ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်ဝိုင်းတွင် တနင်္လာနေ့နံနက်က တရုတ်ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည် အကြား အချင်းများကာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက်
ကျောက်ဝိုင်းကို ပိတ်ပစ်လိုက်သည်။
ဈေးဖြတ်ထားပြီးသည့် ကျောက်တလုံးကို တရုတ်ကုန်သည်များက ဝယ်ရန် ငြင်းဆန်ရာက ခိုက်ရန်ဖြစ်ပွား
ကြသည်ဟု မြင်တွေ့လိုက်ရသည့် ကျောက်ကုန်သည်များက ပြောသည်။

မန္တလေးကျောက်ဝိုင်းတွင်
ကျောက်ကုန်သည်အကြား အချင်းများမှု ဖြစ်ပွားရာက လူအများ ဝိုင်းအုံလာသဖြင့်
တရုတ်ကုန်သည်များကို လုံထိန်းရဲများက လုံခြုံရေးအတွက် ခေါ်ထုတ်သွားစဉ်။
ဓာတ်ပုံ-Citizen journalist
ဖြစ်ပွားသည့် အခြေအနေကို ရှင်းလင်းစွာ မသိရသေးသော်လည်း တရုတ်ကုန်သည်များက မြန်မာအမျိုးသား ကိုမော်ကြီးကို ဝိုင်းဝန်း ထိုးနှက်ပြီးနောက် ဒေသခံများက ပြန်လည် ထိုးကြိတ်မှု ဖြစ်ပွားသည်ဟု ဆိုသည်။
“တရုတ်တွေရှိတဲ့ ဆိုင်ကို မြန်မာတွေ အများကြီးဝိုင်း ထားတဲ့နေရာကို ငါးမြို့နယ်က ရဲတပ်ဖွဲ့ အင်အား ၁၀၀ လောက် လာပြီး ကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေ လူစုခွဲဖို့ မိုက်နဲ့ အဆက်မပြတ် အော်နေတယ်။
မြန်မာတွေလည်း လူစုမခွဲဘဲ များများလာတယ်။ နောက်ပိုင်း တရုတ်တွေကို ရဲကားနဲ့ ထုတ်သွားရတယ်” ဟု ဒေသခံတဦးက သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။
မန္တလေးမြို့ အမှတ် ၇ အပိုင် ရဲစခန်းမှ ရဲအရာရှိ တဦးက “ ကျောက်ဝိုင်းဆိုတော့ နည်းနည်းအုံးအုံး ဖြစ်သွားတာပေါ့။ အခု ဘယ်လို ဖြစ်တယ်ဆိုတာ စစ်ဆေးနေတုန်းပါပဲ။ အထက်လူကြီးတွေအားလုံး သွားလာလှုပ်ရှားနေကြတုန်းပါ ခင်ဗျ” ဟု မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် ပြောသည်။



No comments:
Post a Comment