.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, June 26, 2011

အလယ်ပစ္စယံ ပြည်သူ့အစည်းအဝေး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

0
၁၉၄၅ ခု ၊ နိုဝင်ဘာလ ၁၈ရက်နေ့ ရွှေတိဂုံ စေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် မိန့်ကြားသည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
ယနေ့ ပြည့်သူ့အစည်းအဝေးကြီး ခေါ်ဆိုရခြင်း အကြောင်းမှာ သြဂုတ်လ၁၉ရက်နေ့တွင် ကျင်းပခဲ့သည့် နေသူရိန်ပြည်သူ့အစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များအတိုင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးက ဘယ်လိုဆောင်ရွက်ခဲ့သည်။ ဘယ်လောက် ထိရောက်ခဲ့သည် ။ ရှေ့တွင် ဘာလုပ်ဖို့လိုသည် စသည်တို့ကို အစီရင်ခံရန်နှင့် ထိအစီရင်ခံချက်များမအရ ပြဌာန်းသင့်သော ဆုံးဖြတ်ချက် များကို ပြဌာန်းရန်ပင်ဖြစ်သည်။ အထူးသဖြင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် အင်္ဂလိပ်ဘုရင်ခံ နှစ်ဦးနှစ်ဖက်တို့သည် ယာယီ အမျိုးသား အစိုးရ တည်ထောင်ရေးကိစ္စတွင် သဘောကွဲလွဲခြင်းနှင့် စပ်လျဉ်း၍ တိုင်းသူပြည်သားများအားရှင်းလင်းပြရန်နှင့် ရှေ့တွင် မည်သို့ စခန်းသွားသင့်သည်ကို ဆွေးနွေးရန်ပင်ဖြစ်ပါသည်။
ဤကိစ္စများနှင့် ပတ်သက်၍ အစီရင်ခံချက် အရပ်ရပ်ကို အထွေထွေ အတွင်းရေးမှုက ဖတ်ပြပါလိမ့်မည် ။ ကျွန်တော်ပြောဆိုလိုသော အချက်များမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။
၁။ ဗမာ့ တပ်မတော်ကိစ္စ။ ဗမာ့တပ်မတော် ကိစ္စနှင့် ပတ်သက်၍ သီးခြား အစီရင်ခံစာ တင်ပြပါလိမ့်မည်။ ထိုကြောင့် ကျွန်တော် အကျယ်တ၀င့် ဤကိစ္စတွင် မပြောလိုပါ။ တချက်နှစ်ချက်လောက်မျှသာ အစီရင်ခံလိုပါသည်။ ဗမာ့ တပ်မတော်ကိစ္စနှင့် ပတ်သက်၍ အချို့မလိုသော ပုဂ္ဂိုလ်များသည် ဗမာ့တပ်မတော်ကို အင်္ဂလိပ်အစိုးရ လက်အောက်ခံ တပ်မတော်အဖြစ်ထားရမလားဟု အပြစ်ပြောကြပါသည်။ ကျွန်ုပ်က ထိုကဲ့သို့ အပြစ်ပြောသူများကို အင်္ဂလိပ် အစိုးရ အုပ်ချုပ်လျက်ရှိသေးသော ဗမာပြည်တွင် အင်္ဂလိပ်အစိုးရလက်အောက်ခံ တပ်မတော်အဖြစ် မထားလို့ရှိလျှင် ဘယ်လိုလုပ်ထားရမှာလဲဟုမေးလိုပါသည်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ တိုင်းပြည်ကို ကျွန်ုပ်တို့ သဘောကျ ကျွန်ုပ်တို့ အကျိုးအတွက် စီမံဖန်တီးနိုင်သော လွတ်လပ်ရေးကို အလိုရှိကြ၏ ။ ထိုလွတ်လပ်ရေး ရရာရကြောင်း ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့ပုံကို တိုင်းပြည်တပြည်လုံးအသိဖြစ်၏ ။ သို့သော် ကျွန်ုပ်တို့ အလိုရှိသော လွတ်လပ်ရေးသည် ကျွန်ုပ်တို့လက်ဝယ်မရရှိသေး။ ထိုကဲ့သို့ ကျွန်ုပ်တို့ လွတ်လပ်ရေး မရရှိသေးသည်မှာ ကျွန်ုပ်တို့ တိုင်းပြည် လွတ်လပ်ရေး လုပ်ငန်းအင်အားသည် လွတ်လပ်ရေး ရနိုင်သည် အထိ မပြည့်စုံသေး၍သာ ဖြစ်ကြောင်း။
ဗမာ့တပ်မတော်ကိစ္စမှာ လက်ငင်းအားဖြင့် အဖျက်သိမ်းခံမည်လော ၊ သို့တည်းမဟုတ်… တပ်မတော်အဖြစ် တည်ရှိရန် ကြိုးစားမည်လော ဟူသော အမေးနှစ်ရပ်ကို မူတည်၍ ကျွန်ုပ်တို့ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ဤကိစ္စမှာ လက်ငင်းအရေးဆို ၊ လက်ငင်းဆုံးဖြတ်ရမည့် ကိစ္စဖြစ်သဖြင့် ဗမာနိုင်ငံလွတ်လပ်ရေး ရသည်အထိ ရွှေ့ဆိုင်းနိုင်သော ကိစ္စမဟုတ်ပေ။ ထိုကဲ့သို့ လွတ်လပ်ရေးရသည် အထိ ဗမာ့တပ်မတော်ကို အဖျက်အသိမ်းမခံလိုလျှင် အင်္ဂလိပ်နှင့် စစ်တိုက်ရန်သာရှိသည်။ သို့သော် စစ်တိုက်ခြင်း ၊ နိုင်ငံလွတ်လပ်ရေးအတွက်ဆောင်ရွက်ခြင်း မည်သည် ကလေးကစားသလို စိတ်ထင်တိုင်းပြုကျင့်အပ်သည့်အရာမျိုး မဟုတ်သဖြင့် အင်္ဂလိပ်လက်အောက် ၌ ထားပင်ထားရစေကာမူ တပ်မတော်အဖြစ် တည်ရှိရန်ပဓာန ဖြစ်ရကာ၊ မူလကပင် ကျွန်ုပ်တို့သည် ရှင်းရှင်းလင်းလင်း ဆိုထားခဲ့ပေသည်။ နေသူရိန်ပြည်သူ့ အစည်းအဝေးကြီး၌ ကျွန်ုပ်၏ ဥက္ကဌမိန့်ခွန်းကိုဖြစ်စေ၊ တပ်မတော်နှင့် ဆိုင်သော ဆုံးဖြတ်ချက်ကိုဖြစ်စေ သေသေချာချာဖတ်ကြည့်က ဤအချက်များသည် ရှင်းလင်းသွားပါလိမ့်မည်။ တပ်မတော်နှင့် ပတ်သက်သော သီးခြား အစီရင်ခံချက်ကိုလည်း ခင်ဗျားတို့ ကြားနာသည့်အခါ ရှင်းလင်းပါလိမ့်မည်။ အမှန်စင်စစ် ဤအစီရင်ခံစာကို အောက်တိုဘာလ ၆ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် တင်ပြသည့် အခါ သတင်းစာတိုက်များသို့ ဝေငှခဲ့ပြီးဖြစ်ကြောင်း၊ ဗမာ့တပ်မတော်သည် ဗမာပြည်လွတ်လပ်ရေးလုပ်ငန်းအတွက် မိမိစွမ်းအားရှိသမျှ ဆောင်ရွက်ခဲ့ပြီးလေပြီ။ ၎င်းတို့ ဆောင်ရွက်ခဲ့သည့်အတွက် ဗမာတိုင်းပြည်နှင့် ဗမာလူမျိုးတို့၏ဂုဏ်ရည်သည်၎င်း၊ ဗမာ့လွတ်လပ်ရေး လုပ်ငန်းအဆင့်သည်၎င်း၊ ကမ္ဘာတခုလုံးက အသိအမှတ်အပြုခံရသည့် အခြေသို့ရောက်ခဲ့ပြီ။ ဗမာ့တပ်မတော်၏ စစ်လုပ်ငန်းသည် ပြီးဆုံးခဲ့ပြီ။ ဗမာ့တပ်မတော်သည် တာဝန်ကြေခဲ့ပြီ။ တပ်မတော်ပြင်ဖက်ရှိ နိုင်ငံရေး သမားများနှင့် တိုင်းသူပြည်သားများက ကျန်ရှိသေးသေား လွတ်လပ်ရေးလုပ်ငန်းများကို ဆက်လက်၍သာ ပြုလုပ်ရန်ရှိတော့သည် ။ ထိုကဲ့သို့
လွတ်လပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရာတွင် ဗမာ့တပ်မတော်၏ ရည်ရွယ်ချက်အတိုင်း လျင်မြန်စွာ အောင်မြင်နိုင်ရန် ကျွန်ုပ်နိုင်ငံရေးနယ်အတွင်းသို့ ပြန်လည်ဝင်ရောက်ရခြင်းဖြစ်သည်။ ဤကား တပ်မတော်ကိစ္စနှင့် ပတ်သက်၍ ပြောဆိုလိုသော အချက်များပင်တည်း။
၂။ယာယီ အမျိုးသားအစိုးရကိစ္စ။ ဤကိစ္စနှင့် ပတ်သက်၍လည်း အထွေထွေ အတွင်းရေးမှုး၏ အစီရင်ခံစာတွင် ပါရှိပါလိမ့်မည်။ သို့သော် ကျွန်ုပ်တို့ အဖွဲ့ချုပ်ကြီးသည် ဤကိစ္စတွင်၎င်း ၊ အခြားကိစ္စများတွင် ၎င်း ဖက်ဆက်ဆံသည်ဟု အင်္ဂလိပ်ဘက်နှင့် အင်္ဂလိပ်ရဲ့ လူများက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တဖုံ၊ ဝေဖန်ချက်ကို ချေပလိုပါသည်။ ကျွန်ုပ်တို့ အဖွဲ့ချုပ်ကြီး၏ မူဝါဒ၊ စည်းမျဉ်း လုပ်ငန်း အရပ်ရပ်တွင် မည်သည့် အရာသည် ဖက်ဆစ်ဆံပါသနည်း။ သိုးသိုးသန့်သန့်ကြားရသော သတင်းတစ်ရပ် အရ နေသူရိန် အစည်းအဝေးကြီးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ တဖက်သတ်ချမှတ်ခဲ့ သလို အချို့က ကြောသည်ဟုသိရပေသည်။ အဘယ်အကြောင်းများကြောင့် ဤကဲ့သို့ ဆဖက်သတ်ဆုံးဖြတ်ချက်များဟု ပြောနိုင်သနည်း ။ ကန့်ကွက်သူ မရှိသဖြင့်ပြောဆိုခြင်းပင်လော။ ကန့်ကွက်သူမရှိသည်မှာ ကန့်ကွက်ရန် အခွင့်အရေး မရှိ၍မဟုတ်ဘဲ ၊ထိုကဲ့သို့ အခွင့်အရေးရှိထားလျက် ထိုစဉ်အခါက ကန့်ကွက်လိုသူများသည် မကန့်ကွက်ခြင်းမှာ အဆိုပါ ကန့်ကွက်လိုသူများ၏ အပြစ်သာဖြစ်၍ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး၏ အပြစ်မဟုတ်။ ဘုရင်ခံ ကိုယ်စား ကြေညာချက်တွင်၎င်း ၊ အခြား အစိုးရပိုင်း သို့မဟုတ်… အစိုးရနှင့် မကင်းသူများထံမှ ပြောကြားချက်များတွင် ၎င်း၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကပင် ဖက်ဆစ်ဆက်ဆံ သလို ရေးသားပြောဆိုကြ၏ ။
ဘုရင်ခံသည် သူ့စကားအရပင် ၁၉၃၅ ခု၊ ဗမာပြည် အုပ်ချုပ်ရေး အက်ဥပဒေပုဒ်မ ၁၃၉ အရ အင်္ဂလိပ်ပါလီမန်ကို သူတစ်ဦးတည်း တာဝန်ခံ အုပ်ချုပ်ရသဖြင့် သူမတတ်နိုင်ပါ ဟူသော သဘောကိုပြောထားပြီးဖြစ်ရာ ဤကဲ့သို့ အုပ်ချုပ်ခြင်းသည်တစ်ဦးတည်း အုပ်ချုပ်ခြင်းဖြစ်သဖြင့် ဖက်ဆစ်ဆံခြင်းဆံလျှင် ဘုရင်ခံသာ ဖက်ဆစ်ဆံကြောင်း ထင်ရှားလှပေသည်။ အင်္ဂလိပ် ဘုရင်ခံသည် တိုင်းပြည်မှ နောက်လိုက် ဘာမျှမရှိသော လူပုဂ္ဂိုလ်များ စုပေါင်းထားသော အမှုဆောင်ကောင်စီ ၀န်ကြီးအဖွဲ့ကို ခန့်ထားခြင်းသည်။ ဘယ်ဒီမိုကရေစီစံနစ်နှင့် ကိုက်ညီလို့ခန့်ပါသလဲ။ ဖက်ဆစ်စံနစ် မဟုတ်ပါဘူးလို့ အင်္ဂလိပ်ဘုရင်ခံက ဆိုရဲပါရဲ့လား။ ထိုဘုရင်ခံ၏ အလိုတော်ရိ ဗမာဝန်ကြီးသစ်များသည် ကျုပ်တို့တပြည်လုံးက အဖွဲ့စုံပါတဲ့ ပြည့်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးဆိုတာ သိပါလျှက်နှင့် ပါတီတဖွဲ့တည်းသာလျှင်ရှိသော တိုင်းပြည်သည် ဖက်ဆစ်တိုင်းပြည်ဖြစ်သည်ဟု ဗြောင်လိမ်သော စကားယောင်ဝါးသော နိုင်ငံရေး သဘောကို ပြောဆိုလိုက်ရာ သူတို့ကတော့ ဘယ်လို အကြောင်းတွေကြောင့် ဒီမိုကရေစီစံနစ်ကို လိုက်တယ်လို့ပြနိုင်ပါသလဲ။ ရာထူးလိုချင်လို့ ရာထူးယူပါတယ်ဆိုယင် တိုင်းပြည်ကို မလိမ်မကောက်ဘဲ ပြောရာရောက်လို့ တိုင်းသူပြည်သားတွေကို မလိမ်မကောက်ဘဲ ပြောရာရောက်လို့ တိုင်းသူပြည်သားတွေကို ရိုသေလေးစားတဲ့ သဘောဖြစ်နိုင်သေးတယ်။ ဒီမိုကရေစီကို ကာယကံမြောက် မလိုက်နာနိုင်ပေမဲ့ ဒီမိုကရေစီစိတ်ရှိသေးတယ်လို့ ခေါ်နိုင်သေးရဲ့။ အခုတော့ ဒီမိုကရေစီ စံနစ်နဲ့လဲ ထပ်လှည့်စားပြန်တော့ ဒီလိုလူမျိုးတွေကိုမှ ဖက်ဆစ်ဝါဒဆိုတာ ဘာလဲသိကြရဲ့လား။ ကျုပ်တို့ နားလည်သလောက်ဖြင့် ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ်တိုင်းပြည်မှာလဲ တိုင်းသူပြည်သားလူထု အဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊အခြားလူမျိုးတွေကိုလဲ ငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင် နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာဘဲ။ နယ်ချဲ့ဝါဒနဲ့ ဖက်ဆစ်ဝါဒ ထူးခြားပုံဟာ နယ်ချဲ့ဝါဒကတော့ မိမိတို့တိုင်းပြည်တွင်းမှာ ဒီမိုကရေစီ စံနစ်လုပ်တန်သလောက်လုပ်ပြီး မိမိပိုင် ကျွန်နိုင်ငံတွေမှာတော့ ဖက်ဆစ်ဆံသလောက်ဆံတယ်။ ဖက်ဆစ်ဝါဒကတော့ ကိုယ့်တိုင်းပြည်မှာရော သူများတိုင်းပြည်မှာရော ဘယ်နေရာမှာ မဆို ဖက်ဆစ်နည်းကိုသုံးတယ်။ စစ်မဖြစ်ခင်တုန်းက အင်္ဂလိပ် အစိုးရဟာ နယ်ချဲ့ အစိုးရပင် ဖြစ်တယ်။ နယ်ချဲ့ အစိုးရချင်းမှာတောင် ထိုစဉ်အခါက သူပိုပြီးရက်ရောတဲ့စိတ်ရှိတယ်။ ဒါဘာဖြစ်လို့လဲ၊ စီးပွားရေး အခြေကြောင့်ဘဲ။
ဟိုတုန်းက အင်္ဂလိပ် အစိုးရဟာ ကမ္ဘာပေါ်အကြီးဆုံး အင်ပိုင်ယာကြီးကို ပိုင်ထားတဲ့ အတွက် စီပွားရေးအခြေအနေမှာ တခြားနယ်ချဲ့ အစိုးရတွေထက်ပိုပြီး တောင့်တင်းတယ်။ မိမိတိုင်းပြည် အလုပ်သမား ဆင်းရဲသားများကိုလဲ ဖြန့်ဖြူးပေးနိုင်တယ်။ လက်အောက်ခံ ကျွန်းတိုင်းနိုင်ငံတွေ အပေါ်မှာလဲ ရက်ရောခဲ့တယ်။ ပြင်သစ်ပိုင် အင်ဒိုချိုင်းနား၊ ဒတ်ခ်ျ ပိုင် အင်ဒိုနီးရှားစသော တိုင်းပြည်များတွင် တခြားန်ာချဲ့ အုပ်ချုပ်ရေးစံနစ်တွေထက် ပိုပြီး ရက်ရောသလောက်ရက်ရောခဲ့တယ်။ သိုသော်လဲ ယခု ဗြိတိသျှနယ်ချဲ့ အစိုးရမှာ စစ်ကို နိုင်တယ်ဆိုပေမဲ့ ၊ စစ်ကြောင့် ၎င်း၏ အခြေများမှာ အင်မတန်ပင် ယိုင်လဲနေတယ်။ အထူးသဖြင့် ၎င်း၏ စီးပွားရေး အခြေမှာ အလွန်ပင် ချည့်နဲ့နေတယ်။ ရေနစ်အံ့ ဆဲဆဲဖြစ်သောသူဟာ ရမိရရာမြဲမြဲကြီး ဆုပ်ကိုင်သလို အင်မတန်ဇယားကောင်းပြီး ဘ၀ပြောင်းတော့မလောက်ဖြစ်နေတဲ့ ဗြိတိသျှ နယ်ချဲ့စံနစ်ဟာလဲ ဖက်ဆစ်စံနစ်ကြီးကို စီးပွားရေးသဘော အိမ်နောက်ဖေးကသွင်းနေတယ်။ အဲဒီလို စီးပွားရေးသဘော ဖက်ဆစ်စံနစ်ကို လုပ်ဆောင်နိုင်အောင် နိုင်ငံရေးသဘောကိုလဲ ရမယ်အမျိုးမျိုးရှာပြီး ဖက်ဆစ်စံနစ်ဘဲ လုပ်လာရပြီ။ ဥပမာ ဖက်ဆစ်ဆန့်ကျင်ရေး သမားကို အကြောင်းအမျိုးမျိုးဖန်တီးပြီး ဖမ်းဆီးလျက် ရှိသေးခြင်း၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် ဘုရင်ခံ စေ့စပ်ရာတွင် နောက်ဆုံး အဖွဲ့ချုပ်ကြီးက လိုလားသော တင်းပြည့်ယာယီ အမျိုးသားအစိုးရ မပေးငြားသော်လည်း၊ အဖျက်လုပ်ငန်းကို မလုပ်လိုသဖြင့် အဖွဲ့ချုပ်ကြီးက ဘုရင်ခံ တစ်ဦးတည်း အုပ်ချုပ်ရေးကို တိုင်းပြည်သို့ တာဝန်ခံ အုပ်ချုပ်နိုင်သော အစိုးရ သဘော အုပ်ချုပ်စေရန် ကျွန်တော်တို့က လျှော့လျှော့ပေါ့ပေါ့ လုပ်တာတောင် ပရိယာယ် အမျိုးမျိုးသုံးပြီး ဘုရင်ခံသည်ထင်ရာကို လုပ်နေခြင်း၊ စစ်ပြီးသော်လည်း ဗမာပြည်သာကွယ်ရေး ဥပဒေကို မရုပ်သိမ်းသေးခြင်း၊ ချောက်စသော မြို့များတွင် စစ်အုပ်ချုပ်ရေး ရှိသေးခြင်း၊ တနင်္သာရီနယ်ဘက်တွင် ဂျပန်များ လက်နက်ချပြီးပြီဟု သိရသော်လည်း စစ်အုပ်ချုပ်ရေး မရုပ်သိမ်းသေခြင်း၊ ပုလိပ်ထံ ၀န်ခံချက်များကို သက်သေခံအဖြစ် ဥပဒေ ၀င်သည်ဟု ဥပေဒပြောင်းလွဲထားသဖြင့် ဂျပန်ကင်ပေတိုင် စံနစ်အတိုင်းဖြစ်နေခြင်း၊ ထောင်ခြောက်လအထိ ကျနေသော ထောင်ကျ လူများကို အယူခံမရှိဆိုခြင်း… စသော အရာများသည် နိုင်ငံရေး သဘောအရ ဖက်ဆစ်ဝါဒပင်ဖြစ်သည်။ ဂျပန်ဖက်ဆစ်ဝါဒမှာ စစ်ဖက်က အုပ်ချုပ်သော ဖက်ဆစ်ဝါဒဖြစ်၍ ဗြိတိသျှနယ်ချဲ့ဝါဒမှာ ယခုအခါတွင် စီးပွားရေး ဖက်ဆစ်ဝါဒ အသွင်သို့ပြောင်လွဲရန် လွတ်လပ်ရေး ဗန်းပြလျက် နိုင်ငံရေး သံသရာရှည်နိုင်သမျှ ရှည်အောင် ကြိုးစားလျက် နိုင်ငံရေး ဖက်ဆစ်ဝါဒကို ရမယ် အမျိုးမျိုးရှာကာ အသုံးပြုနေလေပြီ။ ဤကိစ္စနှင့် ပတ်သက်၍ ယနေ့တင်ပြမည့် စီးပွားရေးနှင့် ပတ်သက်သော အဆိုး၊ဖြစ်ဒဏ်ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အဆိုများ တင်သွင်းသည့် အခါ ပိုမိုသိရှိနားလည်ကြပါလိမ့်မည်။
ဒုတိယ…. ကျွန်တော်ပြောလိုသော အချက်မှာ ဘုရင်ခံက သော်လည်းကောင်း၊ အချို့သတင်းစာများကသော်လည်းကောင်း ကျွန်ုပ်တို့နှင့် ဘုရင်ခံသဘောကွဲလွဲခြင်းတွင် ပေါ်လစီကြောင့် ကွဲခြင်းမဟုတ်၊ ပုဂ္ဂိုလ်စွဲကွဲခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ဤစကားမှာ လုံးဝမှားသော အချက်ပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့ထုတ်ပြန်ချက်များ၊ စာများ၊ ဆုံးဖြတ်ချက်များကို သတင်းစာတိုက်များအားပေးထားရုံမက ကျွုန်ုပ်တို့ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးဆွေးနွေးချက်များကိုပင် နားထောင်ခွင့်ပြုထားပါလျက် ဤကဲ့သို့ မဟုတ်သော စကားကို ဘုရင်ခံက အင်္ဂလိပ်အစိုးအဖို့ပြောသည်ကို နားလည်နိုင်သော်လည်း အချို့သတင်းစာများက ရေးသားသည်ကို နားမလည်နိုင်အောင်ပင် ဖြစ်ရတော့ကြောင်း။ ကျွန်ုပ်တို့က နေသူရိန်စာချုပ်အရ ဆောင်ရွက်၍ ဘုရင်ခံက သူ့စက္ကူဖြူစာတန်းအရ ဆောင်ရွက်၏ ။ ကျွန်ုပ်တို့က ဘုရင်ခံ တစ်ဦးတည်း အုပ်ချုပ်ရေး အစား အဖွဲ့နှင့် ကာကွယ်နိုင်သော အုပ်ချုပ်ရေးကို တောင်း၍ ဘုရင်ခံက သူထားရာကနေသော တစ်ဦးစီအနေဖြင့် ပါဝင်သော ၀န်ကြီးအဖွဲ့ကိုသာအလိုရှိ၏ ။ ကျွန်ုပ်တို့ ပြုလုပ်ခြင်းကာ ဘုရင်ခံက ဥပဒေအရ အာဏာရှင်စံနစ်သုံးမည့်အရေးကို လုပ်ငန်းစဉ်သဘောတွင် ဒီမိုကရေစီစံနစ်ဖြစ်အောင် လုပ်ချင်၏ ။ ဤအချက်များကို ကြည့်လျှင် ကျွန်ုပ်တို့သည် ဘုရင်ခံနှင့် သဘောကွဲလွဲရာတွင် ပုဂ္ဂိုလ်စွဲ သဘောနှင့်ချည်း ကွဲလွဲခဲ့သည် မဟုတ်။ စံနစ်သဘော၊ ပေါ်လစီ သဘောလည်းကွဲလွဲသည်မှာ ထင်ရှားလှပေသည်။ ၎င်းပြင် ပုဂ္ဂိုလ် နှင့် ပတ်သက်၍ ဂရုမစိုက်ရဆိုသည်မှာ အရာရာတွင် မမှန်၊ တိုင်းပြည်တည်းဟူသော စက်ကြီးကို ထူထောင်ရာ၌ စက်ကလည်း ကောင်းရန်လိုသည်။ စက်မောင်းမည့်သူကလည်း ကောင်းရန်လိုသည်။ ဘုရင်ခံက အကြောင်းမလုံလောက်ဘဲ၊ အချို့ပုဂ္ဂိုလ်များကိုပယ်၏။
ဘာကြောင့် ပယ်သနည်း။ ဤကဲ့သို့ ကျွန်ုပ်တို့ ပြည်သူလွတ်လပ်ရေး အဖွဲ့ချုပ်ကြီးက တညီတညွတ်တည်း လုပ်သည်ကို မရှုဆိတ်နိုင်၍ ပြုလုပ်ခြင်းသာဖြစ်၏ ။ ဘုရင်ခံက အင်္ဂလိပ်ဓနရှင်များ အကျိုးအတွက် ဤကဲ့သို့လုပ်ခြင်းကို နားလည်နိုင်သော်လည်း ဗမာအချို့က ဘုရင်ခံ၏ လေကို ထောက်ခံခြင်းသည် တိုင်းပြည်ညီညွတ်ပြီး လွတ်လပ်ရေး မြန်မြန်ကောင်းကောင်းရမှာစို၍လော ။ ဤကဲ့သို့သော လူမျိုးကို ရာဇ၀င်တည်းဟူသော တရားသူကြီးသည် ကျုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ အကြီးဆုံးသော ရန်သူဟူ၍ ဖျက်မပစ်နိုင်သော အနာရွတ်ထင်အောင် တံဆိပ်ခပ်နှိပ်ပေးဖို့သာ ရှိတော့သည်။ ကျွန်ုပ်တို့အဖို့ကား မည်သို့မှ စိတ်မရှိပေ။ သို့သော် ရာဇ၀င်တည်းဟူသော မညှာတမ်း တရားသူကြီး၏ မဖျက်နိုင်သော အပြစ်ပေးမှုကို ဤကဲ့သို့လူမျိုးများ ရရှိပါက ကျွန်ုပ်တို့နှင့် မသက်ဆိုင်ဘဲ ဘယ်သူမပြုမိမိမှုဆိုသလိုပင် ထိုသူများ၏ အပြစ်သာ ဖြစ်တော့သည်။
တတိယ….  အချို့ပုဂ္ဂိုလ်များက ဘုရင်ခံနှင့်စကားဆိုရာတွင် တင်းလွန်းသည်ဟု ပြောကြရာ တဖက်တွင် ကျွန်တော် အတော်အတန် ရှင်းလင်းပြသခဲ့သည့် အတိုင်း မည်သည့်နေရာတွင် ကျွန်ုပ်တို့တင်းပါသနည်းဟူ၍ ပြောဆိုသော သူများကိုသာ ပြန်လှန်မေးလိုလှပေကြောင်း။ ဤကာ ယခုလက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ် ရှင်းလင်းလိုသည့် အချက်များပင်တည်။
ယခုလက်ရှိ နိုင်ငံရေး အခြေအနေကို သုံးသပ်ပြီးသည့်နောက် ရှေ့နိုင်ငံရေး အလားအလာနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးလိုပေကြောင်း ။ ကမ္ဘာ့နိုင်ငံရေး အလားအလာမှာ ယခုအခါ ကမ္ဘာ့နိုင်ငံ အသီးသီးသည် စစ်ပန်းကျနေချိန်ဖြစ်သဖြင့် တကြောင်း။ မိမိနိုင်ငံ အသီးသီး ပြန်လည်ထူထောင်ရေး အတွက် ကြိုးပမ်းအားထုတ်နေရသည့် အချိန်ဖြစ်သဖြင့် တကြောင်း။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကျိုးချင်းညှိနှိုင်း၍မလုပ်ဘဲ မိမိနိုင်ငံကို ထူထောင်ရန် ခဲယဉ်းနေသော အချိန်အခါဖြစ်ကြောင်း။ အင်္ဂလိပ် အစိုးသည် အလွန်ပင် အင်အားနည်းသော အချိန်အခါဖြစ်၍ ပြဿနာမြောက်မြားစွာနှင့် ရင်ဆိုင်တွေ့နေရသော အချိန်ဖြစ်နေသဖြင့် သူထင်ရာသူလုပ်ခြင်းငှာ မစွမ်းနိုင်၊ ကျွန်ုပ်တို့၏ လွတ်လပ်ရေး လုပ်ငန်းမှာလည်း အင်္ဂလိပ် အစိုးရ ဖုံးဖိမထားနိုင်အောင် ကမ္ဘာက သိခဲ့ပြီးလေပြီ။  မည်သည့်တိုင်းပြည်၏ ပြဿနာမဆို ကမ္ဘာ့ပြဿနာ အထိဆိုက်ရောက်နိုင်သော အချိန်အခါမျိုးတွင် ဗမာပြည်သူပြည်သားများသည် မိမိတို့ လွတ်လပ်ရေး လုပ်ငန်းများတွင် မိမိတို့ချည်းမဟုတ်ဘဲ ကမ္ဘာ့နှင့် အ၀ှန်းမှ ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို လိုလားသော အင်္ဂလိပ်လူထုကြီးအပါအ၀င် ကမ္ဘာသူ ကမ္ဘာသား လူထုကြီးများနှင့် အထူးသဖြင့် ကျွန်နိုင်ငံ ဖြစ်နေကြသော လူမျိုးများ ကျွန်ုပ်တို့ အာရှတိုက်များတို့သည် သွေးစည်းနိုင်သမျှ သွေးစည်း၍ဆောင်ရွက်က ပိုမိုထိရောက်စွာ အောင်မြင်နိုင်မည်မှာ အထူးရှင်းလင်းပြောပြစရာ မလိုပေ။
သို့ဖြစ်ရကာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လွတ်လပ်ရေးကို အေးဆေးသောနည်းဖြင့် ရနိုင်ရန် ကမ္ဘာတွင် ၀ါဒဖြန့်ခြင်း ဘိလပ် အစိုးရနှင့် တိုင်းသူပြည်သာများအား ဗမာပြည်လက်ရှိ အခြေအနေမှန်ကို အတိအကျ သိစေရန်နှင့် ကျွန်ုပ်တို့၏ လိုလားချက်များကို ထောက်ခံလာစေရန် ကိုယ်စာလှယ်များစေလွှတ်၍ ဆောင်ရွက်စေခြင်း ကျွန်ုပ်စတင်အကြံဥာဏ်ပေးခဲ့၍ အိန္ဒိယနိုင်ငံ ကွန်ဂရက် ဥက္ကဌစသော ပုဂ္ဂိုလ်များကထောက်ခံသော အာရှတိုက်ပေါ့စဒန် အစည်းအဝေးကြီးကို အမြန်ခေါ်နိုင်ရန် ကြိုးစားပြီးလျှင် ကျွန်ုပ်တို့အချင်းချင်း ကျွန်ုပ်တို့ နိုင်ငံအသီးသီး လွတ်လပ်ရေးနှင့် ကောင်းစားရေးများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်ကြိုးစားခြင်း အစရှိသော လုပ်ငန်းများကို ပူပေါင်းဆောင်ရွက်ရန်လိုပေလိမ့်မည်။ ကျွန်ုပ်တို့နိုင်ငံအတွင်း၌လည်း ယခုရရှိပြီး ညီညွတ်ရေးကို ခိုင်မာသည်ထက် ခိုင်မာစေရန်ကြိုးစားရပေမည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် ဒီဇင်ဘာလအတွင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီးကို ခေါ်ဆိုထားပေသည်။ ၎င်းပြင် ကျွန်ုပ်တို့တိုင်းပြည်၏ ဆန္ဒနှင့် သဘောကို အလျင်အမြန်ပြနိုင်သော တိုင်းပြုနိုင်ငံပြုလွှတ်တော်ကြီး အတွက် ရွေးကောက်ပွဲကို အလျင်အမြန် ခေါ်ဆိုစေရန် အနယ်နယ် အရပ်ရပ်တွင် ယခုကဲ့သို့ ပြည်သူ့အစည်းအဝေးများခေါ်ဆိုပြီးလျှင် ယနေ့ ကျွန်ုပ်တို့ ဆုံးဖြတ်သည့် အတိုင်း လိုက်နာဆုံးဖြတ်ပြီးလျှင် ဘုရင်ခံနှင့်တကွ ဗမာပြည်အစိုးရ ဘိလပ်အစိုးရ ကမ္ဘာအရပ်ရပ်သို့ သိရှိရန်ပေးပို့ခြင်း၊ ထိုကဲ့သို့ရွေးကောက်ပွဲပြုလုပ်မည့် အရေးတွင် အင်္ဂလိပ်အစိုးက ရက်မဆွဲနိုင်အောင် မဲစာရင်းပြုလုပ်ခြင်းစသော ရွေးကောက်ပွဲ ပြင်ဆင်ရေး လုပ်ငန်းအရပ်ရပ်တွင် ကျွန်ုပ်တို့တိုင်းသူ ပြည်သားများက အဖွဲ့ချုပ်ကြီး၏ ညွှန်ကြားချက်အတိုင်း ၀င်ရောက်ကူညီခြင်း ပြုလုပ်လိုပေလိမ့်မည်။
ထိုကဲ့သို့ တရားသဖြင့် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို တရားသဖြင့် ဆောင်ရွက်ရာတွင် ကျွုန်ုပ်တို့သည် အေးဆေးစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အေးဆေးစွာ ဆောက်ရွက်လိုသည့် အကြောင်းမှာလည်း စစ်ဒုက္ခ အမျိုးမျိုးကျရောက်ခဲ့သော ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို ထောက်ထားညှာတာသဖြင့်သာ ဖြစ်ကြောင်း၊ ကြောက်ရွံ့၍ မဟုတ်ကြောင်း ရှင်းလင်းစွာ သိစေလိုပေကြောင်း။ သို့သော် ကျွုန်ုပ်တို့နိုင်ငံအတွင်း အေးဆေးစွာ ကျွန်ုပ်တို့ အလိုရှိသော လွတ်လပ်ရေးသို့ နိုင်ငံရေးပြောင်းလွဲတိုးတက်မှုသည် ကျွန်ုပ်တို့ နိုင်ငံရေးခေါင်းဆောင်များအပေါ်၌သာ တာဝန်ရှိရုံမဟုတ်ဘဲ ၊ အင်္ဂလိပ်အစိုးရ နှင့်တကွ ၎င်းတို့နောက်ပါ အခြွေအရံတို့အပေါ်တွင်လည်း တာဝန်ရှိပေသည်။ ကျွန်ုပ်တို့ အေးဆေးစွာ လုပ်ကိုင်ခြင်းကို အင်္ဂလိပ် အစိုးရပိုင်းက အနှောက်အယှက် အမျိုးမျိုးပြုလုပ်လျှင် ကျွန်ုပ်တို့၏ အပြစ်မဟုတ်ဘဲ အင်္ဂလိပ်အစိုးရ၏ အပြစ်သာဖြစ်မည် ဖြစ်ကြောင်း၊ ယခုကပင် ကြိုတင်သတိပေးရပေကြောင်း။ ယခုအခါ အစိုးရပိုင်းမှ ၎င်း၊ ၎င်းတို့နှင့် မကင်းရာမကင်းကြောင်းလူများမှ၎င်း မဟုတ်သတင်းများကို လူအများချောက်ခြားအောင် လွှင့်နေပေကြောင်းကို တိတိလင်းလင်းကြေညာလိုပေကြောင်း။ ဘုရင်ခံမှ အစပြုသော အင်္ဂလိပ်အရာရှိများသည် ရွေးကောက်ပွဲကို လွတ်လပ်စွာ မလုပ်နိုင်သလို ပြောဆိုနေပေကြောင်း။ ကျွန်ုပ်တို့ကလည်း အခြိမ်းအခြောက် အနှောက်အယှက် အမျိုးမျိုးမှ ကင်လွတ်သော ရွေးကောက်ပွဲကို အလိုရှိသည်ဖြစ်ရာ အင်္ဂလိပ် အစိုးရသက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကျွန်ုပ်တို့ပါ ရှင်းလင်းစွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာနိုင်ငံပေါင်းစုံ အသင်းကြီးမှ ကိုယ်စာလှယ်အဖွဲ့ကြီးကို ဖိတ်ခေါ်၍ ကျွန်ုပ်တို့ ဗမာနိုင်ငံတွင် ရွေးကောက်ပွဲကို ကြည့်ကြပ်စီမံစေကာ အားလုံးအဖို့ ကျေနပ်စရာဖြစ်နိုင်ကြောင်း၊ ထိုကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာ၏ အစစ်အဆေးကို ခံရန် အသင့်ရှိသည့်အပြင် ထိုကမ္ဘာ့အစစ်အဆေးအရ လွတ်လပ်သော ရွေးကောက်ပွဲကို အမြန်ကျင်းပလော့ဟု ဗြိတိသျှ အစိုးရအား အရေးဆိုလိုက်ပေကြောင်း။
နိဂုံးမချုပ်မီ တိုင်းသူပြည်သားအပေါင်းအား အထူးသဖြင့် ကျွန်ုပ်တို့နှင့် စိတ်တူကိုယ်ပါ ဆောင်ရွက်နေသူအပေါင်းတို့အား သတိပေးလိုသည်မှာ ကျွန်ုပ်တို့၏ ရန်သူများသည် ကျွန်ုပ်တို့လမ်းမှားစေရန် အစည်းအဝေးများတွင်၎င်း၊ စီတန်းလမ်းလျှောက်ရာတွင်၎င်း၊ ကျွန်ုပ်တို့အဖွဲ့အစည်းများတွင်၎င်း သူလျှိုဒလန်များသွင်း၍ တာဝန်ရှိသော ခေါင်းဆောင်မှုကို ပယ်ကာ လူအများ အထင်ကြီးအောင် ပရိယာယ်အမျိုးမျိုး အသုံးပြုပေလိမ့်မည်။ ဗမာကုလား အဓိကရုဏ်းများ ၊ ဆူပူခြင်း အမျိုးမျိုးအသုံးပြုပေလိမ့်မည်။ ဗမာကုလားအဓိကရုဏ်းများ၊ ဗမာကရင် အဓိကရုဏ်းစသော လူမျိုးရေး အဓိကရုဏ်းများကို ဖြစ်စေရန် သတင်းအမျိုးမျိုးလွှင့်ခြင်းဖြင့်၎င်း၊ ပရိယာယ် အမျိုးမျိုးဆင်ခြင်းဖြင့်၎င်း လှုံ့ဆော်ပေလိမ့်မည်။ ၎င်းအပြင် မဟုတ်မမှန် လုပ်ကြံသော သတင်းများကို ရွေးကောက်ပွဲနီးချိန်တွင် အနှံ့အပြားရိုက်ဝေခြင်း၊ အရေးပါ အရာရောက်မည်ဟု ထင်ရသော ပုဂ္ဂိုလ်များကို မှန်ကန်ရာ မဲမပေးဝံအောင် နိုင်ရာမှ ကိုင်၍ အမျိုးမျိုးခြိမ်းခြောက်ခြင်းစသည်တို့ကို ပြုလုပ်ကောင်း ပြုလုပ်ပေလိမ့်မည်။ ဤကိစ္စမျိုးနှင့် ပတ်သက်၍ တိုင်းသူပြည်သားအပေါင်းတို့သည် လမ်းမမှားကြရန် ယခုကပင် ကျွန်ုပ်တို့သည် တသီးတခြား ညွှန်ကြားချက်များကို ထပ်မံထုတ်ပြန်ဦးမည်ဖြစ်ကြောင်း။
တိုင်းသူပြည်သားအပေါင်းအား ဘာသတင်းကြားကြား အရမ်းမယုံပါနှင့်၊ အရမ်းမကြောက်ပါနှင့်၊ အရမ်းမလန့်ပါနှင့်၊ အရမ်းမလုပ်ပါနှင့် ဘယ်အခါမဆို သတိဝိရိယကြီးစွာထားပြီး အမှုဆင်မခံရအောင် နေ့စဉ် မိမိနေထိုင်ပြောဆိုပုံနှင့် တကွ တွေ့ဆုံသော လူအပေါင်း၏ မှတ်တမ်းများကို သေချာစွာ မှတ်သား ထားပြီးလျှင် အပြစ်လွတ်အောင် စီစဉ်ထားကြရန် ကျွန်တော်တိုက်တွန်း နှိုင်းဆော်ခဲ့ပါကြောင်း။  

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ