.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, June 27, 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး မြန်မာအစိုးရသစ် ဂရုစိုက်သင့်

(က)
နှစ်ပေါင်း (၃၀) ၀န်းကျင် အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေထိုင်သူပေါင်း သန်းချီပြီး ရောက်ရှိ နေကြသည်ကို မည်သူမှ ငြင်းချက် မထုတ်နိုင်။ ဒီကာလတွေမှာ လုပ်ငန်းခွင် အသီးသီး၊ နေရာ အသီးသီးမှာ သေသင့်လို့ သေသွားသူများ ရှိမှာဖြစ်သလို အကြောင်းမဲ့ သတ်ဖြတ်ခံရ တာတွေက ဘယ်လောက် အထိ ရှိခဲ့ပြီ ဆိုတာလည်း မည်သူမှ မသိနိုင်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကာယဉာဏ ကို တန်ဘိုး ထားရကောင်း မသိတဲ့ ထိုင်းနဲ့ မြန်မာ စစ်အစိုးရတို့ရဲ့ တာဝန်မဲ့ခဲ့မှု လျစ်လျူ ရှုမှုတွေကြောင့် ယနေ့တိုင် ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတဲ့ တိကျ၊ နီးစပ်တဲ့ အရေအတွက်ကို မသိရှိနိုင် ဖြစ်တာကိုလည်း အများသိပြီး ဖြစ်တယ်။
မကြာသေးခင်က နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ IOM နဲ့ ထိုင်းအစိုးရတို့ တရားဝင် ထုတ်ပြန် ကြေညာချက်ထဲမှာ (၂၀၁၀) ခုနှစ်က ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအို နိုင်ငံတို့က တရားဝင် မှတ်ပုံတင်ခဲ့သော အလုပ်သမားပေါင်း (၉၃၂,၂၅၅ ) ဦးရှိခဲ့တယ်။ ဒါပေမယ့် (၂၀၁၁) ခုနှစ် ဖေဖေါ်ဝါရီလ အထိ နောက်ဆုံး စာရင်းအရ (၅၅၀,၀၀၃) ဦး မှတ်ပုံတင် လုပ်ထားပြီး ဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။ ဒီအထဲ မြန်မာ (၃၅၂,၇၄၈) ဦး ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့် မှန်း ထားချက်တွေအရ ထိုင်းနိုင်ငံ အတွင်းမှာ တရားဝင် နေထိုင် အလုပ်လုပ် ကိုင်ခွင့် ရှိသူရော မရှိသူပါ သုံးသန်းထက် မနည်း ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။ ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အထဲ မြန်မာ အလုပ်သမားက (၉၀) ရာခိုင်နှုန်း ရှိတယ်လို့လည်း ပြောကြပါတယ်။
(ခ)
ထိုင်းနိုင်ငံရဲ့ အခင်းအကျင်းကို ခြုံငုံ ပြောရမယ် ဆိုရင် ဘုရင်ကို ပြောဆို
တိုက်ခိုက်တာ တစ်ခုက လွဲရင် အကုန်လုံး ဖွင့်ထားတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုကို အထူး ကြိုဆို အားပေးတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ၀န်ဆောင်မှုတိုင်းမှာ ဆက်နွယ်သူ ဟူသမျှကို စိတ် ကျေနပ် စေပါတယ်။ တောနေ လူတန်းစားတွေဖြစ်တဲ့ တောင်သူ လယ်သမားတွေ သက်သာ ချောင်ချီရေးနဲ့ မသင်မနေရ အခမဲ့ မူလတန်း ပညာတန်း သင်ကြားရေး စံနစ် သတ်မှတ်ထားတယ်။ အခြားသော လူသားတန်ဘိုးထားမှုတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေ အတိုင်း စီမံခန့်ခွဲထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေဟာ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုကို ခံစားခွင့် ရရှိကြပါတယ်။ ထိုင်းနိုင်ငံဟာ စိုက်ပျိုးရေးကို အထူး ဦးစားပေးပြီး စနစ်တကျ ရင်းနှီးမြှပ်နှံခဲ့တဲ့ နိုင်ငံ ဖြစ်တာကြောင့် အာရှနဲ့ ကမ္ဘာမှာ ဆန် အတင်ပို့ဆုံး နိုင်ငံအဆင့်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။
နောက် နိုင်ငံခြားငွေ ရရှိတဲ့လုပ်ငန်း ကတော့ ပင်လယ်အစားအစာ ထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်ပါတယ်။ တရားဝင်ရော တရားမ၀င်ပါ ထိုင်း ငါးဖမ်းလှေတွေဟာ အင်ဒို ရေပိုင်နက်နဲ့ မြန်မာ ရေပိုင်နက်တို့ အထိ သွားရောက် ငါးဖမ်း ကြရပါတယ်။ ပင်လယ် ငါးဖမ်းလုပ်ငန်းတွေမှာ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရဘဲ သောင်းချီတဲ့ မြန်မာရေလုပ်သားတွေ မသေမချင်း ရောင်းစား ခံထားရတာတွေ ရှိနေပါတယ်။ အိမ်တိုင်း အိမ်တိုင်းမှာ မြန်မာ အိမ်ဖေါ် အလုပ်သမားတွေ အလုပ် လုပ်ကိုင်နေကြရပြီး ဖြစ်ပါတယ်။ ထိုအထဲ အချို့မှာ လုပ်အားခ မရတဲ့ အပြင် အိမ်ရှင်ရဲ့ သားမယား အဖြစ် ပြုကျင့်ခြင်းကိုလည်း ခံစား နေရဆဲ ဖြစ်ကြပါတယ်။ ထိုင်းအိမ်ရှင်၊ ထိုင်းလုပ်ငန်းရှင်တွေက လုပ်အားခ မပေးချင်လို့၊ ရှိလာတဲ့ကိုယ်ဝန်ကို တာဝန် မယူချင်လို့ ပစ္စည်းခိုးတယ်ဆိုပြီး ထိုင်းရဲကို ဖမ်းခိုင်းတယ်။ တရားစွဲတယ်။ ထောင်ချ လိုက်တယ်။ ဒီလိုပြစ်မှုတွေ ထိုင်းထောင်ထဲမှာ အများကြီးရှိပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြို့တွေ ဖြစ်တဲ့ မယ်ဆိုင်၊ တာချီလိတ်၊ မြ၀တီ၊ မဲဆောက်၊ ကော့သောင်း၊ ရနောင်းမြို့တွေမှာ ရှိကြတဲ့ ကာရာအိုကေဆိုင်တွေနဲ့ ပြည့်တန်ဆာရုံတွေမှာ မြန်မာ လိင် အလုပ်သမတွေ အမြောက်အများ ရှိကြပါတယ်။ ဒီလိင်အလုပ်သမတွေကို မြန်မာ လှေသမားတွေနဲ့ မြန်မာ အလုပ်သမား အချို့တို့ ပျော်ပါးကြတဲ့ ငွေကြေးကို ထိုင်းလူမျိုးက ရရှိပါတယ်။ အတော်များများ မြန်မာ လိင်အလုပ်သမနဲ့ မြန်မာ အလုပ်သမား အချို့တို့ကတော့ AIDS ရောဂါတွေ ဖြစ်ပြီး သေဆုံးကြရတာလည်း ဒုနဲ့ဒေး ဖြစ်ပါတယ်။
(ဂ)
ထိုင်းနိုင်ငံမှာ လူနေမှုစရိတ် ကြီးမြင့်နေတာကြောင့် ထိုင်းမှာ တစ်နေတာလုပ်အားခငွေဟာ နည်းပါးတယ် ဆိုပေမယ့် မြန်မာနိုင်ငံမှာထက်တော့ သာနေပါတယ်။ ဒါကြောင့်ပဲ အလုပ်အကိုင် ရှားပြီး အခွင့်အလမ်း အထူး နည်းပါးနေတဲ့ မြန်မာနိုင်ငံက အရွယ် ရောက်ပြီးသူတိုင်း၊ အလုပ် လုပ်နိုင်သူတိုင်း ထိုင်းနိုင်ငံကို အတိုင်းအဆမရှိ ထွက်ခွာလာ နေကြဆဲ ဖြစ်ပါတယ်။ ဘယ်လောက် ဖမ်းဖမ်း ဘယ်လောက် ဖိနှိပ်ဖိနှိပ် မြန်မာ မရှိတဲ့ အလုပ်ရုံ မြန်မာ မရှိတဲ့ ရပ်ကွက် မြို့ရွာ မရှိတော့ သလောက်ကို ရှားပါး ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ထိုင်းလူမျိုးတွေဟာ မြန်မာတွေကို အထင်အမြင် သေးစွာနဲ့ ဆက်ဆံ နေခြင်း ဖြစ်ပါတယ်။ နောက် အဓိကကျတဲ့ အချက်တစ်ချက်က ပြီးခဲ့တဲ့ နှစ် (၂၂) နှစ်က အုပ်ချုပ်ခဲ့တဲ့ န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်တို့ဟာ ထိုင်းနိုင်ငံ အတွင်းမှာ ရှိတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေကို ဘာဆို ဘာမှ ၀င်ရောက် ပြောဆိုတာ၊ ကူညီပေးတာ မရှိခဲ့ပါ။ ဒါကြောင့် ထိုင်းလူမျိုးတွေက အနိုင် ကျင့်ချင်တိုင်း ကျင့်နေ ခဲ့ပါတယ်။ မြန်မာ အလုပ်သမား တစ်ယောက်ကို သတ်ပစ်တာဟာ ကြက်ကလေး တစ်ကောင်ကို သတ်ပစ် လိုက်သလို လွယ်ကူ ပါတယ်။ အလားတူ မြန်မာ အလုပ်သမငယ်တစ်ဦးကို ဖျက်ဆီး စော်ကားတာဟာလည်း လွယ်လိုက်သမှ အိမ်တွင်းက ဖြစ်နေပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ အနှံ့မှာ ဆောက်ထားလိုက်တဲ့ တိုက်တာ အဆောက်အဦးတွေရဲ့ ထက်ဝက်လောက်ကို မြန်မာ အလုပ်သမားတွေ အခမဲ့ ဆောက်ပေးခဲ့ရတယ် ဆိုရင်တောင် ဖြစ်နိုင်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းကန်ထရိုက်တွေ အတော် များများဟာ လုပ်အားခ ပေးဖို့ နီးပြီဆိုရင် ပန်းရံ အလုပ်သမားတွေကို ပုလိပ်ခေါ်ပြီး ဖမ်းခိုင်း လိုက်တာကြောင့် ဖြစ်ပါတယ်။ အချို့ အလုပ်ရုံတွေမှာလည်း ဒီအပြုအမူတွေ လုပ်လေ့ လုပ်ထ ရှိပါတယ်။ အလုံးစုံခြုံပြောရရင် မြန်မာပိုင် ရေမြေတောတောင်က ထွက်ရှိတဲ့ သဘောဝ အရင်းအမြစ်တွေကို မြန်မာ လူသား အရင်းအမြစ်တွေက ထိုင်းနိုင်ငံအတွက်  အခမဲ့နီးပါး လုပ်ကိုင်ပေး နေကြရတာ ဖြစ်ပါတယ်။
မြန်မာ့ ပင်လယ်ပြင်က ငါးပုဇွန်တွေကို မြန်မာ ရေလုပ်သားတွေနဲ့ သွားဖမ်း၊ ပင်လယ် အစားအစာ ထုတ်လုပ်တဲ့ အလုပ်ရုံထဲက မြန်မာ အလုပ်သမားတွေက လုပ်အားခ နည်းနည်းနဲ့ လုပ်ပေး နေကြရတာ ဖြစ်ပါတယ်။ နိုင်ငံခြား ထုတ်ကုန်တွေ တိုးတက်ပြီး ထိုင်းနိုင်ငံ စီးပွားရေးက တဟုန်ထိုး တိုးတက် နေတယ်။ တစ်နေ့တခြား တိုးတက် ဖွံ့ဖြိုး လာနေတဲ့ ထိုင်းနိုင်ငံမှာ နောက်ထပ် နိုင်ငံခြား အလုပ်သမား သိန်းချီ လိုအပ်နေပါတယ်။
(ဃ)
ထိုင်းနိုင်ငံအတွင်းက လုပ်ငန်းခွင် ပေါင်းစုံမှာ ထိုင်းလူမျိုးတွေ မလုပ်တော့တဲ့ ဓါတု ဆေးဝါးလုပ်ငန်း၊ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ ပြီးတော့ ပင်လယ် ငါးဖမ်းလုပ်ငန်းတွေ၊ အိမ်ဖေါ် အလုပ်သမတွေနဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်အားခ ခေါင်းပုံဖြတ်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြဿနာ ပေါ်ပေါက် တတ်ပါတယ်။ အချို့ မတရားသဖြင့် သတ်ဖြတ်တာ ခံရတာတွေ ရှိပါတယ်။ ငါးဖမ်း လှေတွေက ထွက်ပြေးတဲ့ လူတွေကို ပြန်မိလို့ ဖြစ်စေ၊ မလုပ်နိုင်လို့ ဖြစ်စေ သတ်ဖြတ်ပြီး ရေထဲ ပစ်ချ တတ်ကြပါတယ်။ ဒီလို မြန်မာ အလုပ်သမားတွေကို ထိုင်းလူမျိုးတွေ မတရား လုပ်နေတာကို မြန်မာ စစ်အစိုးရ အဆက်ဆက် လုံးဝ ဥပက္ခာ ပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာတွေကို ထိုင်းလူမျိုးတွေ လုပ်ချင်တိုင်း လုပ် သတ်ချင်တိုင်း သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရာဇ၀တ်မှု ကျူးလွန်တဲ့ အလုပ်ရှင်ဖြစ်စေ၊ ထိုင်းလူမျိုးဖြစ်စေ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ချမှတ်ခံရရင် ထိုင်းလူမျိုးတွေ ဒီလောက်ထိ လက်ရဲ ဇက်ရဲ လုပ်မှာ မဟုတ်ဘူး။ ဗမာကို သတ်လို့  ဘာမှ အပြစ်မကျတော့ လက်တည့်စမ်းပြီး သတ်ကြည့်တာတောင် ရှိကြပါတယ်။ အမှား အမှန် မစဉ်းစား၊ မမေးမြန်းဘဲ ဗမာဆိုရင် ၀ိုင်း ရိုက်သတ် လိုက်ကြတယ်။ ကြုံဖူး ကြားဖူး ကြမယ် ထင်ပါတယ်။
ထိုင်းအစိုးရမှာ သတ်မှတ် ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေဆိုတာလည်း စာအုပ်ထဲမှာသာ ရှိပြီး လက်တွေ့ အကောင်အထည်ဖော် လိုက်နာမှုက အထူးနည်းပါတယ်။ အလုပ်သမား ကာကွယ်ရေး ဌာနတွေ ဆိုတာလည်း ထိုင်း လုပ်ငန်းရှင်တွေ ဘက်ကသာ အဓိက ကာကွယ်ပေးကြတာ များပါတယ်။ မြန်မာအလုပ်သမားတွေ ဘတ် နှစ်သောင်း ၀န်းကျင်လောက် ကုန်ကျ ခံပြီး လုပ်ကိုင်ထားကြတဲ့ ယာယီ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင် ထားပေမယ့် ထိုင်း လုပ်ငန်းရှင်တွေနဲ့ ထိုင်းရဲတွေရဲ့ အနိုင်ကျင့် နှိပ်ကွပ်မှုတွေက လျှော့ကျ သွားခြင်း မရှိခဲ့ပါဘူး။ ရှုပ်ထွေး ပွေလီလှတဲ့ အဲဒီ ယာယီပတ်စပို့ လုပ်ငန်းစဉ်ထဲမှာ အစကနေ အဆုံးထိ ပွဲစားတွေရဲ့ လက်ထဲကို မြန်မာ အလုပ်သမားတွေ လုံးဝ ကျဆင်း ခဲ့ရပါတော့တယ်။
ကမ္ဘောဒီယားနဲ့ လာအိုနိုင်ငံက လာတဲ့ အလုပ်သမားတွေမှာ စုစုပေါင်း ဘတ်ငွေ (၅၀၀) ခန့်သာ ကုန်ကျ ပါတယ်။ ကျနော်တို့ မြန်မာ အလုပ်သမားတွေ အကုန်အကျ များနေတဲ့ ကိစ္စနဲ့ ရှုပ်ထွေး ကြံ့ကြာနေတဲ့ လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရ အနေနဲ့ အထူးလေ့လာ ဆန်းစစ် သင့်ပါတယ်။ အရေးတယူ ဆောင်ရွက်သင့်တဲ့ ကိစ္စရပ် ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော် လိုပါတယ်။ ဒီယာယီပတ်စပို့ဟာ အခြားနိုင်ငံကို သွားလို့ ရတာ မဟုတ်ဘူး၊ ထိုင်းနိုင်ငံအတွက် သီးသန့် ဖြစ်တယ်ဆိုတာကို ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ ပြီးတော့ နည်းပါးတဲ့ လုပ်အားခနဲ့ လုပ်နေကြရတဲ့ အလုပ်သမား လူတန်းစား ဆိုတာကို သိဖို့လိုပါမယ်။ ကုမ္ပဏီ လာဖွင့်တဲ့ဗမာတွေ မဟုတ်ဘူး။ ဒါကြောင့် အကုန်အကျ အနည်းဆုံး၊ အမြန်ဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ လုပ်ပေး သင့်ပါတယ်။ မြန်မာတွေ ထိုင်းလူမျိုးတွေနဲ့ ထိုင်းရဲတွေဆီမှာ မလိုလားအပ်ဘဲနဲ့ ခေါင်းပုံဖြတ် ခံနေရတာဟာ မြန်မာအစိုးရကြောင့် ဖြစ်တယ်။
လွယ်တာကို ခက်အောင် လုပ်နေလို့ ဖြစ်တယ်။ တသောသော လာနေတဲ့လူတွေကို နယ်စပ်ဂိတ်တွေက  လွယ်လင့်တကူ ယာယီနိုင်ငံကူး လက်မှတ်တွေ လုပ်ပေးဖို့ သင့်တယ်။ ကိုယ်တို့ လုပ်ရတဲ့ အလုပ်တွေက အလုပ်ကြမ်း၊ ထိုင်းဟူသမျှကို ကြောက်နေရတယ်၊ အထူးသဖြင့် ထိုင်းရဲ ဖမ်းပြီး ပြန်ပို့ ခံရမှာကို အထူး ကြောက်ရွံ့ စိုးရိမ်ကြပါတယ်။
မြန်မာပြည်က ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကားကုမ္ပဏီနဲ့  မဲဆောက် တံတားအောက်က ထိုင်းလ၀ကတို့ မတရား ငွေညှစ်နေတာတွေကို ကျနော် သတင်းရေးပြီး တင်ပြခဲ့ပါတယ်။ ထိုင်းအစိုးရ အနေနဲ့  ထိုင်းလူမျိုးတွေ နစ်နာတာ မဟုတ်တာကြောင့် မသိချင်ယောင် ဆောင်နေတာတော့ သေချာပါတယ်။ ဒီလောက် အရေးအတွက် များပြားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စမှာ ပါဝင်နေတဲ့ လုပ်ငန်းစဉ်တွေ အဆင့်တွေကို လုံးဝ ချုံ့ပစ်ရမှာ ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေအနေနဲ့ အကြိမ်ကြိမ် အခါအခါ ထိုင်းလ၀ကရုံးကို သွားနေရာတဲ့ ကိစ္စရပ်တွေဟာ မြန်မာ အလုပ်သမားတွေအတွက် ခက်ခဲ ကြန့်ကြာတဲ့ အလုပ်ဖြစ်တာမို့ ပွဲစားတွေအတွက် အလုပ်ရှာပေးသလို ဖြစ်နေပါတယ်။ အယင်တုန်းက ထိုင်းမှာ လူ ကယ်ရီပို့ ဆောင်သူနဲ့ အလုပ်အကိုင် ရှာဖွေပေးတဲ့ ပွဲစားသာ ရှိပါတယ်။ ခုတော့ ပတ်စပို့ အတွက် လ၀ကကို သွားဖို့ ပွဲစားလုပ်ငန်းက တိုးလာပြန်တယ်။ (ထုပွဲစားတိုးလာတယ်)
ဘန်ကောက်မြို့ IDC ဂိတ်ပေါက်မှာ ရက်ပေါင်း (၉၀) တံဆိပ်တုံး ထုဖို့ သွားတဲ့ မြန်မာ အလုပ်သမားတွေကို ဖေါင်ဖြည့်ခ တစ်ဦးဘတ် (၂၀) ပေးရတဲ့ လုပ်ငန်းကလည်း ဆီးကြို နေပြန်တယ်။ မဟာချိုင် လ၀ကမှာ ဆိုရင် ဖေါင်ဖြည့်ခ (၅၀) ပေးရတယ်။ တန်းမစီချင်ရင် ဘတ် (၁၀၀) ပေးလိုက်ရင် ခဏလေးအတွင်း တုံးထု ပေးတယ်။ ဒီစခန်း (၂) နေရာမှာ နေ့ စဉ် လူ (၅၀၀) ကနေ (၁၀၀၀) အတွင်း လာရောက် တုံးထုနေကြရတယ်လို့ သိရတယ်။ ပြန်လည် ပြည်ဝင်ခွင့်ဗီဇာ အတွက် မဟာချိုင်မှာ (၁၃၀၀၀) ဘတ်ပေးရင် ချက်ချင်း တုံးထုပေးပါတယ်။ သိန်းချီပြီးတော့ ယာယီပတ်စပို့ လုပ်ထားတဲ့ မြန်မာ အလုပ်သမားတွေအတွက် ထိုင်း လူဝင်မှု ကြီးကြပ်ရေးစခန်းနဲ့ ဝန်ထမ်းတွေ လုံလောက်မှု မရှိပါဘူး။ ဒါကြောင့် ပွဲစားလုပ်ငန်း ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြန်မာ အလုပ်သမားအရေတွက်နဲ့ ကိုက်ညီတဲ့ ရုံးခွဲတွေ ထပ်မံ လိုအပ်မှာ ဖြစ်ပါတယ်။  အဲဒီရုံးတွေမှာ ထိုင်းနဲ့ မြန်မာပွဲစားတွေ မတရား ခေါင်းပုံဖြတ်နေတာတွေ အများကြီး ရှိနေပါတယ်။
လွယ်ကူပြီး အကျိုးအမြတ်များတဲ့ ယာယီ ပတ်စပို့လုပ်ငန်းစဉ် အတွင်း ပွဲစားလုပ်ငန်းရဲ့ အရသာကို ထိုင်းနဲ့ မြန်မာ ပွဲစားတွေနဲ့ ထိုင်း အာဏာပိုင်တွေက ကောင်းကောင်း သိရှိထားပြီး ဖြစ်တယ်။ ထိုင်းနဲ့ မြန်မာ အစိုးရတို့ကလည်း ကိုယ်နဲ့ မဆိုင်သလို မသိချင်ယောင် ဆောင်နေကြပါတယ်။ ပြဿနာတွေကို မရှင်း ပေးကြဘူး။ ဒီအမြတ်ကြီးစား အုပ်စုက မကြာခင် ထိုင်းအစိုးရက ခွင့်ပြုထားတဲ့ အလုပ် လုပ်ကိုင်နေထိုင်ခွင့် (ဘတ်) လုပ်ငန်းကိုတောင်မှ ၀င်ရောက် ကိုင်တွယ် ချယ်လှယ်ဖို့ မျှော်လင့်နေကြတာကို စိုးရိမ် ထိတ်လန့်ဖွယ်ရာ သိရှိရပြန်တယ်။
ကျွန်ုပ် အကြံပြု မေတ္တာရပ်ခံ လိုတာက ယာယီပတ်စပို့ ဖြစ်ဖြစ်၊ (ဘတ်) ဖြစ်ဖြစ် မြန်မာအလုပ်သမားတွေကို  အသက်သာဆုံးနဲ့ တကြိမ်တည်းနဲ့  (၂) နှစ် (၃) နှစ် အေးအေးချမ်းချမ်း တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရရှိစေတဲ့ နည်းလမ်းနဲ့ လုပ်ပေး စေလိုပါတယ်။ တပြိုင်တည်းမှာပဲ ဘယ် အလုပ်ရှင်ရဲ့ ချုပ်ချယ် ထိန်းချုပ်လို့ မရနိုင်တဲ့ စနစ်တွေ ဖြစ်ဖို့လိုပါတယ်။ မြန်မာ အလုပ်သမားဟာ  ထိုင်းအစိုးရဆီမှာ အခွန်အခပေးပြီး ထိုင်းနိုင်ငံမှာ လာလုပ်တဲ့ အလုပ်သမားသာ ဖြစ်ရပါမယ်။ မိမိသဘောနဲ့ လွတ်လပ် လွတ်လပ် ကြိုက်နှစ်သက်ရာ အလုပ်မှာ ၀င်ရောက် လုပ်ကိုင်နိုင်ခွင့် ရှိသင့်ပါတယ်။ အလုပ်သမားတွေဟာ အစိုးရ ထိန်းချုပ်မှု အောက်မှာသာ ရှိသင့်ပါတယ်။ အလုပ်ရှင်က လုပ်ပေးမှ မှတ်ပုံတင်ခွင့်ပြုတာဟာ အလုပ်ရှင်ကို ထိန်းချုပ် ခိုင်းလိုက်တာနဲ့ အတူတူဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ ရှင်းမကုန်အောင် ရှုပ်ထွေး နေတာ ဖြစ်ပါတယ်။ အလုပ်သမားတွေ ကိုင်ဆောင်တဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားခြင်း၊ ထိန်းချုပ်ထားခြင်း လုံးဝမရှိရအောင် နှစ်နိုင်ငံအစိုးရတို့က ဥပဒေ ပြဌာန်း ထားသင့်ပါတယ်။
အထက်က ဖေါ်ပြခဲ့တဲ့ တရားဝင်မှတ်တမ်းစာရင်း လျော့နည်းလာတာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သမားလျော့နည်း လာလို့ မဟုတ်ဘူး။ တရားဝင် လုပ်ထားပေမယ့် ထိုင်းရဲနဲ့ ထိုင်းအလုပ်ရှင် နှိပ်ကွတ်တာ ခံရတာမို့ မလုပ်ကြတာ ဖြစ်ပါတယ်။ နောက်တစ်ခုက တရားမ၀င် အလုပ်သမားကို ခိုင်းစေရတာ ကျွန်ပြုရတာကို ထိုင်းလုပ်ငန်းရှင်တွေက ပိုပြီး ကြိုက်နှစ်သက် ကြပါတယ်။ ဒါကြောင့် တရားဝင် စာရွက် စာတမ်းတွေကို ပျက်စီးအောင်၊ တရားမ၀င်ဖြစ်အောင် ညစ်ပတ်လိုက်တဲ့အတွက် တရားဝင်ခွင့်တွေ ဆုံးရှုံးနေတဲ့ မြန်မာအလုပ်သမားတွေ ဒုနဲ့ ဒေးဖြစ်ပါတယ်။
ဒီလို ထိုင်းလုပ်ငန်းရှင်တွေ ညစ်ပတ်ပြီး တရားဝင်ခွင့် ဆုံးရှုံးသွားတဲ့ အလုပ်သမားတွေအတွက် ဘယ်အစိုးရ၊ ဘယ် အန်ဂျီအိုတို့ကမှ အချိန်ကုန်ခံပြီး ဥပဒေအတွင်းက ကူညီ ဖြေရှင်းပေးခြင်းမျိုး မရှိဘူး။ ခံစရာဟူသမျှ ဗမာကျွန်တွေပဲ ခံကြရတယ်။
(င)
ယခု အရပ်သားအစိုးရ အဖြစ် အစိုးရအသစ် တက်လာပြီးတဲ့ ကာလမှာ ဘန်ကောက်မြို့ အခြေစိုက် မြန်မာသံရုံးဟာ တစ်ခါဖူးမှ ဂရုမစိုက်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ပြဿနာအချို့ကို မေးမြန်း စုံစမ်း ကူညီလာတာ အံ့သြဖွယ် ကြားသိလာရပါတယ်။ အင်မတန် မင်္ဂလာရှိပြီး ကြိုဆိုရမယ့် လုပ်ရပ်ဖြစ်ပါတယ်။ သာဓကအနေနဲ့ ပြောရရင် ဧပြီလဆန်းက မဟာချိုင်မှာ ကားတိုက် သေဆုံးသွားတဲ့ မြန်မာ အလုပ်သမားတွေကို မြန်မာသံရုံးက လာရောက် မေးမြန်းပြီး တတ်နိုင်သမျှ ကူညီပေးခဲ့တယ်လို့ ကြားသိရတယ်။ ဧပြီလလယ်ပိုင်းက ဘန်ကောက်မြို့မှာ အထူးရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တို့ ပူးပေါင်း ကယ်ထုတ်နိုင်ခဲ့တဲ့ ပိတ်လှောင် ခိုင်းစေခံ မြန်မာ အလုပ်သမား (၃၉) ဦးတို့ ကိစ္စကိုလည်း မေးမြန်းမှုအချို့ ရှိခဲ့ပြန်တယ်။ ဒါ့အပြင် ဧပြီလကုန်နေ့မှာလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ဖက်ချပွန်းမှာရှိတဲ့ ကြက်သားစက်ရုံ အဓိကရုဏ်းကိစ္စကိုလည်း သွားရောက်စုံစမ်း မေးမြန်းခဲ့တယ်လို့ အလုပ်သမားတွေ ပြောပြချက်အရ သိရှိပြန်ပါတယ်။ ကူညီတာ မကူညီတာ အပထား။ ဒီလို မိခင်နိုင်ငံ ကိုယ်စားပြုတဲ့ သံရုံးက လူကြီးမိဘတွေက ကိုယ့်နိုင်ငံသား မြန်မာ ရွှေ့ပြောင်း အလုပ်သမားကိစ္စရပ်တွေကို ခုလို ၀င်ရောက်ပြီးတော့ ဂရုတစိုက် မေးမြန်းစုံစမ်းမှုတွေ ရှိခြင်းဟာ သန်းချီရှိတဲ့ မြန်မာအလုပ်သမားထုအတွက် အထူးဝမ်းမြောက်စရာ လုပ်ရပ်ဖြစ်ပါတယ်။
ဘန်ကောက်မြို့က မြန်မာသံရုံဟာ ထိုင်းမှာရှိတဲ့ အလုပ်သမားကိစ္စတွေကို ၀င်ရောက် ကူညီပေးလာတယ်၊ မေးမြန်း စုံစမ်းလာတယ်ဆိုတာကို ထိုင်းအစိုးရနဲ့ ထိုင်းလုပ်ငန်းရှင်တွေ အကုန်လုံးသိရှိလာရင်၊ ထိုင်း လုပ်ငန်းရှင်တွေ၊ ဖိနှိပ် ဆက်ဆံနေကြတဲ့ ထိုင်းလူမျိုးတွေနဲ့ ဖမ်းစားနေကျ ထိုင်းရဲတွေဟာ မြန်မာ အလုပ်သမားတွေကို အယင်လို ပစ်စလက်ခတ် မလုပ်ရဲတော့တာတော့ သေချာပါတယ်။ သတင်းမီဒီယာတွေက ကြားသိရတဲ့ အလုပ်သမား ကိစ္စရပ်တွေ၊ မတရားမှုတွေကို  သက်ဆိုင်ရာ စက်ရုံကို ဖုန်းကလေး ဆက်ပြီး စထန်ထုဖမာ့ (မြန်မာသံရုံး) ကဆိုပြီး ဖုန်းဆက် မေးရင်တောင် ကိစ္စရပ်တွေ အတော်များများ ပြီးစီး အေးချမ်း သွားနိုင်ပါတယ်။ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ လုပ်ကိုင်ထားတဲ့ မြန်မာအလုပ်သမား တစ်ယောက်ယောက်ကို ထိုင်းရဲက ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ မြန်မာသံရုံးကို ချက်ချင်း တိုင်ကြားနိုင်တဲ့ ဟော့လိုင်းမျိုး ရှိသင့်ပါတယ်။
မြန်မာသံရုံးကလည်း (စထန်ထုဖမာ့) ကလို့ ပြောပြီး အဲဒီ ထိုင်းပုလိပ် ကိုယ်ပိုင်နံပါတ်နဲ့ နာမည်ကိုများ မေးလိုက်ရင် ဖမ်းစားနေကျ ပုလိပ်တွေ လျှော့နည်း ပပျောက်လာမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတာက ထိုင်းပုလိပ်တွေက ပတ်စပို့ပါလာလို့ မေးတယ်၊ ပြတယ်။ ၀တ်ပါမစ်ပါလား မေးတယ် ပြနိုင်တယ်။ ဒါပေမယ့် ကားပေါ် ခေါ်တင်သွားတယ်။ အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေတောင်းတယ်။ ငွေပေးမှ စာအုပ် ပြန်ပေးတယ်။ ဒီလို အနိုင်ကျင့် ခံနေကြရတယ်။
အလုပ်ရုံတွေဆိုလည်း ဒီအတိုင်း ဖြစ်ပါတယ်။ဘယ်တော့မှ တရားသဖြင့် ရှင်းလင်းတာ မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ ထိုင်းနိုင်ငံအတွင်းမှာ ရှိကြတဲ့ (၇၅) ရာခိုင်နုန်းထက် မနည်းတဲ့ စက်ရုံ၊ အလုပ်ရုံတွေဟာ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ညီညွတ်အောင် လုပ်နေတာ မဟုတ်လို့ ဖြစ်ပါတယ်။ တကယ် ရှင်းကြ လင်းကြမယ် ဆိုတဲ့အခါ အလုပ်ရုံ အနေနဲ့ ထိခိုက် ဆုံးရှုံးမှုတွေ အထူး များပြားနိုင်လို့ ဖြစ်ပါတယ်။
ဘန်ကောက်မြို့က မြန်မာသံရုံးဟာ သန်းချီရှိတဲ့ မြန်မာ အလုပ်သမားတွေအတွက် အားကိုးအားထား ပြုနိုင်တဲ့ ရွှေ့ပြောင်း အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ဖြေရှင်းပေးတဲ့ ဌာနတစ်ခု သီးသန့် ထားရှိပြီးတော့ ဆောင်ရွက် နိုင်ဖို့ လိုပါမယ်။ ထိုင်းနိုင်ငံအနှံ့ ပြည်နယ်အလိုက် အလုပ်သမား ဆက်သွယ်မှု ကွန်ယက် တည်ဆောက် ရပါမယ်။
ထိုင်းနိုင်ငံအတွင်းမှာ ယခင်ကတည်းက လှုပ်ရှား ဆောင်ရွက်နေကြတဲ့ လူထုအခြေပြု အသင်းအဖွဲ့တွေနဲ့ ပူးပေါင်း သင့်တာတွေကို ပူးပေါင်း ရပါမယ်။ အပြန်အလှန် တလေးတစားနဲ့ သတင်း အချက်အလက် ဖလှယ်တာတွေ လုပ်သင့်ပါတယ်။ ယာယီပတ်စပို့ လုပ်ငန်းစဉ်နဲ့ (ဘတ်) လုပ်ငန်းစဉ်တွေ အတွက် ထိုင်းအစိုးရ အယင် သတ်မှတ်ထားတဲ့ ဥပဒေတွေကို သေချာ လေ့လာပြီး မြန်မာ အလုပ်သမားတွေအတွက် ၀န်ထုတ် ၀န်ပိုး ဖြစ်နေတာတွေကို တင်ပြ တောင်းဆို ပေးနိုင်ရပါမယ်။ ပွဲစားတွေနဲ့ လုပ်နေရတဲ့ စာရွက် စာတမ်း ကိစ္စဟူသမျှကို အဆိုပါ စင်တာက နေ့စဉ် ဆောင်ရွက်ပေးခြင်း အားဖြင့် အလုပ်သမားတွေဆီက သတင်း အချက်အလက်တွေကို အမြဲရရှိနေမှာ ဖြစ်ပါတယ်။
မြန်မာအစိုးရသစ်အနေနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်မှုအပေါ် မူတည်ပြီး လွတ်လပ်တဲ့ အသင်းအပင်းတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ စုပေါင်း လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေလည်း ရရှိလာမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် အလုပ်သမားတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ သန်းချီရှိတဲ့ မြန်မာ အလုပ်သမားတွေထဲက တိုင်းပြည် ပြန်လည် တည်ဆောက်ရေးအတွက် တတ်သိ ကျွမ်းကျင် အလုပ်သမားတွေ အမြောက်အများ ပေါ်ထွန်းလာနိုင်ပါတယ်။
ပြည်ပမှာ မိဝေးဖဝေး လာရောက် အလုပ်လုပ်ကိုင်နေသူတွေအတွက် ဖိဖိစီးစီး ဆောင်ရွက်သင့်ပါတယ်။ ကာကွယ် စောင့်ရှောက်မှု ပေးသင့်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေကို မြန်မာ အစိုးရသစ်အနေနဲ့ မြန်မြန် အကောင်အထည် ဖော်လာခဲ့မယ်ဆိုရင် ထိုင်းအလုပ်ရှင်နှင့် ထိုင်းရဲတို့ နှိပ်ကွပ်မှုတွေ မတရား ခေါင်းပုံဖြတ်မှုတွေ တဖြည်းဖြည်း လျော့နည်း ပပျောက် လာပါမယ်။ တပြိုင်တည်းမှာ အမိတိုင်းပြည်ကို ပြန်ပို့ ငွေတွေ များပြားလာမှာ ဖြစ်ပါတယ်။
အလုပ်သမားကိစ္စ တစ်ခုနှစ်ခုကို သတင်းဝင်မေးပြီး ယခုတက်နေတဲ့ မြန်မာအစိုးရသစ်ဟာ အရပ်သားအစိုးရ စစ်စစ် ဖြစ်ကြောင်း၊ နိုင်ငံတကာ မျက်နှာစာမှာ ကြေညာလိုတာမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ အစိုးရသစ်ဟာ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စတွေကို တကယ်ပဲ ထိထိရောက်ရောက် ကာကွယ် စောင့်ရှောက် ပေးနိုင်ပါစေလို့ အလုပ်သမား တွေရဲ့ ကိုယ်စား အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။
ကျော်သောင်း

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ