွေမှန်သမျှ တပ်မတော်သားတွေ အငမ်းမရ ရှာဖွေဖတ်ရှုနေကြ တာကိုက တဘက်သတ်ဝါဒ ဖြန့်ချိမှု မအောင်မြင်ဘူးဆိုတာ ကိုသက်သေပြနေတာလို့ ကျနော်မြင်မိတယ်။ နောက်ပြီး IT ခေတ်ရဲ့ ဆက်ဆံရေးပုံစံက တပြေးညီလွတ်လပ်ပွင့်လင်းမှုကို ဆောင်နေတယ်။ ခုပဲ ရဲဘော်ကြီး ရဲ့ မူလရာထူးဂုဏ်ဒြပ်ကို ခဏမေ့ထားပြီး ကျနော့အနေနဲ့ ရဲဘော်ကြီးလို့ သုံးနှုန်းခွင့် ရနေတာက ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်မှုသဘောကို ပြသနေတယ်မဟုတ်လား။
ရဲဘော်ကြီး ပြောခဲ့သလိုပဲ တစ်ဦးချင်းကိုယ်စီ အမှန်တရားကိုပွေ့ဖက်နိုင်ဖို့ကြိုးစားရင်း ကိုယ်နဲ့နီးစပ်ရာဝန်းကျင် မှာအသိအမြင်ဖလှယ်သွား ကြမယ်ဆိုရင် မကြာခင်သောကာလမှာ ကျနော်တို့ရဲ့လုပ်ဆောင်ချက်တွေ အကောင်အထည်ပေါ်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက် ကျနော်တို့ ပေးဆပ်ရမယ့် အရင်းအနှီးက သိပ်မများနိုင်ပါဘူး။ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ ရိုးသားရမယ်။ စွဲမြဲခိုင်မာတဲ့ ရပ်တည်ချက်ရှိရမယ်။ အမုန်းသံသယတွေကို ဖယ်ရှားဖို့ ရိုးသားတဲ့ ယုံကြည်မှုတည်ဆောက်တာပါ ။ အာဏာသိမ်းဖို့ ယူဂျီလုပ်မှာ မဟုတ်။ ဆူပူအုံကြွဖို့ လှုံ့ဆော်တာလည်း မဟုတ်။ ဒါကြောင့် ကျနော်တို့ချင်း ဆက်ဆံရေးက open secret နဲ့သွားလို့ရတယ်။ ကျနော်တို့ချင်း ရင်းနှီးတတ်အောင် အတွေ့အကြုံက သင်ကြားပေးထားပြီပဲ။
ဖြစ်ပေါ်လာမယ့်ရလဒ်အပေါ်မှာတော့ များများစားစား မျှော်လင့်မထားပါဘူးဗျာ.. ရဲဘော်ကြီးရဲ့ FB profile မှာတင်ထား တဲ့ သမ္မတ ကနေဒီရဲ့ သမိုင်းဝင်အဆိုအမိန့်လေးကိုပဲ ထပ်ပြီး ညွှန်းပါရစေ…
Ask not what the country can do for you. Ask what you can do for your country.
“ပြည်သူပြည်သားတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်ဘယ် လောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မလဲ” ဆိုတဲ့အတွေးလေးကိုပဲ ထာဝစဉ် ရင်မှာသိမ်းဆည်း ထားလိုက် ချင်တယ်ဗျာ….
ရဲဘော်ကြီးရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို ကျနော်သိပါရစေ…

ယုံကြည်စွာဖြင့်-

နေမင်းသူ
၂၅ ဇူလိုင် ၂၀၁၁


ကိုနေမင်းသူရေ
ကျွန်တော့် ဆန္ဒကတော့ တပ်နဲ့ပြည်သူ ပြေလည်စေချင်တာပါပဲ ၊ တကယ်တော့ စစ်သားတွေဟာ ချွေးတွေရော၊ သွေးတွေရော ပေးဆပ်ပြီး အရမ်းပင်ပန်းရတဲ့ သူတွေပါ၊ သူတို့တွေ ပင်ပန်းဆင်းရဲတာနဲ့ တန်အောင် ပြည်သူရဲ့ ချစ်ခင်လေးစားမှု ပြန်ရစေချင်တယ်။ အဲဒီ့ အတွက် ယုံကြည်တာ တစ်ခုက တပ်က တပ်အလုပ်ပဲ လုပ်ရမယ်၊ အဲလိုနေနိုင်ရင် ပြည်သူ အစိုးရနဲ့ တပ်မတော်ကို ခွဲခွဲခြားခြား မြင်တတ်လာမယ် ထင်တယ်။ ဟိုတလောက ခိုထန်းနုန် သတင်းဌာနက သတင်းတစ်ပုဒ်မှာ ရွာနှစ်ရွာ ပြဿနာဖြစ်တော့ ရွာနားက တပ်စခန်းကို သွားသတင်း ပို့တယ်တဲ့၊ ဒါပေမယ့် စခန်း အရာရှိက ဘာမှ အရေးယူဆောင်ရွက်မပေးဘဲ ပြဿနာပိုဆိုးမလာအောင် နှစ်ဘက်လုံး ထိန်းသိမ်းကြဖို့ပဲ သတိပေးတယ်၊ ပြဿနာကိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုသာ တိုင်ကြပါလို့ ပြန်ပြောကြောင်း တွေ့လိုက်ရတယ်။ သတင်းကတော့ တပ်စခန်းကို အားကိုးပြီး သွားသတင်းပို့ ခဲ့ပေမယ့် ဘာမှ လုပ်မပေးဘူးဆိုတဲ့ အမြင်နဲ့ ရေးတာပါ။ ဒါပေမယ့် ကျွန်တော်က အဲဒီ့ စခန်းက အရာရှိရဲ့ တုန့်ပြန်ပုံကို သဘောကျတယ်။ စစ်သားက ကိုယ့်အလုပ်ဘာလဲ သိရမယ်၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမှာ မလျော်သြဇာ မသုံးရဘူး၊ သူ့တာဝန်ကို သူသိတဲ့ အဲဒီ့ အရာရှိ သတင်းကို ဖတ်လိုက်ရတာ ဝမ်းမြောက်မိတယ်။ ဒါကြောင့် ကျွန်တော်ကတော့ လက်လှမ်းမှီသလောက် တပ်မတော်သားတွေကို ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပဲ တိုက်တွန်းနေပါတယ်။ နိုင်ငံရေးသမားတွေကို ဆဲဆိုနေတဲ့ သူတွေကိုလည်း ကျွန်တော် တတ်နိုင်သလောက် ဖြောင်းဖျကြည့်နေတယ်။ တကယ့်နိုင်ငံရေးသမားကောင်းတွေ ကလည်း သူတို့လူ သူတို့ထိန်းသင့်တယ်၊ သူတို့ဘက်ကလည်း အင်မတန် အဆဲသန်တာပဲ။

လျှောက်ရမယ့် ခရီးဝေးပေမယ့် ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ရင်း ဆက်လျှောက်ကြတာပေါ့။

လေးစားလျက်
Comrade

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ